အမေရိကန်လူမျိုးတစ်ယောက်ဟာ တစ်နေ့ကို မိုက်ခရိုအရွယ် ပလတ်စတစ်အစ သေးသေးကွေးကွေး ၂၀၀ လောက်ကို စားမြိုနေမိကြပါတယ်တဲ့။ Journal Environmental Science & Technology ရဲ့ ဖော်ပြချက်ဟာ အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။
အမေရိကန်လူမျိုးတစ်ယောက်ဟာ တစ်နေ့ကို မိုက်ခရိုအရွယ် ပလတ်စတစ်အစ သေးသေးကွေးကွေး ၂၀၀ လောက်ကို စားမြိုနေမိကြပါတယ်တဲ့။ Journal Environmental Science & Technology ရဲ့ ဖော်ပြချက်ဟာ အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်ဖြစ်ပါတယ်။
မိုက်ခရိုပလတ်စတစ်စ အများစုဟာ ရေချိုးခန်းသုံးပစ္စည်းတွေ၊ ရေတွေ၊ အဖျော်ယမကာတွေ၊ အစားအစာတွေ၊ လေထုနဲ့ ကိုင်တွယ်ထိတွေ့နေတဲ့ ပလတ်စတစ်အသုံးပြုထားတဲ့ ပစ္စည်းပစ္စယတွေကနေတဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်နေတော့တာပေါ့။
ပလတ်စတစ်ကို ကိုယ်တိုင်တော့ ကိုက်မစားပါဘူး။ ဒါပေမယ့် သေးငယ်လှတဲ့ မိုက်ခရိုပလတ်စတစ်တွေဟာ မထင်မှတ်ထားတဲ့ နည်းလမ်းတွေကနေတဆင့် ပါးစပ်ထဲကို ဝင်သွားတတ်ကြတာပါ။ မိုက်ခရိုပလတ်စတစ်ဆိုတာက ဆံချည်မျှင်ထက် သေးငယ်တဲ့ အမှုန်အမွှားတွေကိုဆိုလိုတာပါ။
ဒီလို မိုက်ခရိုပလတ်စတစ်အစလေးတွေ (Microplastics) ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ အကျိုးမရှိစေနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုသာ ဖြစ်စေတာပါ။
ပါးစပ်ထဲဝင်သွားတာတွေကို အသာထား၊ ပုံမှန်ကိုင်တွယ် အသုံးပြုနေတဲ့ ပလတ်စတစ်တွေက နေထွက်ရှိလာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကိုတောင် လူတွေရဲ့ သွေးကြောနဲ့ တစ်ရှူးတွေမှာ စမ်းသပ်တွေ့ရှိနိုင်ပါတယ်။
ဒီပစ္စည်းတွေက ပလတ်စတစ်ရေသန့်ဘူးတွေ၊ ပလတ်စတစ်အိတ်တွေနဲ့ ပူနေတဲ့ စားစရာတွေကို ပလတ်စတစ်ဘူးတွေ ခွက်တွေနဲ့ သယ်ဆောင်စဉ်မှာ စိမ့်ထွက်လာတဲ့ဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာပါ။
ဒီလိုအဆိပ်အတောက်တွေကြောင့် ကင်ဆာရောဂါ၊ မွေးရာပါချို့တဲ့မှုတွေ၊ ကိုယ်လက်အင်္ဂါမစုံမှုတွေ၊ ကိုယ်ခံအားကျဆင်းမှုတွေ၊ ဟော်မုန်းဆိုင်ရာပျက်စီးမှုတွေနဲ့ အစာလမ်းကြောင်းတလျှောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒီအတိုင်းပြင်ပကနေ သက်ရောက်တဲ့ ပလတ်စတစ်တွေကတောင် ဒီလောက် ဒုက္ခပေးနေရင် မတော်တဆ ပါးစပ်ထဲဝင်သွားတဲ့ ပလတ်စတစ်အမှုန်အမွှားတွေဆိုရင် ဘယ်လောက်တောင် ဆိုးရွားနေလိုက်မလဲ။
လေ့လာချက်တွေအရဆိုရင်တော့ မျိုချမိတဲ့ မိုက်ခရိုပလတ်စတစ်စတွေကြောင့် ဟိုမုန်းပြောင်းလဲစေတာ၊ အဝလွန်တာ၊ အဆုတ်ပျက်စီးတာနဲ့ မျိုးပွားမှုကို ထိခိုက်စေတာမျိုးတွေဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
သုတေသနပေါင်း ၂၆ ခုရဲ့ ရလဒ်တွေအရ လူတွေ မိုက်ခရိုပလတ်စတစ်စတွေကို အများဆုံး ဝါးမျိုဖြစ်စေတဲ့ အကြောင်းအရင်းက လူကြိုက်များတဲ့ အစားအစာတွေကြောင့်လို့ဆိုပါတယ်။
ပင်လယ်စာတွေ၊ ဆား၊ သကြား၊ ပျားရည်၊ ဘီယာ၊ ကော်ဖီ၊ အရက်နဲ့ ရေတို့လိုအရာတွေကနေ အများဆုံး ရောနှောဝင်ရောက်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတိထားမိကြမလားတော့ မသိဘူး၊ ရယ်ဒီမိတ်ကော်ဖီတွေ သောက်တဲ့အခါတိုင်း အောက်ခြေမှာ ပလတ်စတစ်ဖျော်ရည်လို အနှစ်ပျစ်ချွဲချွဲတွေ ကျန်နေတတ်တာမျိုးကိုပေါ့။
ဒါ့အပြင် လေထုထဲမှာ ပြန့်နှံ့နေတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကလည်း ခုလိုဖြစ်စေတဲ့ နောက်ထပ် အရေးပါတဲ့ အကြောင်းအရင်းတစ်ခုလို့ဆိုပါတယ်။ ပုံမှန်အားဖြင့် လေထုထဲကနေ ခုလိုရှူရှိုက်မိနိုင်တာမှန်ပေမယ့် အစားအသောက်တွေကနေ ထပ်ပေါင်းဝင်လတာတွေနဲ့ပါ ပေါင်းစပ်လိုက်တဲ့အခါ အန္တရာယ်ရှိတဲ့ ပမာဏမျိုးဖြစ်လာတော့တာပါပဲ။
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အစားအသောက်တွေကနေတဆင့် တစ်နှစ်ကို မိုက်ခရိုပလတ်စတစ်စ ၉၈၀၀၀ နဲ့ ၁၂၁၀၀၀ အကြား ဝင်ရောက်နေကြတယ်ဆိုတဲ့ အချက်ဟာ အင်မတန် ထိတ်လန့်ဖွယ် အချက်အလက်တစ်ခုဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ သဘာဝထုတ်ကုန်တွေကို ပိုမိုမှီဝဲဖို့နဲ့ မိမိပတ်ဝန်းကျင်မှ ပလတ်စတစ်ထုတ်ကုန်တွေ အသုံးပြုမှုတွေ အသုံးပြုတာကို လျှော့ချဖို့ တိုက်တွန်းနေကြပါတယ်။
မိမိတို့ကိုယ်တိုင်ရော ပလတ်စတစ်တွေကို ဘယ်လောက်တောင် စားသုံးနေမိပြီလဲ။ ခုချိန်ဟာ နေထိုင်စားသောက်ပုံတွေကို စတင်ပြင်ဆင်ရတော့မယ့် အချိန်ပါပဲ။ မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပလတ်စတစ်အသုံးပြုမှုကို လျှော့ချပြီး ပလတ်စတစ်ပါဝင်နေတတ်တဲ့ အသင့်အစားအစားအစာတွေကိုလည်း ရှောင်ကျဉ်ကြဖို့ တိုက်တွန်းချင်ပါရဲ့။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
https://www.businessinsider.com/eating-microplastic-potential-health-effects-2019-6
https://www.washingtonpost.com/health/youre-literally-eating-microplastics-how-you-can-cut-down-exposure-to-them/2019/10/04/22ebdfb6-e17a-11e9-8dc8-498eabc129a0_story.html
ယခုပုံစံ
30/06/2022
Ye Zon Aung မှ ရေးသားသည်။
Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။