brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးက သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အရက်ကြောင့် ထိခိုက်မှုက ကျား/ မ တန်းတူ အခွင့်အရေး မပေးထားဘူးဆိုတာကိုတော့ မသိသေးဘူးဟုတ်။ ဒါဆိုရင်တော့ အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ ကို လေ့လာလိုက် ရအောင်နော်။ 

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတဲ့ အမျိုးသမီးတွေ အရက်သောက်သုံးမှု

ယခင်က အမျိုးသမီးတွေ အရက်သောက်သုံးတယ်ဆိုတာက ရှားတောင့် ရှားခဲ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အရက်သောက်သုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ စစ်တမ်းတွေအရ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေရဲ့ ၁၀၀ မှာ ၁၃ ယောက်လောက်က ပုံမှန်လိုလို အရက် အပါအဝင် အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို သောက်ကြပါတယ်။ ၂၅ ရာခိုင်နှုန်းလောက်ကတော့ တစ်ခါတရံမှာ အရက်သောက်တာမျိုးတွေ ရှိကြပါတယ်။ 

အမျိုးသမီးတွေရဲ့ အရက်သောက်သုံးမှုနှုန်းက တစ်နေ့ထက် တစ်နေ့ကို ပိုများလာပြီး အသက် ၁၈ နှစ် ကနေ ၄၄ နှစ်ကြား အမျိုးသမီးတွေအကြား အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို စိတ်အပန်းဖြေဖို့အတွက် သောက်စရာ တစ်မျိုးအဖြစ် တွင်တွင်ကျယ်ကျယ် သောက်သုံးလာကြပါတယ်။

အချို့ အမျိုးသမီးငယ်လေးတွေမှာဆိုရင်တော့ အရွယ်ငယ်ငယ်နဲ့ အရက်သောက်သုံးမိပြီး အရက်စွဲကြတာမျိုးတွေ ရှိကြပါတယ်။ 

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

အရက် အလွန်အကျွံသောက်သုံးတာက အမျိုးသားကိုရော အမျိုးသမီးကိုပါ ထိခိုက်စေနိုင်တယ်ဆိုပေမယ့် အရက်ကြောင့် ထိခိုက်မှုက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ အကြောင်းကတော့ အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ် ဖွဲ့စည်းပုံ ကွာခြားတာကြောင့်လည်း ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အရက်ကို စုပ်ယူနိုင်စွမ်း ပိုမြင့်ပြီး ခန္ဓာကိုယ်က အရက်ကို ချေဖျက်ဖို့လည်း အချိန် ပိုမိုယူကြရပါတယ်။ 

နောက်တစ်ချက်က အမျိုးသားနဲ့ အမျိုးသမီးတို့အနေနဲ့ အရက်ပမာဏ အတူတူကို သောက်လိုက်တယ် ဆိုရင်တောင်မှ သွေးတွင်းအယ်လ်ကိုဟော ပမာဏက အမျိုးသားတွေထက် ပိုမြင့်နေတတ်ပါတယ်။ အဖြေထုတ်ကြည့်ရင်တော့ အမျိုးသမီးတွေမှာ ကြွက်သားထုထည်ကနဲ့ ရေဓာတ်က အမျိုးသားတွေထက် နည်းတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါတွေတင် မပြီးသေးပါဘူး အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေထက် အရက်နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ခြေကလည်း ပိုများနေပါတယ်။ အရက်သောက်ပြီး ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ခံစားရနိုင်ခြေကလည်း အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုများနေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ 

အရက်သောက်တာကြောင့် ဘာတွေ ထိခိုက်စေနိုင်သလဲ!

အရက်သောက်တာကြောင့် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဘာတွေများလဲ ဆိုတော့ – 

  • အသည်းရောဂါ – အရက်သောက်တာက အသည်းထိခိုက်နိုင်ခြေကလည်း အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ အသည်းခြောက်တာ၊ အသည်း အဆီဖုံးတာမျိုးတွေပေါ့။
  • ဦးနှောက်ထိခိုက်တာ – အရက်ကြောင့် ဦးနှောက် ကျုံ့တာ၊ သိမြင်နိုင်စွမ်း ကျဆင်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို အရက်ကြောင့် ဦးနှောက် ပျက်စီးမှုကလည်း အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမြန်ဆန်ပါတယ်။
  • နှလုံး ထိခိုက်တာ – အရက် အလွန်အကျွံ သောက်သုံးတာက နှလုံး ကြွက်သားပုပ်တာ၊ နှလုံး ကြွက်သား ထိခိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။
  • ရင်သား ကင်ဆာနဲ့ အခြားသော ကင်ဆာများ – အရက်သောက်သုံးတာက ပါးစောင်ကင်ဆာ၊ လည်ချောင်း ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အသည်းနဲ့ အူမကြီး ကင်ဆာတွေကို ခံစားရနိုင်ပါတယ်။ အရက်ကို အလွန်အကျွံ မဟုတ်ဘဲ နည်းနည်းပဲ သောက်သုံးရင်တောင်မှ ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ 
  • လိင်အကြမ်းဖက်ခံရတာ – အမျိုးသမီးတွေ အနေနဲ့ အရက်ကို အလွန်အကျွံ သောက်သုံးတာက သတိကင်းမဲ့စေပြီး လိင်အကြမ်းဖက်ခံရနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာလည်း အရက်နဲ့ ကင်းကင်းနေပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်တာက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သုံးမိတာက နည်းနည်းပဲ သောက်မိမယ်ဆိုရင်တောင်မှ – 

  • ကလေးမှာ fetal alcohol spectrum disorders (FASD) ဖြစ်နိုင်ခြေ များနေမယ်
  • ကလေးမှာ ဉာဏ်ရည်ချို့ယွင်းတာမျိုး ဖြစ်နိုင်မယ်
  • ကလေးက မသန်စွမ်းတာမျိုး ဖြစ်နိုင်မယ်
  • ကိုယ်ဝန်ပျက်ကျတာ
  • ကလေးအသေမွေးတာ
  • လမစေ့ဘဲ မွေးဖွားတာ
  • မွေးကင်းစကလေး ရုတ်တရက် သေဆုံးတာလိုမျိုး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။ 

အရက်သောက်တာက အမျိုးသားရော အမျိုးသမီး ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အမျိုးသမီးတွေမှာ ထိခိုက်မှုက ပိုများတယ်ဆိုတာကို သတိရစေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြလိုက်ရပါတယ်။ 

>> ခန္ဓာကိုယ်အတွက် အသည်း ဘယ်လို အလုပ်လုပ်သလဲ! <<

# အသည်းကျန်းမာရေး ဂရုစိုက်ဖို့ လိုနေပြီလား ကိုယ်တိုင် စစ်ဆေးလိုက်ပါ

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/03/2024 ဖြစ်ပါသည်။