backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy)

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy)

Sclerotherapy ဆိုတာကြားဖူးပါသလား။ ထိုကုသမှုဟာ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်း (သွေးကြောထုံး)တို့ကို ကုသရာမှာအကောင်းဆုံးနည်းဖြစ်တယ်။ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်းတွေဟာ နာကျင်မှုတွေ၊ နေထိုင်ရမသက်သာခြင်းတွေနဲ့ သွေးလှည့်အဖွဲ့အစည်းပြဿနာတွေပါ ဖြစ်စေနိုင်တယ်။ Sclerotherapy နဲ့ပတ်သတ်တဲ့ အခြေအခံအချက်လေးတွေကို လေ့လာကြည့်ရအောင်။

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကိုဘာအတွက်သုံးလဲ

ဒီကုထုံးကို သွေးပြန်ကြောများဖောင်းခြင်း ကျယ်ခြင်းတွေကို ကုသဖို့အတွက်သုံးပါတယ်။ လက္ခဏာတွေကိုသက်သာစေနိုင်တယ်။

• ကျယ်နေ ၊ ဖောင်းနေတဲ့ သွေးပြန်ကြောတွေကိုပျောက်သွားစေတယ်၊

• ထိုသွေးပြန်ကြောတွေကြောင့် ပေါ်နေသောအရေပြားပေါ်မှ အခြေအနေကိုသက်သာစေကာ တဖြေးဖြေးပုံမှန်ပြန်ဖြစ်သွားစေနိုင်တယ်၊

• နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ပါတယ်။

သင် သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကုထုံးကို ခံယူနိုင်သလား

ဒီကုထုံးက အန္တရာယ်နည်းတဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် မခံယူနိုင်မယ့် အခြေအနေတချို့လည်းရှိပါတယ်။ ယူသင့် မယူသင့်ကို ဆရာဝန်နဲ့အရင်ဆွေးနွေးကြည့်ပါ။ တကယ်လို့ ကိုယ်ဝန်ရှိနေရင် မခံယူနိုင်သလို၊ အရင်က သွေးခဲမှုပြဿနာရှိဖူးပါကလည်း ခံယူသင့်မယူသင့်က သင့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပါလိမ့်မယ်။

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ဘယ်လိုလုပ်သလဲ

ခြေထောက်တွေကို မြှင့်ထားပြီး ကုတင်ပေါ်မှာလှဲနေရပါမယ်။ ဆရာဝန်က အပ်ထိုးမယ့်နေရာမှ အရေပြားကိုအရက်ပျံနဲ့သန့်စင်ပြီး ဆားရည် (Saline) သို့မဟုတ် ဓါတုဆေးရည်တစ်မျိုးကို ပျက်စီးနေတဲ့သွေးပြန်ကြောထဲထိုးသွင်းပါမယ်။ ထိုဆေးရည်က သွေးကြောနံရံများပေါ်သက်ရောက်ပြီး သွေးစီးကြောင်းကိုတားဆီးလိုက်ပါတယ်။ ထို့နောက် ထိုထိခိုက်နေတဲ့သွေးကြောထုံးမှ အမာရွတ်အဖြစ်ပြောင်းသွားကာ တဖြည်းဖြည်းပိတ်ဆို့ပျောက်ကွယ်သွားပြီး သွေးတွေက အခြားကျန်းမာသော သွေးကြောအကောင်းတွေဆီကို စီးဆင်းသွားပါလိမ့်မယ်။

အနည်းငယ်နာနိုင်ပေမယ့် အရမ်းနာလာရင်တော့ ဆရာဝန်ကိုပြောနိုင်ပါတယ်။ ထိခိုက်နေတဲ့သွေးပြန်ကြော အခြေအနေနဲ့ အရွယ်အစားပေါ်မူတည်ပြီး တစ်ကြိမ်မကထိုးရနိုင်ပါတယ်။

ရလဒ်

သွေးကြောထုံးကသေးငယ်ပါက ၆ ပတ်အတွင်း ရလဒ်ကိုတွေ့ရနိုင်ပြီး သွေးကြောထုံးကြီးပါက ၃ ၊ ၄ လလောက်စောင့်ရနိုင်ပါတယ်။ တစ်ကြိမ်ကုသပြီးသော သွေးပြန်ကြောမှ နောက်တစ်ခါထပ်မဖြစ်တတ်ပါဘူး။ ဒါပေမယ့် နောက်ထပ်အခြားသွေးပြန်ကြောတွေကတော့ ကျယ်နိုင်၊ ဖောင်းနိုင်ပါတယ်။

မိမိကုသမှုအဆင်ပြေလားသိဖို့ လစဉ်ဆရာဝန်ပြန်ပြသင့်ပါတယ်။

ဖြစ်နိုင်ချေရှိသောဆိုးကျိုးများ

အခြားဆေးကုသမှုများကဲ့သို့ Sclerotherapy သွေးကြောထုံးကုထုံးမှာလည်း ဘေးထွက်ဆိုးကျိုးအချို့ရှိပါတယ်။ ထိုဆိုးကျိုးများက မပြင်းထန်ဘဲ ရက်အနည်းငယ်သာကြာတာဖြစ်နိုင်သလို ပြင်းထန်ပြီး ကုသဖို့လိုတာလည်းဖြစ်နိုင်တယ်။

ယာယီဘေးထွက်ဆိုးကျိုးများ

ဒီဘေးထွက်ဆိုးကျိုးတွေကတော့ ကုသဖို့မလိုပါဘူး

• အရေပြားအရောင်ပြောင်းခြင်း

• ယားယံခြင်း

• နီရဲခြင်း

• အမည်းစက်များထွက်ခြင်း၊ အသားရောင်ညစ်ခြင်း

ရက်အနည်းငယ် လအနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ တခါတလေတော့ နှစ်အနည်းငယ်ထိကြာနိုင်တယ်။

ကုသရန်လိုသောဘေးထွက်ဆိုးကျိုးများ

အောက်ပါ ဆိုးကျိုးတွေရရင်တော့ ကုသဖို့လိုပါပြီ။

• ဓါတ်မတည့်ခြင်း- တချို့အခါတွေမှာ ထိုးသွင်းရမည့်ဆေးနဲ့ ဓါတ်မတည့်တာဖြစ်နိုင်ပါတယ်

• သွေးခဲခြင်း-သွေးကြောထဲမှာ သွေးခဲဖြစ်ပေါ်လာပြီး ဖယ်ထုတ်ရနိုင်ပါတယ်

• လေပူဖောင်းထခြင်း- သွေးထဲမှာလေပူပေါင်းထစေပြီး ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်းများ ဖြစ်စေနိုင်ပါတယ်။

• ရောင်ရမ်းခြင်း- ထိုးသွင်းတဲ့နေရာမှာ ရောင်ရမ်းခြင်း၊ သက်တောင့်သက်သာမရှိခြင်းများ ဖြစ်နိုင်ပါတယ်။

ထိုအခြေအနေတွေမှာတော့ ဆေးကုသမှုခံယူသင့်ပါတယ်။

သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကို သွေးကြောဖောင်းခြင်း ကျယ်ခြင်း (သွေးကြောထုံး)အတွက် နှစ်ပေါင်းများစွာကြာအောင် အသုံးပြုလာခဲ့ကြပြီးဖြစ်တယ်။ ကုသပြီးတာနဲ့ အိမ်ပြန်လို့ရနိုင်တဲ့ အန္တရာယ်နည်းသော ကုသမှုမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုခံယူအပြီးမှာ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ နေရောင်ထိခြင်းများ ရှောင်ကြဉ်ရပါမယ်။ အချက်အလက်အတိအကျအတွက် ဆရာဝန်နဲ့ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Sclerotherapy for Varicose and Spider Veins. http://www.webmd.com/skin-problems-and-treatments/cosmetic-procedures-sclerotherapy#2-5. Accessed March 13, 2017.
  2. Skin and Sclerotherapy. http://www.webmd.com/skin-problems-and-treatments/sclerotherapy#1. Accessed March 13, 2017.
  3. http://www.mayoclinic.org/tests-procedures/sclerotherapy/home/ovc-20167803. Accessed March 13, 2017.
  4. Varicose veins. http://www.mayoclinic.org/diseases-conditions/varicose-veins/home/ovc-20178078. Accessed March 13, 2017.
  5. Varicose vein – noninvasive treatment. https://medlineplus.gov/ency/article/007395.htm. Accessed March 13, 2017.

ယခုပုံစံ

12/05/2020

Dr.Aye Myat Myat Noe မှ ရေးသားသည်။

avatar

Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement