backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးကြောထုံးရောဂါအကြောင်း သိကောင်းစရာများ


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးကြောထုံးရောဂါအကြောင်း သိကောင်းစရာများ

သွေးကြောထုံးခြင်းဆိုတာဘာလဲ

သွေးပြန်ကြောတွေဟာဖောင်းပြီး ကြီးမားကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။

တခြားလက္ခဏာတွေကတော့

  • ခြေထောက်ဟာနာကျင်လေးလံပြီးသက်တောင့်သက်သာမရှိခြင်း
  • ခြေဖမိုးနှင့် ခြေဆစ်များရောင်ရမ်းခြင်း
  • ခြေထောက်ကြွက်တက်ခြင်း
  • ခြေထောက်ရှိအသားအရေခြောက်သွေ့ပြီးအရောင်ပြောင်းလဲခြင်း

သင့်ရဲ့ဆရာဝန်ဟာ ဒီလက္ခဏာတွေပေါ် အခြေခံပြီးသွေးပြန်ကြောရောင်ခြင်းကိုရောဂါအတည်ပြုပါတယ်။ တခြားစစ်ဆေးမှုအချို့လည်းလုပ်ပါသေးတယ်။

သွေးကြောထုံးရောဂါကိုဘာတွေက ဖြစ်စေသလဲ

သွေးပြန်ကြောတွေအတွင်းမှာရှိတဲ့ အဆို့ရှင်လေးတွေ ကောင်းစွာအလုပ်မလုပ်တော့ရင် ဖြစ်တတ်ပါတယ်။ ကောင်းမွန်တဲ့သွေးပြန်ကြောထဲမှာသွေးဟာ နှလုံးဆီကိုချောမွေ့စွာစီးဆင်းပါတယ်။ ဒီလိုစီးရာမှာသွေးကိုနောက်ကြောင်းပြန်မစီးအောင် အဆို့ရှင်လေးတွေဟာအပိတ်အဖွင့် လုပ်ပေးပါတယ်။

အဆို့ရှင်လေးတွေ အားနည်းသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ သွေးဟာနောက်ဘက်ကို ပြန်စီးဆင်းပြီးသွေးပြန်ကြောထဲမှာစုအိုင်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သွေးပြန်ကြောဟာဖောင်းပြီး ကြီးလာပါတယ်။

တချို့ကိစ္စတွေဟာသွေးပြန်ကြောထုံးခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။

  • ကိုယ်ဝန်ရှိခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • အသက်ကြီးခြင်းစတာတွေ ဖြစ်ပါတယ်။

သွေးကြောထုံးရောဂါ ကိုဘယ်လိုကာကွယ်နိုင်လဲ

သွေးကြောထုံးမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားအောင်တော့ကာကွယ်နိုင်ပါတယ်။ သွေးပြန်ကြောထုံးခြင်း ဖြစ်စဉ်ကို နှောင့်နှေးအောင် ကြိုးစားလို့လည်းရပါတယ်။ အနားယူခြင်းမရှိဘဲ ကြာရှည်စွာထိုင်ခြင်း၊ ရပ်ခြင်းများကိုရှောင်ကြည်ပေးရပါမယ်။ ထိုင်တဲ့အခါမှာခြေထောက်ချိတ်ထိုင်ခြင်းကိုရှောင်ကြဉ်ပေးသင့် ပါတယ်။ ထိုင်တဲ့အခါ၊ အနားယူတဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ပေးထားပါ။ ဖြစ်နိုင်ရင် ခြေထောက်ကို နှလုံးထက် ပိုမြင့်အောင် ထားပေးပါ။

ခြေထောက်လှုပ်ရှားမှုနဲ့ ကြွက်သားတင်းရင်းမှု တိုးတက်လာအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာသွေးပြန်ကြောတလျှောက်မှာသွေးကိုကောင်းစွာစီးဆင်းစေပါတယ်။

ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင် အလေးချိန်ချပေးပါ။ သွေးစီးဆင်းမှုကောင်းစေပြီးသွေးပြန်ကြောကိုဖိအားသက်သာစေဖို့ ဖြစ်ပါတယ်။

တင်းကြပ်သောအဝတ်အစားများ အထူးသဖြင့်ခါး၊ ပေါင်ခြံနဲ့ ခြေထောက်တွေကိုတင်းကြပ်စေတဲ့ အဝတ်တွေကို ရှောင်ကြဉ်ပေးရပါမယ်။ သူတို့ဟာသွေးပြန်ကြောထုံးခြင်းကိုပိုပြီးဆိုးရွားစေပါတယ်။

ဖိနပ်အမြင့် များကို ကြာရှည်စွာမစီးသင့်ပါ။ ဖိနပ်ပါးများကသာခြေသလုံးကြွက်သားတင်းရင်းအောင် အထောက်အကူပြုပါတယ်။ ကြွက်သားတင်းရင်းမှသာသွေးပြန်ကြောထဲမှာသွေးစီးဆင်းမှု ကောင်းစေပါတယ်။

ဆရာဝန်ထောက်ခံမယ်ဆိုရင် ဖိအားပေးစေတဲ့ ခြေအိတ်ရှည်တွေ ဝတ်ဆင်ပါ။ အဲဒီခြေအိတ်တွေဟာခြေထောက်မှာညင်သာတဲ့ဖိအားကို ဖြစ်ပေါ်စေပြီးသွေးပြန်ကြောထဲမှာသွေးစုအိုင်ခြင်းကိုကာကွယ်ပေးပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။

ကုသမှုတွေကဘာတွေလဲ

လူအများစုအတွက်တော့ သွေးပြန်ကြောထုံးခြင်းဟာဆိုးရွားတဲ့ပြသနာမဖြစ်စေပါဘူး။ ကြည့်လို့တော့ မကောင်းပါဘူး။ ဒါပေမယ့် သွေးစီးဆင်းမှုကိုထိခိုက်စေပြီးနာတာရှည် ကျန်းမာရေးပြသနာလည်း ဖြစ်မနေဖို့ လိုပါတယ်။ သွေးကြောထုံးခြင်းအများစုကတော့ ကုသဖို့ မလိုပါဘူး။

ကုသဖို့ လိုအပ်တယ်ဆိုရင် သင့်ဆရာဝန်ဟာ ပထမပိုင်းမှာ ၆လလောက် ဖိအားပေးခြေအိတ်ရှည်တွေ ဝတ်ဆင်ဖို့၊ လေ့ကျင့်ခန်းပုံမှန် လုပ်ဖို့၊ အနားယူစဉ်မှာ ဖြစ်နေတဲ့ ခြေထောက်ကို မြှင့်ထားဖို့ အကြံပြုပါလိမ့်မယ်။ သွေးကြောထုံးခြင်းဟာဆက်လက်ရှိနေပြီးနာကျင်ခြင်း၊ သက်တောင့် သက်သာမရှိခြင်းတွေ ဖြစ်နေမယ်ဆိုရင်၊ နောက်ဆက်တွဲပြဿနာတွေ ရှိနေမယ်ဆိုရင် နည်းမျိုးစုံနဲ့ ကုသနိုင်ပါတယ်။

အသုံးအများဆုံးကုသမှုတွေကတော့

  • အပူကုထုံး (Endothermal ablation)။ သွေးကြောထုံးခြင်း ဖြစ်ပွားနေတဲ့ သွေးပြန်ကြောကိုအပူပေးလောင်ကျွမ်းစေသေကုသမှု ဖြစ်ပါတယ်။
  • Sclerotherapyကုထုံး။ အထူးစီစဉ်ထားတဲ့ ရေမြှုပ်နဲ့ သွေးကြောတွေကိုပိတ်ဆို့ခြင်း ဖြစ်ပါတယ်။

ချည်၍ ခွာထုတ်ခြင်း။ ဖြစ်နေတဲ့ သွေးပြန်ကြောတွေကိုဖယ်ထုတ်ဖို့ ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Translated by thantzin

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement