backup og meta

ကားမူးတာကို သက်သာစေမယ့် အိတ်ဆောင်ဆေးနည်းလေးများ

ခရီးဝေးဝေးသွားဖို့ဆို တော်တော်စဉ်းစားရတယ်။ ကားနဲ့လည်း မသွားရဲဘူး၊ လေယာဉ်လည်းမစီးဘူး၊ ရေလမ်းခရီးဆိုဝေလာဝေး၊ ရထားလည်း မဖြစ်။ ဘာကိုကြောက်နေရလဲဆိုတော့ ကားမူး၊လှေမူး၊ လေယာဉ်မူးတဲ့ အမူးရောဂါကိုပေါ့။

မအီမသာ ခံစားရခက်တဲ့ ဒီဝေဒနာကို ရှောင်နေရတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ဘယ်မှမသွားဘဲ မနေနိုင်တော့လည်း ကုစားနိုင်မယ့်နည်းလမ်းတွေရှာရင်း သည်းခံသွားလာရတာပါပဲ။ သွားရင်းလာရင်း တဝေါ့ဝေ့ါ့နဲ့ ထိုးအန်ရတာတွေ၊ ခေါင်းမထူနိုင်အောင် ကိုက်ခဲနေတာတွေက ကိုယ့်အတွက်ရော၊ ဘေးလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဒီလိုဖြစ်တတ်တဲ့သူတွေ ခရီးသွားတဲ့အခါ ကားမူးဝေဒနာကို သက်သာလျော့ပါးစေဖို့ အထောက်အကူဖြစ်မယ့် ဆေးဖက်ဝင်ပစ္စည်းလေးတွေကို ပြောပြမယ်နော်။

ချင်း(ဂျင်း)

ချင်းက ကားမူးဝေဒနာကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ ချင်းလက်ဖက်ရည်ကို ထည့်လာပြီး လမ်းမှာသောက်လည်းရတယ်၊ ပါးပါးလှီးထားတာလေး ဒီတိုင်းဝါးစားလည်းရတယ်၊ နောက်ဆုံး မရှိရင် ချင်းများများပါတဲ့ မက်မန်းပေါင်းလို အချဉ်ပေါင်းထဲကလည်း ယူစားလို့ရပါတယ်။ မစားချင်ဘူးဆိုရင် ချင်းနည်းနည်းကိုတစ်ရှူးလေးနဲ့ပတ်ပြီး အနံ့ရှူလိုက်ပါ။

သံပရာသီး

အားလုံးသိပြီးသားဖြစ်ပေမယ့် အမြဲအသုံးဝင်တဲ့သံပရာသီးပါ။ ခရီးသွားရင် သံပရာသီးဆောင်သွားကြတာ မြင်ဖူးမှာပါ။ အလုံးလိုက်ကို အနံ့ရှူရှိုက်တာထက် လှီးစိတ်ပြီး ရှူတာ၊ သံပရာရည်နည်းနည်းလောက်သောက်တာလည်း အလုပ်ဖြစ်ပါတယ်။

ပူရှိန်း

ခေါင်းထဲ မူးနောက်နောက်ဖြစ်လာတာနဲ့ ပူရှိန်းသကြားလုံး သို့မဟုတ် ပီကေကို စားလိုက်ပါ။ ငြီးစီစီဖြစ်တာ နည်းနည်းတော့ သက်သာသွားမှာပါ။

ပန်းသီးဖျော်ရည်

သကြားမပါတဲ့ ပန်းသီးဖျော်ရည်(ကြိတ်ရည်)ကို အာဆွတ်ရုံ နည်းနည်းချင်း သောက်ပါ။ အစာအိမ်နဲ့အာရုံကြောတွေကို တည်ငြိမ်စေပါလိမ့်မယ်။ အများကြီးသောက်မိရင်တော့ အစာအိမ်ထဲ အရည်တွေသိပ်များပြီး အန်ထွက်နိုင်ပါတယ်။

ခရက်ကာ သို့မဟုတ် ဘီစကစ် အဆိမ့်

ခရီးသွားတဲ့အခါ အစာမရှိရင် အန်စရာလည်းမရှိဘူးလို့ ယူဆကြပါတယ်။ အဲဒါက မှားပါတယ်။ အစာလုံးဝမစားထားရင် ကားမူးဝေဒနာပိုဆိုးစေနိုင်လို့ ခရက်ကာ အဆိမ့်လေးဆောင်ထားပါ။

ဂက်စ်ပါတဲ့အချိုရည်

ခရီးမသွားခင်ပဲဖြစ်ဖြစ် သွားနေရင်းဖြစ်ဖြစ် ကိုလာ လိုမျိုး ဂက်စ်ပါတဲ့အချိုရည်ကို နည်းနည်းချင်းသောက်ပါ။ အချိုရည်သောက်ပြီး လေတက်တဲ့အခါ ကားမူးခြင်းကြောင့်ဖြစ်ရတဲ့လေပွခြင်းကို သက်သာစေနိုင်ပါတယ်။ အများကြီးတော့ မသောက်ရပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/motion-sickness-remedies

Accessed Date Nov 1, 2019.

https://www.thehealthy.com/home-remedies/natural-remedies-motion-sickness/

Accessed Date Nov 1, 2019.

 

ယခုပုံစံ

08/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

ကားမူးမှာစိုးလို့ ခရီးမသွားရဲသူလေးတွေရှိလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement