backup og meta

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား ဆိုတော့ ဆုံးရှုံးနိုင်တာပေါ့။ နေ့စဉ် လှုပ်ရှားမှုတိုင်းမှာ ချွေးထွက်တယ် ဆိုကတည်းက ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနေတာပါ။ လှုပ်ရှားမှုတိုင်းမှာ အင်အား အသုံးပြုရသလို အသုံးပြုလိုက်ရတဲ့ အင်အားရဲ့ နောက်ဘက်မှာ ရေဓာတ်တွေ၊ ဓာတ်ဆားဓာတ်တွေပါ လိုက်ဆုံးရှုံးနေတာပါ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတာကို အောက်ဘက်မှာ သေချာလေး ရှင်းပြပေးပါမယ်။

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား

ရေနဲ့ဓာတ်ဆား ခန္ဓာကိုယ်အတွက် အရေးကြီးသလား

ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်စေဖို့ ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ ရေဓာတ်တွေ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီလို ပြည့်ဝနေမှလည်း နေ့စဉ် တာဝန်တွေကိုရော နေ့စဉ်အခက်အခဲတွေကိုပါ အကောင်းဆုံး ဖြေရှင်းကျော်ဖြတ်နိုင်မှာပါ။

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကိုယ်ခံအား ကောင်းစေဖို့ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့နဲ့ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းဖို့ ရေဓာတ်ကို လုံလောက်စွာ ရရှိဖို့ လိုပါမယ်။ ရေဓာတ်နဲ့အတူ ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေစေဖို့ကိုလည်း မေ့ထားလို့ မရပါဘူး။

နှလုံး၊ အသက်ရှူလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အူလမ်းကြောင်း နဲ့ ကြွက်သားတွေ ကျန်းမာပြီး ကိုယ်ခံအားပြည့်ဝနေစေဖို့လည်း ရေနဲ့ဓာတ်ဆားဓာတ်တွေ ပြည့်ဝနေစေဖို့ လိုပါမယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ရော ဓာတ်ဆားဓာတ်ပါ ပြည့်ဝနေစေဖို့ လိုပါမယ်။ ဒီလောက်ဆိုရင် ရေနဲ့ဓာတ်ဆား ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။

ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် နည်းနေပြီလား

ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် နည်းနေပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အာရုံရှုပ်ထွေးမယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ပင်ပန်းလွယ်မယ်
  • ခေါင်းကိုက်မယ်
  • နှလုံးခုန် စည်းချက် မမှန်တာမျိုး ဖြစ်မယ်
  • နှလုံးခုန် မြန်မယ်
  • ကြွက်တက်မယ်
  • ​လက်ချောင်းခြေချောင်းလေးတွေ ထုံကျဉ်မယ်
  • အန်မယ် စတာတွေ ခံစားရနိုင်ပါတယ်။

ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် မပြည့်ဝဘူးဆိုရင် အခုလို ကျန်းမာရေးအခြေအနေတွေကို ခံစားရနိုင်တယ်ဆိုတော့ နေထိုင်မကောင်းမှ ခံစားရတာလား။  နေမကောင်းမဖြစ်ဘဲရော ခံစားရနိုင်လား … ဆိုပြီး သိချင်နေတဲ့အ​ဖြေလေးကို အတူတူဆက်ကြည့်လိုက်ရအောင်နော်။

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား

နေမကောင်းမဖြစ်ဘဲနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်သလား ဆိုတော့ အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ။ ဆုံးရှုံးနိုင်ပါတယ်လို့။ လူတော်တော်များများ လက်ခံထားတာက နေမကောင်းဖြစ်လို့ ချွေးတွေ အများကြီး ထွက်သွားတာ၊ ခံတွင်းပျက်ပြီး အစားမစားနိုင်တာ၊ အဖျားကြီးတာ၊ ဝမ်းပျက်တာ၊ အထက်လန်အောက်လျှောဖြစ်ပြီး အော့အန်တာတွေကြောင့် ရေနဲ့ဓာတ်ဆားဓာတ်ကို ဆုံးရှုံးတယ်လို့ပေါ့။

တကယ်ကတော့ ဒီအခြေအနေတွေ မဟုတ်ဘဲ အခုလို အခြေအနေတွေမှာလည်း ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။

  • နေပူထဲမှာ အချိန် အကြာကြီး အလုပ်လုပ်လိုက်မိတဲ့အခါ

နေရောင် ပြင်းပြင်းအောက်မှာ ကာယအားစိုက်ရတဲ့ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်လိုက်တာကြောင့် ချွေးတွေ အများကြီးထွက်တာကိုပဲ မြင်မိတတ်ကြပေမယ့် ဒီလို ချွေးတွေ အများကြီးထွက်တာနဲ့အတူ ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးသွားတယ်ဆိုတာကို မမေ့ပါနဲ့။ ဒီလိုအပ်ချက်ကို အုန်စိမ်းရည်၊ ဓာတ်ဆားဖြည့်အချိုရည်တွေ သောက်ရင်း ဖြည့်တင်းပေးလို့ ရပါတယ်။

  • လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ

ကိုယ်လက်လေ့ကျင့်ခန်းတွေကို အချိန်ကြာကြာ နဲ့ ပြင်းပြင်းထန်ထန် လုပ်မိပြီးချိန်တွေမှာလည်း ကိုယ်တွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ဒီလို ဆုံးရှုံးသွားချိန်မှာ ရေအပြင် ဓာတ်ဆားဖြည့်အချိုရည်၊ သံပုရာရည်လိုမျိုး သောက်စရာတွေကို သောက်ပြီး ဖြည့်တင်းပေးဖို့ လိုပါမယ်။

  • ကဖင်း အလွန်အကျွံ သောက်မိတဲ့အခါ

ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ ကိုလာ၊ အားဖြည့်အချိုရည်တွေမှာ ကဖင်းတွေ ပါဝင်နေပါတယ်။ ဒီလို ကဖင်းပါဝင်နေတာတွေကို အလွန်အကျွံ သောက်လိုက်မိချိန်မှာ ဆီးသွားများပြီး ကိုယ်တွင်းကနေ ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ဖျားမှမဟုတ်ဘဲ အခုလို နေ့စဉ် အမှတ်တမဲပ လုပ်မိတဲ့ စားသောက်မှု အလွဲလေးကြောင့်လည်း ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်ကို ဆုံးရှုံးနိုင်ပါတယ်။

  • ဆီးဆေးသောက်နေရတဲ့အခါ

ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ကြောင့် ဆီးဆေးတွေကို ပုံမှန် သောက်နေရတဲ့သူတွေမှာလည်း ဆေးကြောင့် ဆီးခဏခဏ သွားရတဲ့အခါ ကိုယ်တွင်းက ရေနဲ့ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာတွေကို ခံစားရနိုင်ပါတယ်။

  • ချွေးထွက်များတတ်တာ

ကိုယ်တိုင်က ချွေးထွက်သန်မယ်ဆိုရင် နေ့စဉ် စားသောက်မှုမှာ ရေနဲ့ဓာတ်ဆားဓာတ် ပြည့်ဝအောင် ပြန်ဖြည့်ဖို့ လိုပါမယ်။ ဒါမှပဲ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ကာမိမှာပါ။ ဒါကြောင့် ချွေးထွက် များတတ်တယ်ဆိုရင် ဓာတ်ဆားဖြည့်အချိုရည် သောက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ကဲ …… နေမကောင်းဖြစ်မှ မဟုတ်ဘဲ အခုလို အခြေအနေတွေကြောင့်လည်း ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးနိုင်ပါတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Electrolyte Imbalance https://my.clevelandclinic.org/health/symptoms/24019-electrolyte-imbalance Accessed Date 7 December 2022

What Are Low Sodium Levels? https://www.goodrx.com/conditions/hyponatremia/low-sodium-levels Accessed Date 7 December 2022

Low blood sodium https://medlineplus.gov/ency/article/000394.htm Accessed Date 7 December 2022

An Overview of Hyponatremia (Low Sodium) https://www.verywellhealth.com/hyponatremia-low-sodium-2488674 Accessed Date 7 December 2022

Salt and water: a simple approach to hyponatremia https://www.ncbi.nlm.nih.gov/pmc/articles/PMC331389/ Accessed Date 7 December 2022

ယခုပုံစံ

19/12/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဓာတ်ဆားရည် အစားထိုး သဘာဝ သောက်စရာများ

အားကစားသမား တစ်ယောက်မဟုတ်ရင် ဓာတ်ဆားရည် သောက်စရာ မလိုဘူးလား။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/12/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ