backup og meta

ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

သင့်အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေ၊ စာစောင်တွေဖတ်ရှုရင် ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ဆိုတာကို ကြားဖူးနေကြဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုသက်ရောက်မုရှိသလဲဆိုတာကတော့ သိရှိသူနည်းပါးပါတယ်။ ယခုဆောင်းပါးမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်မှုရှိသလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဖရီးရယ်ဒီကယ်ဆိုတာ ကိုယ်ခန္ဓာထဲက တည်ငြိမ်မှုမရှိတဲ့ မော်လီကျူးတွေဖြစ်ပါတယ်။ ဓာတုဗေဒစကားနဲ့ ပြောရရင် ပတ်လမ်းမှာ အီလက်ထရွန်အရေအတွက် မပြည့်တဲ့ အက်တမ်တွေဖြစ်ပြီး တခြားအက်တမ်ကိုဆွဲယူဖို့ ကြိုးစားနေပါတယ်။ အဆိုပါ ဖရီးရယ်ဒီကယ်များ များပြားလာရင် ကိုယ်ခန္ဓာကို ဒုက္ခပေးပြီး ရောဂါဘယထူပြောလာစေပါတယ်။ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေ ဖြစ်လာစေပါတယ်။

ကိုယ်ခန္ဓာဟာ ဖရီးရယ်ဒီကယ်တွေရဲ့ရန်ကို ကာကွယ်ဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အသုံးပြုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များက လိုအပ်တဲ့ အီလက်ထရွန်ကို ထောက်ပံ့ပေးခြင်းအားဖြင့် ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ အထူးသဖြင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနဲ့ အပင်များကနေ ထုတ်ုလုပ်ထားတဲ့ အစားအစာတွေကနေ ရရှိပါတယ်။ ဗီတာမင် C နဲ့ ဗီတာမင် E ဟာလည်း ကိုယ်ခန္ဓာအတွက် အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။

ဖရီးရယ်ဒီကယ်များဟာ ကိုယ်ခန္ဓာထဲမှာ ပုံမှန်ဖွဲ့စည်းဖြစ်ပေါ်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မရှိခဲ့ရင် ကိုယ်ခန္ဓာကို မြန်မြန်ဒုက္ခပေးပြီး သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာကနေ ဖရီးရယ်ဒီကယ်ကို အသုံးပြုတဲ့နေရာ ရှိပါသေးတယ်။ ဥပမာ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ရာမှာ ဖရီးရယ်ဒီကယ်တွေကိုလည်း အသုံးပြုပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာထဲမှာ ဖရီးရယ်ဒီကယ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်မျိုးဟာ ဟန်ချက်ညီနေဖို့ လိုပါတယ်။

ဖရီးရယ်ဒီကယ်ပမာဏဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို ကျော်လွန်သွားရင်တော့ ဓာတ်တိုးဖိစီးခြင်း (Oxidative Stress) ဆိုတဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်တိုးဖိစီးခြင်း ကြာရှည်လာခဲ့ရင် မျိုးရိုးဗီဇဒီအန်အေ အပါအဝင် ကိုယ်ခန္ဓာထဲက တခြားအရေးကြီး မော်လီကျူးတွေကို ထိခိုက်လာစေပါတယ်။ တစ်ခါတရံမှာ ဆဲလ်များ ပျက်စီးစေပါတယ်။ ဒီအန်အေကို ထိခိုက်စေတဲ့အတွက် ကင်ဆာဖြစ်နိုင်ခြေမြင့်တက်စေပါတယ်။ လူကိုလည်း အိုမင်းရင့်ရော်မြန်စေပါတယ်။

အမူအကျင့်နဲ့နေထိုင်မှုပုံစံတွေ၊ ဖိစီးမှုတွေ၊ ပတ်ဝန်းကျင်အကြောင်းချင်းရာမျိုးစုံဟာ ဖရီးရယ်ဒီကယ်များစွာ ဖြစ်ပေါ်စေနိုင်ပြီး ဓာတ်တိုးဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ အဆိုပါ အကြောင်းအရာတွေကတော့

– လေထုညစ်ညမ်းခြင်း

– စီးကရက်သောက်ခြင်း

– အရက်သောက်ခြင်း

အဆိပ်အတောက်ထိတွေ့ခြင်း

– သွေးတိုးခြင်း

– ပြည့်ဝဆီစားသုံးမှုများခြင်း

– ဓာတ်ရောင်ခြည်သင့်ခြင်း

– ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် ရောဂါပိုးများကူးစက်ခြင်း

– သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ဇင့်ဓာတ်များ အလွန်အကျွံစားသုံးမိခြင်း

– ကိုယ်ခန္ဓာထဲတွင် အောက်ဆီဂျင်များလွန်း/နည်းလွန်းခြင်း

တစ်ရှူးများ ထိခိုက်ပျက်စီးသည်အထိ ပြင်းထန်/ကြာမြင့်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

– ဓာတ်တိုးဆန့်ကျင်ပစ္စည်းချို့တဲ့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဖရီးရယ်ဒီကယ်များဟာ အီလက်ထရွန်လိုအပ်နေတဲ့ မော်လီကျူးတွေပဲ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များက လိုအပ်တဲ့ အီလက်ထရွန်ကိုပေးပြီး ဓာတ်ပြယ်စေပါတယ်။ ဒီနည်းနဲ့ ဖရီးရယ်ဒီကယ်ဖြစ်ပေါ်တဲ့ သံသရာကို ရပ်တန့်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက ဖရီးရယ်ဒီကယ်များဟာ လုံးဝကုန်ခန်းသွားမှာ မဟုတ်ပါဘူး။ အသက်အရွယ်ကြီးလာလေ ပိုမိုကြုံတွေ့ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးပြီး ဖရီးရယ်ဒီကယ်များကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုတော့ လျှော့ချပေးနိုင်ပါတယ်။

မိမိကိုယ်ခန္ဓာကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း မဖြစ်ရအောင်၊ ရောဂါဘယ ကင်းဝေးအောင် ဖရီးရယ်ဒီကယ်တွေကို ပွားများမလာဖို့ ဖော်ပြခဲ့ပြီးတဲ့ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ အစားအစာများကို ရွေးချယ်စားသုံးခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထများ ကျင့်သုံးခြင်း စတဲ့နည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် ဖရီးရယ်ဒီကယ်များရဲ့ အန္တရာယ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/antioxidants-explained Accessed Date 14 July 2020

ယခုပုံစံ

14/07/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement