backup og meta

သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

    လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။ အရေပြားလေးဖက်နာ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာရောဂါ ကတော့ အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

    သွေးလေးဖက်နာရောဂါ ဘယ်လိုစဖြစ်တာလဲ။

    သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည် အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။

    သွေးလေးဖက်နာရောဂါ ရဲ့ အရိုးအဆစ်ထိခိုက်ပုံက ဘယ်လိုမျိုးလဲ။

    အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း အများကြီးရှိပြီး တစ်ခုချင်းစီမှာ ထူးခြားချက်တွေ ရှိပါတယ်။ သွေးလေးဖက်နာရဲ့ အဆစ်အမြစ်ကိုက်ပုံမှာလည်း ထူးခြားချက်လေး ရှိပါတယ်။

    • အဆစ်တစ်ခုထက် ပိုနာမယ်။
    • မနက်မိုးလင်းရင် ဒါမှမဟုတ် လှုပ်ရှားမှုနည်းရင် အဆစ်တွေ တောင့်တင်းပြီး လှုပ်ရှားရခက်မယ်။ မိနစ်၃၀လောက် ကြာတတ်ပါတယ်။
    • အဆစ်သေးလေးတွေ ထိခိုက်တာများပါတယ်။
    • ရောင်ရမ်းတာ၊ ထိလိုက်ရင် နာတာတွေ ဖြစ်တတ်တယ်။
    • နှစ်ဖက်စလုံးမှာ ဖြစ်တတ်တယ်။ (ဥပမာ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်)

    ဒါ့ပြင် ဖျားတာ၊ ပိန်သွားတာ၊ နုံးတာ၊ အားမရှိသလို ခံစားရတာတွေလည်း ရှိပါတယ်။ သွေးလေးဖက်နာရဲ့ ပြဿနာက အရှင်းမပျောက်ဘဲ ဖြစ်လိုက် ပျောက်လိုက် ဖြစ်တာပါပဲ။ ကောင်းနေရာကနေ တစ်ခါ တစ်ခါ ထဖောက်တတ်ပါတယ်။

    သွေးလေးဖက်နာမှာ ခုခံအားစနစ်က အပြင်အရိုးအမြှေးပါးကို တိုက်ခိုက်ပါတယ်။ ကြာလာတဲ့အခါကျတော့ အထဲက အရိုးနုတွေ၊ အရိုးတွေပါ ပျက်စီးလာပါတယ်။ ဘေးပတ်လည်က အဆစ်ကို ဆိုင်းထားတဲ့ အရွတ်တွေ၊ အရွတ်တွဲတွေပါ ထိခိုက်လာပြီး အဆစ်ကို ပုံစံမှန်အောင် မထိန်းပေးနိုင်တော့ပါဘူး။ ဒါကြောင့် သွေးလေးဖက်နာသမားတွေဟာ ကြာလာရင် အဆစ်တွေ ကောက်ကွေးပြီး ပုံပျက်လာတာပါ။

    တခြားထိခိုက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက

    သွေးလေးဖက်နာမှာ အရိုးအဆစ်တွေ ပျက်စီးတာအပြင် တခြားအစိတ်အပိုင်းတွေ ထိခိုက်လာတာကိုလည်း တွေ့ရပါတယ်။

    • မျက်လုံး – မျက်သားခြောက်တာ၊ ရောင်ရမ်းတာ၊ အမြင်မှုန်ဝါးတာ၊ အလင်းဒဏ်မခံနိုင်တာ
    • အရေပြား – အရိုးပေါ်က အရေပြားတွေမှာ အဖုတွေ ထွက်လာတာ
    • သွေးကြောတွေ ရောင်ရမ်းတာ
    • နှလုံးရောင်ရမ်းတာ (ဒါ့ပြင် သွေးလေးဖက်နာရှိတဲ့ သူတွေက အဆစ်တွေနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် အဝလွန်ပြီး တခြား သွေးတိုး၊ ဆီးချိုတွေ ဖြစ်လို့ နှလုံးထိခိုက်တတ်ပါတယ်။)
    • ပါးစပ်မှာ အနာတွေပေါက်တာ၊ ခံတွင်းခြောက်တာ၊ သွားဖုံးရောင်တာ
    • အဆုတ် – အဆုတ်ရောင်ရမ်းတာကြောင့် အသက်ရှူရခက်တာ

    ဒါတွေက အဆစ်ရောင်တာအပြင် တခြားခံစားရနိုင်တဲ့ လက္ခဏာတွေပါပဲ။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ လူလတ်ပိုင်းအရွယ်လောက်က စဖြစ်ပါတယ်။ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။
    • အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆကနေ ၃ဆ ပိုဖြစ်ပါတယ်။
    • မျိုးရိုးလည်း လိုက်တတ်ပါတယ်။
    • မျိုးဗီဇမှာ HLA class II genotypesပါတဲ့ သူတွေက ပိုဖြစ်နိုင်ပါတယ်။ မျိုးဗီဇရှိတဲ့အပြင် ဆေးလိပ်သောက်တာ၊ အဝလွန်တာတွေ ရှိတယ်ဆို ဖြစ်နိုင်ခြေက ပိုများလာမှာပါ။
    • လေ့လာချက်တော်တော်များများက ဆေးလိပ်သောက်တာ သွေးလေးဖက်နာကို ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် ရောဂါရှိပြီးသားလူတွေမှာလည်း ပိုဆိုးစေပါတယ်တဲ့။
    • အဝလွန်တာကလည်း သွေးဖက်နာဖြစ်နိုင်ခြေများစေတဲ့ အကြောင်းတစ်ခုပါပဲ။
    • ထူးထူးခြားခြား မိခင်နို့တိုက်တဲ့ အမေတွေကတော့ ဖြစ်နိုင်ခြေနည်းသွားပါသတဲ့။

    သွေးဖက်နာရောဂါ ကို ကုသလို့ရပါ့မလား။

    သွေးလေးဖက်နာရောဂါဟာ ရှုပ်ထွေးတဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါရှာရခက်ပါတယ်။ ကောင်းတာကတော့ Rheumatologist လို့ ခေါ်တဲ့ လေးဖက်နာ အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထက်ပါ လက္ခဏာတွေ ရှိနေရင်တော့ သွေးလေးဖက်နာများလားဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။ သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ စသဖြင့်ပေါ့။ ရောဂါသေချာရင်တော့ ကုသမှု စလို့ရပါပြီ။

    ရောဂါရဲ့ သဘောသဘာဝကိုက အရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဖြစ်လိုက် ပျောက်လိုက်ဖြစ်တဲ့အတွက် ထိန်းထားလို့ပဲ ရပါမယ်။  အရှင်းမပျောက်ဘဲ ဘာလို့ ကုနေရလဲဆိုရင်

    • ပျောက်တဲ့အချိန်ကို ကြာအောင် ဆွဲဆန့်ထားဖို့ရယ်
    • အဆစ်အမြစ်တွေ ကိုက်တာ၊ လှုပ်မရတာ သက်သာဖို့ရယ်
    • အရိုးအဆစ်တွေ ပုံမပျက်စေဖို့ရယ်
    • လူကောင်းတစ်ယောက်လို အလုပ်လုပ်နိုင်ဖို့ရယ်
    • နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဖို့ရယ် ကုသပေးရပါတယ်။

    ဆေးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ သွေးလေးဖက်နာကို ပိုမဆိုးအောင် ထိန်းထားတဲ့ ဆေးတွေ၊ biologic agentsတွေနဲ့ ကုသပါတယ်။ အဆစ်အမြစ်တွေ ပုံပျက်တာအတွက် ခွဲစိတ်ပြီးပြုပြင်လို့ရရင် ခွဲစိတ်ပါတယ်။ အရိုးအဆစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

    ဒါကြောင့် သွေးလေးဖက်နာကို ကုမယ်ဆိုရင် စောစောသိ စောစောကုတာကောင်းပါတယ်။ ထိထိရောက်ရောက် ကုသပြီး ရောင်ရမ်းမှုတွေကို လျှော့ချမယ်။ နောက်ထပ် ရောင်ရမ်းမှုတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေမဆိုးအောင် ထိန်းထားနိုင်မှာပါ။

    သွေးလေးဖက်နာရောဂါ အရှင်းပျောက်နိုင်လား။

    သွေးလေးဖက်နာနဲ့ ပတ်သက်ပြီး လူနာအများစုက ရောဂါရဲ့ သဘောသဘာဝကို သေချာမသိတဲ့အတွက်ကြောင့် အရှင်းပျောက်သွားမယ်လို့ ထင်တတ်ကြပါတယ်။ သက်သာတာကို ပျောက်သွားတာနဲ့ မှားတတ်ပါတယ်။ ဒါကြောင့် ဆေးတွေ ရပ်ပစ်တာ၊ ရက်ချိန်းမလာတာတွေ ရှိပါတယ်။ ဒီလို မဖြစ်ရအောင် ကိုယ့်ရဲ့ ရောဂါအကြောင်းကို သိထားဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်နားလည်မှသာ ဆရာဝန်ရဲ့ ကုသမှုတွေကို အတူ ပူးပေါင်းဆောင်ရွက်နိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement