အကြံဉာဏ်တွေချရေးတဲ့အခါတိုင်း ငရုတ်ကောင်းနံ့ကို ရှူရှိုက်ကြည့်ပါ။ ၎င်းက စွမ်းအင်ကိုတိုးမြင့်စေတဲ့အနံ့တစ်ခု ဖြစ်တာနဲ့အညီ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်ကောင်းမွန်စေပြီး ရှင်းရှင်းလင်းလင်း စဉ်းစားတွေးခေါ်နိုငအောင် အကူအညီပေးပါလိမ့်မယ်။
ဒါ့အပြင် ငရုတ်ကောင်းရဲ့ ပူရှိန်းရှိန်းနဲ့ လန်းဆန်းစေတဲ့ရနံ့ဟာ နိုးကြားတက်ကြွမှုနဲ့သက်ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေဆီ ဆက်သွယ်ထားတဲ့ Trigerminal အာရုံကြောကို လှုံ့ဆော်ပေးတာမို့ နံနက်မိုးလင်းတိုင်း ရှူရှိုက်သင့်တဲ့အနံ့လို့တောင် ဆိုနိုင်ပါတယ်။
လာဗင်ဒါနံ့
အကယ်၍ သင်ဟာ စိတ်ဖိစီးစရာတစ်နေ့တာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်ဆိုရင် ဒါမှမဟုတ် ၅မိနစ်လောက် ပြည့်ပြည့်၀၀အနားယူဖို့ လိုအပ်နေတယ်ဆိုရင် အသင့်တော်ဆုံးရနံ့ကတော့ လာဗင်ဒါရနံ့ပါပဲ။ လာဗင်ဒါအဆီကို ရှူရှိုက်ပေးခြင်းအားဖြင့် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ကျဝေဒနာနဲ့ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေတဲ့အပြင် သာမန်ခေါင်းကိုက်ဝေဒနာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေကိုပါ သက်သာစေနိုင်ပါတယ်။
လာဗင်ဒါမွှေးရနံ့ကုထုံးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်၊ cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့်ထွက်လာတဲ့ဟော်မုန်းကို လျော့ကျအောင် ကူညီပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လာဗင်ဒါပန်းခင်းမြို့တော်လို့ လူသိများထင်ရှားတဲ့ ပြင်သစ်နိုင်ငံ Provence မြို့သူမြို့သားတွေကတော့ ကမ္ဘာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အအိပ်စက်နိုင်ဆုံးသူတွေဖြစ်မှာ အသေအချာပါပဲ။
စစ်ထရက်စ်နံ့
လူသိအများဆုံး စစ်ထရက်စ်အသီးတွေကတော့ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုသီးတွေပါပဲ။ ဒီအသီးတွေဟာ သင့်ကျန်းမာရေးအတွက် အထူးကောင်းမွန်ရုံသာမက ၎င်းတို့ရဲ့ ရနံ့တွေဟာလည်း ထူးခြားတဲ့အစွမ်းအာနိသင်တွေ ပေးစွမ်းနိုင်ပါတယ်။
စစ်ထရက်စ်အသီးအနံ့က စိတ်ကိုလန်းဆန်းတက်ကြွစေသလို ခန္ဓါကိုယ်မှာရှိတဲ့ norephinephrine ဟော်မုန်းပမာဏကို မြင့်တက်စေတယ်လို့လည်း လေ့လာမှုတွေအရ သိရှိရပါတယ်။ Norephinephrine ပမာဏနည်းပါးခြင်းက စွမ်းအင်နဲ့ အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေပြီး အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။
ရို့စ်မေရီနံ့
ရို့စ်မေရီမွှေးရနံ့က မှတ်ဉာဏ်အားကို အထူးကောင်းမွန်စေပါတယ်။ Northumbria တက္ကသိုလ်ရဲ့ သုတေသနပညာရှင်တွေက ရို့စ်မေရီရနံ့သင်းပျံ့နေတဲ့ အခန်းထဲမှာ မှတ်ဉာဏ်အားကိုးလုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရတဲ့ အရွယ်ရောက်ပြီးသူတွေဟာ စွမ်းဆောင်ရည် ၁၅ရာခိုင်နှုန်းပိုတက်လာကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
နောက်ထပ်လေ့လာမှုတစ်ခုကတော့ ရို့စ်မေရီအဆီကို ရှူရှိုက်ပေးခြင်းအားဖြင့် ဦးနှောက်ရှေ့ခြမ်းက ဘီတာလှိုင်းတွေကို ပိုမိုအားကောင်းစေတဲ့အလျောက် လူကိုနိုးကြားတက်ကြွစေပြီး စဉ်းစားတွေးခေါ်ရာမှာ အကျိုးဖြစ်ထွန်းကြောင်း တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်မှုမှာပါဝင်ခဲ့သူတွေကလည်း ရို့စ်မေရီရနံ့ကြောင့် ပိုမိုလန်းဆန်းတက်ကြွလာသလို ခံစားရကြောင်း ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ရို့စ်မေရီအဆီကို ရှူရှိုက်ခြင်းဟာ ရေရှည်မှတ်ဉာဏ် အထူးသဖြင့် အရေးကြီးတဲ့ဖြစ်ရပ်တွေကို မှတ်သားသိမ်းဆည်းနိုင်တဲ့မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ စိတ်ပညာရှင်တစ်စုကလည်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
စံပယ်နံ့
စံပယ်ရနံ့ဟာ စိတ်ကိုတက်ကြွစေတဲ့ ရနံ့တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့ သင်းပျံ့တည်ငြိမ်တဲ့သဘာဝကြောင့် စံပယ်ပန်းအဆီဟာ ကုန်ခမ်းသွားတဲ့စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရာမှာ အထောက်အကူဖြစ်စေသလို အကောင်းမြင်စိတ်တိုးပွားစေတဲ့အတွက် စိုးရိမ်စိတ်များခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ကိုလည်း သက်သာစေပါတယ်။
ညဘက်မှာပွင့်လေ့ရှိပြီး စိတ်လှုပ်ရှားစရာအနံ့ ပေးစွမ်းနိုင်တဲ့ စံပယ်ပန်းကို ရေမွှေးပြုလုပ်ရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ မိန်းမဆန်ပြီး သင်းပျံ့နှစ်လိုဖွယ်ကောင်းတဲ့ စံပယ်ရနံ့ဟာ အချစ်စိတ်ကိုအားကောင်းစေတဲ့ ရနံ့တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ဒီလိုထူးခြားတဲ့ မွှေးရနံ့ပိုင်ရှင် စံပယ်ပန်းအဆီကိုတော့ စံပယ်ပန်းအမြောက်အများကနေ ထုတ်လုပ်ရတာဖြစ်ပြီး စံပယ်ပန်းအဆီ ၁ကီလိုဂရမ်ရဖို့ ပန်းပေါင်း ၈သန်းလောက် အသုံးပြုရမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။