အယ်ဇိုင်းမားဆိုတာ လူတိုင်းလိုလိုနားထဲမစိမ်းတဲ့ရောဂါအမည်တစ်ခု။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး သိထားကြတဲ့ဗဟုသုတအကြောင်းအရာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ ငယ်မူပြန်လည်း အယ်ဇိုင်းမား၊မေ့တတ်တယ်ဆို အယ်ဇိုင်းမား၊ အသက်ကြီးလို့ နဝေတိမ်တောင်ဖြစ်လာရင် အယ်ဇိုင်းမားပဲ လို့ သိထားကြပါရဲ့။ အဲဒီအသိတွေက မှန်မမှန်သိရအောင် အယ်ဇိုင်းမားနဲ့ပတ်သက်ပြီး မှားယွင်းနေတတ်တဲ့ အယူအဆအလွဲတွေကို ရှင်းပြချင်လို့ပါ။
အယ်ဇိုင်းမားရောဂါဖြစ်လာသူအများစုက အသက် ၆၅ နှစ်အထက်အရွယ်တွေဖြစ်နေပေမယ့် ၆၅ နှစ်အောက်တွေမှာလည်း အစပျိုးလက္ခဏာတွေရှိနေနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြခဲ့ပါတယ်။
အသက် ၄၀၊ ၅၀ ဝန်းကျင်ရောက်တဲ့အခါ အစပျိုးလက္ခဏာတွေရှိပေမယ့် အယ်ဇိုင်းမားလို့မထင်မိတာကတစ်ကြောင်း၊ အယ်ဇိုင်းမားလက္ခဏာတွေက အသက် ၆၀ကျော်မှ စတင်သိသာလေ့ရှိတာကတစ်ကြောင်း ကြိုသိဖို့ခက်ပါတယ်။ သက်ကြီးပိုင်းမရောက်ခင် အယ်ဇိုင်းမားရောဂါကိုစောစီးစွာခံစားရတတ်တဲ့အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု၊ အရွယ်မတိုင်ခင်သွေးဆုံးခြင်း၊ စိတ်ကျခြင်းတို့ပါဝင်ပါတယ်။
