backup og meta

3

မျှဝေပါ။

လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တချို့

သီချင်းတွေ အော်ဆိုရင် ဘေးကလူတွေ ဘယ်လို စနောက်ကြလဲ။ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်းထွက်မယ်နော်လို့ ပြောလေ့ရှိကြတယ်ဟုတ်။

ဒါပေမယ့် တကယ်တမ်း လိပ်ခေါင်းဖြစ်လာမလာ သေချာသိရဲ့လား။ ဘယ်လို လက္ခဏာမျိုးဆို လိပ်ခေါင်းဖြစ်နိုင်လဲ ၊ ဖြစ်လာရင် ဘာကို သတိထားရမလဲ ၊ မဖြစ်အောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲဆိုတာ သိထားသင့်တယ်နော် ။

လိပ်ခေါင်းဖြစ်တဲ့ လက္ခဏာတွေက –

  • ဝမ်းသွားရင် မနာကျင်ဘဲသွေးထွက်တာ ၊
  • စအိုတဝိုက်မှာ ယားတာ ၊ စပ်တာ ၊
  • နာတာ ၊ နေရခက်တာ ၊
  • စအိုတဝိုက် ရောင်ရမ်းလာတာ
  • စအိုဝမှာ စူလာပြီး အထိမခံနိုင်တာ ( သွေးခဲပိတ်တဲ့ လိပ်ခေါင်းရောဂါဖြစ်နေနိုင်ပါတယ် )

လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ အမျိုးအစားများ

  • အတွင်းလိပ်ခေါင်း

စအို အတွင်းပိုင်းမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါ အမျိုးအစားဖြစ်လို့ ပုံမှန် အားဖြင့် မမြင်ရ ၊ လက္ခဏာ သိပ်မခံစားရပါဘူး ။ နေရခက်တာ ၊ နာကျင်တာတွေ ဖြစ်ခဲပါတယ် ။ ဒါပေမယ့် ဝမ်းသွားတဲ့အခါ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်း မျက်နှာပြင်ကို ပွန်းစေ ၊ ထိစေတာကြောင့် သွေးထွက် နိုင်ပါတယ်။

တစ်ခါ တလေကျ  ဝမ်းသွားဖို့   အားစိုက်ရလွန်းတဲ့အခါ   အတွင်းလိပ်ခေါင်းကို   စအိုဝဆီ တွန်းပို့သလိုဖြစ်စေနိုင်ပါတယ် ။   လိပ်ခေါင်းထွက်လာတယ် ၊ ပိုဆိုးလာရင်  လိပ်ခေါင်းပြန်မဝင်တော့တဲ့  ဒီအခြေအနေကို protruding သို့မဟုတ်  prolapsed hemorrhoid လို့ခေါ်ပါတယ် ။ အဲဒီအခါကျ နာကျင်မှုနဲ့ ကျိန်းစပ်ခြင်းကို ခံစားရစေပါတယ် ။

  • အပြင်လိပ်ခေါင်း

စအိုတဝိုက်က အရေပြားအောက်မှာရှိနေတာပါ။ အပြင်လိပ်ခေါင်းကြောင့် ယားယံတာ၊ သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

  • သွေးခဲပိတ်လိပ်ခေါင်း

ဒီအမျိုးအစားမှာ တစ်ခါတလေသွေးတွေစုနေပြီး သွေးခဲဖြစ်ပေါ်စေတာကြောင့် လိပ်ခေါင်းပိုင်ရှင်တွေ ပြင်းထန်တဲ့နာကျင်မှု၊ ရောင်ရမ်းခြင်းကိုခံစားရပြီး စအိုဝမှာ ခပ်မာမာအဖုတစ်ခုဖြစ်စေနိုင်ပါတယ်။

လိပ်ခေါင်းဝေဒနာအတွက် ဘာတွေသိထားရမလဲ

အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားတဲ့အပြင် လိုအပ်ရင်ဖြည့်စွက်အားဆေးတွေပါ သောက်သုံးလို့ရပါတယ်။ အမျှင်ဓာတ်ရဖို့က အုတ်ဂျုံ၊ ဂျုံကြမ်း၊ ဘယ်ရီသီးတွေ၊ သစ်တော်သီး၊ ဖရဲသီး၊ လိမ္မော်သီးတွေရယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ အာလူးလို ဟင်းသီးဟင်းရွက်တွေရယ်၊ အစေ့အဆန်တွေရယ် စားလို့ရပါတယ်။

  • ရေများများသောက်ပါ။

ဝမ်းမှန်စေဖို့ ရေကပဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ပြင် ဆီးသီးဖျော်ရည်(ဆိုးဆေးဖျော်ရည်မဟုတ်)၊ သင်္ဘောသီး စတဲ့သဘာဝအသီးအနှံတွေကိုလည်း အားကိုးနိုင်ပါတယ်။

  • အလေးအပင်မ ရင် သတိထားပါ။

အလေးအပင်မရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။

  • အောင့်မထားပါနဲ့။

အန္တရာယ်ကို မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေ အောင့်ထားရင် ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန် အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကို အားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင် အောင့်မထားပါနဲ့။

  • ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။

ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ် ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/diseases-conditions/hemorrhoids/symptoms-causes/syc-20360268

Accessed Jan 16, 2019.

https://www.everydayhealth.com/news/six-easy-ways-prevent-hemorrhoids/

Accessed Jan 16, 2019.

https://www.webmd.com/digestive-disorders/qa/how-can-you-avoid-making-your-hemorrhoids-worse

Accessed Jan 16, 2019.

 

ယခုပုံစံ

26/01/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Zon Aung မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2021 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement