backup og meta

ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ

    ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀၀၀ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓါကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။

    ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပါယ်ကတော့ “ ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်” ၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “ တွဲဆက်ပေးရန်” လို့ အဓိပ္ပါယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ အားလုံးပေါင်းစည်ညးထားပါတယ်။

    ဒီပေါင်းစည်းမှုကို ရရှိဖို့ဆိုရင် စည်းကမ်းတကျဖြစ်ဖို့နဲ့ ခန္ဓါကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ကိုပေါင်းစည်းနိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ လေ့ကျင့်သူတွေဟာ ယောဂက သင်ကမ္ဘာကြီးကို ဘယ်လိုမြင်တယ်ဆိုတာကို ပြောင်းလဲပေးနိုင်တယ်၊ စိတ်ကိုအေးချမ်းစေတယ်၊ ဖိအားတွေကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပေါင်းစပ်မှုတွေ အားလုံးဟာ ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။

    ယောဂအမျိုးအစားတွေက ဘာတွေလဲ။

    ယောဂအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဥပမာ Ashtanga, Iyengar နဲ့ Sivananda စသဖြင့်ပေါ့။ အချို့သော စတိုင်လ်တွေကတော့ ပိုပြီးပြင်းထန်တာမျိုးကို တွေ့ရပါတယ်။ ဒါတွေအတွက်ဆိုရင်တော့ သင်ဟာ ပိုပြီးပျော့ပျောင်းရမယ်၊ ဒါမှမဟုတ် အသက်ရှူခြင်းကို ထိန်းချုပ်တာ ပိုကောင်းရပါတယ်။ တစ်ခုချင်းစီဟာ အကျိုးသက်ရောက်မှုတစ်ခုချင်းစီအတွက် ရည်ရွယ်ပြီး ပိုပြီးခက်ခဲတဲ့ အဆင့်တစ်ခုမှာရှိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးမှာတော့ ပန်းတိုင်က တစ်ခုတည်းရှိပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံး ကောင်းမွန်ဖို့ပါပဲ။

    Hatha Yoga

    လူအများစုကတော့ ယောဂကို ဟဿယောဂနဲ့ စကြတာများပါတယ်။ ဒီယောဂဟာ ယောဂအခြေခံနှစ်ခုဖြစ်တဲ့ အသက်ရှူခြင်းနဲ့ ခန္ဓါကိုယ်ကို ဆွဲဆန့်ပေးတဲ့ ကိုယ်နေဟန်ထား တို့နဲ့ တွဲဆက်ထားတာပါ။ ဒီ Asana တွေကိုတော့ မတ်တပ်ရပ်ရင်းဖြစ်စေ၊ လဲလျောင်းရင်းဖြစ်စေ၊ သင့်ရုံးခန်းက စားပွဲမှာ ထိုင်နေရင်းဖြစ်စေ ဒါမှမဟုတ် ကင်းမြီးကောက်ထောင်ပြီးပဲဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။ အသက်ရှူခြင်းကို ထိန်းချုပ်တာက ကြွက်သားတွေကို အနားရစေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေကာ အာရုံစူးစိုက်မှုရရှိစေနိုင်ပါတယ်။

    Ashtanga Yoga

    ဒီယောဂမှာတော့ asana အစဉ်အတိုင်းကို မရပ်မနားလုပ်ရမှာပါ။ ဒီယောဂအမျိုးအစားဟာ အသက်ရှူနည်းစနစ်ကိုလည်း အာရုံစိုက်ရမယ့်အပြင် ဒါက အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး အသက်ရှူလိုက်တဲ့အခါ ခန္ဓါကိုယ်တစ်ခုလုံးကို စွမ်းအင်တွေ စီးဆင်းစေတဲ့နေရာမှာ ထိန်းချုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။

    Bikram Yoga

    ဒီယောဂကိုတော့ Hot yoga လို့လည်းခေါ်ပါတယ်။ ဒီယောဂအမျိုးအစားကိုတော့ ၄၀ဒီဂရီ ဆဲလ်စီးယပ်စ်ထက်ပိုတဲ့ အရမ်းပူတဲ့အခန်းထဲမှာ လေ့ကျင့်ရမှာပါ။ တကယ်လို့ ဒီယောဂကို လေ့ကျင့်မယ်ဆိုရင်တော့ သင့်မှာ သွေးတိုးတာတို့၊ ဆီးချိုတို့လို ကျန်းမာရေးပြဿနာတွေ မရှိဖို့ လိုအပ်ပါတယ်။ မလေ့ကျင့်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

    Iyengar Yoga

    ဒီယောဂကတော့ နှေးကွေးပြီးအသေးစိတ်ကျပါတယ်။ ယောဂကို စပြပီးလေ့ကျင့်မယ့်သူတွေနဲ့ အထူးသင့်လျော်ပါတယ်။ ခါးပတ်တွေ၊ အောက်ခံတုံးတွေနဲ့ ခေါင်းအုံးလိုအရာမျိုးတွေကို သုံးပြီးလေ့ကျင့်ရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားတွေကို တိတိကျကျ မှန်ကန်စေမှာပါ။ ဒါနဲ့ အလားသဏ္ဍာန်တူတာတွေကတော့ Anusara yoga နဲ့ viniyoga တို့ပါပဲ။

    Kundalini Yoga

    ဒီယောဂကတော့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ယောဂအမျိုးအစားပါ။ သူကတော့ တရားထိုင်ခြင်း၊ အသက်ရှူခြင်းနဲ့ မန္တန်ရွတ်ခြင်းတို့ကို ပိုပြီးအဓိကထားပါတယ်။ သူ့ရဲ့အဓိကသီအိုရီကတော့ အသက်စွမ်းအင်ဖြစ်ပြီး ကျောရိုးမရဲ့ အောက်ခြေမှာ အခွေလိုက်တည်ရှိနေတဲ့ အခဲလို့ဆိုပါတယ်။ ဒီယောဂကိုလေ့ကျင့်တဲ့ ယောဂီတေါဟာ သူတို့ရှူလိုက်တဲ့ စွမ်းအင်ကို သုံးပြီး အသက်စွမ်းအင်ကို အင်အားဖြည့်တင်းပါတယ်။

    Power Yoga

    ဒီယောဂကတော့ အပြင်းထန်ဆုံးယောဂလို့ဆိုနိုင်ပါတယ်။ ယောဂနဲ့ အေရိုးဗစ်တွဲကစားရတာပါ။ လေ့ကျင့်သူတွေဟာ အနေအထား စီးရီးစ်လိုက်ကို ကစားရမှာဖြစ်ပြီး ဒါတွေကိုလည်း သူတို့ရဲ့ အသက်ရှူတဲ့အခါ ရှူသွင်းလေနဲ့ ရှူထုတ်တဲ့လေတွေနဲ့ တွဲပြီးကကစားရမှာပါ။ PPPooower yoga ဟာ ယောဂအမျိုးအစားတွေထဲက အားကစားနဲ့အတူဆုံး ယောဂပါပဲ။ နည်းပြတွေနဲ့ သင်လုပ်တဲ့ အနေအထားပေါ်မူတည်ပြီး သင့်ခန္ဓါကိုယ်ကြံ့ခိုင်မှုတွေ၊ ပျော့ပျောင်းမှုတွေနဲ့ ညီညွတ်မျှတမှုတွေကို တည်ဆောက်ပေးနိုင်ပါတယ်။

    ကောင်းကျိုးများ

    ယောဂရဲ့ ပန်းတိုင်တွေက ဘာတွေလဲ။

    ယောဂရဲ့ပန်းတိုင်ကတော့ ခန္ဓါကိုယ်၊ စိတ်နဲ့၊ ဝိဉာဉ်တို့ကို ညီညွတ်မျှတအောင် ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်စေတယ်၊ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာ စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုလည်း ယောဂကပေးစွမ်းနိုင်တဲ့ကောင်းကျိုးတွေဟာ အများကြီးရှိနေပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂအနေအထားတွေဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

    အထူးသဖြင့်တော့ အောက်ပိုင်းတွေဖြစ်တဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေပါ။ သင့်ရဲ့ မျှခြေကိုလည်း ထိန်းပေးနိုင်တာကြောင့် ချော်လဲကျတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်နေစဉ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြုတ်ကျ၊ လဲကျခဲ့တယ်ဆိုရင် ဆရာဝန်ပြလိုက်တာ အကောင်းဆု့းပါပဲ။ ယောဂမှာလေ့ကျင့်ရတဲ့ အနေအထားတွေဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ပြဿနာတွေကိုရောပေါ့။

    ယောဂဟာ တရားထိုင်ခြင်းနဲ့လည်း တွဲဖက်လုပ်ဆောင်ရပါတယ်။ တရားထိုင်ခြင်းဆိုတာကလည်း ရောဂါမတူကြတဲ့ လူနာအမျိုးမျိုးအတွက် အကျိုးရှိစေတဲ့ အရာတစ်ခုပါ။ ယောဂဟာ သူတို့ရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ပြီး စိတ်ကို တည်ငြိမ်စေတယ်လို့ လူတွေက လက်ခံထားကြပါတယ်။ တကယ်လို့များ သင့်မှာ နာတာရှည်ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ယောဂနဲ့ သင်လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို တွဲလုပ်တာက သင့်အတွက် ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။

    ယောဂက ဘာတွေပေးစွမ်းနိုင်မှာလဲ။

    ယောဂရဲ့ကောင်းကျိုးတွေနဲ့ ခန္ဓါကိုယ်ပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာတွေကို လေ့လာစရာတွေ အများကြီးကျန်နေးပေမယ့် ယောဂဟာ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့၊ ပျော့ပျောင်းဖို့နဲ့ ညီညွတ်မျှတဖို့ဆိုတာတွေအတွက်တော့ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ယောဂဟာ အကြောဝေဒနာခံစားနေရသူတွေအတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။ သူ့ရဲ့ သိမ်မွေ့တဲ့ ကိုယ်နေဟန်ထားတွေက ပျော့ပျောင်းမှုနဲ့ အားကောင်းမှုကို တိုးမြှင့်စေပါတယ်။

    အချို့တွေကတော့ ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတါကတော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါနဲ့ ဖိအားတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေပြီး ပင်ပန်းမှုကို လျှော့ချပေးကာ ရင်ကြပ်ရောဂါသည်တွေအတွက်တော့ အသက်ကို ဘယ်လိုလွယ်ကူအောင် ရှူရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့ တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။

    ဒါပေမဲ့ အချို့သော ယောဂလှုပ်ရှားမှုတွေဟာ အချို့သော လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဆရာဝန်သို့မဟုတ် Physiotherapist နဲ့စစ်ဆေးပြီး ဘယ်လိုလှုပ်ရှားမှုတွေ ရှောင်ရမယ်ဆိုတာကို မေးကြည့်ပါ။ အကြောနာခြင်းအကြောင်းကို နားလည်တဲ့ ဆရာတစ်ယောက်ကို ရှာတာက ကိုယ့်အတွက် ဘယ်လိုလှုပ်ရှားမှုမျိုးလုပ်ဖို့ ပိုသင့်တော်မယ်ဆိုတာကို သိနိုင်ဖို့ ပိုပြီးလွယ်ကူပါတယ်။ အထူးသဖြင့် သင်က အဆစ်တွေကို အစားထိုးထားရတဲ့လူဆိုရင်ပေါ့။

    ယောဂကို ဘယ်လိုစတင်ကြမလဲ။

    ယောဂကို စတင်ဖို့ ဘာတွေလိုအပ်သလဲ။

    ယောဂကို အသက်အရွယ်မရွေး လူတိုင်းလေ့ကျင့်လို့ရပါတယ်။ ယောဂဟာ ကလေးဘဝကနေပြီး အသက်ကြီးလာတဲ့အချိန်အထိ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်သွားလို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ယောဂကျင့်တဲ့ လူအများစုကတော့ သူတို့စောစောစခဲ့မိရင် အကောင်းသားလို့ ဆန္ဒရှိတတ်ကြပါတယ်။

    ယောဂကို စပြီးလေ့ကျင့်ဖို့ဆိုရင်တော့ သင်နေထိုင်ရာ အနားတစ်ဝိုက်မှာ ယောဂစတူဒီယိုရှိမရှိကြည့်ပါ။ လေ့ကျင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပါ။ ယောဂလေ့ကျင့်ဖို့ လိုအပ်တဲ့ အဓိကအခြေခံ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    – သင်နေထိုင်ရာ နေရာတစ်ဝိုက်မှာရှိတဲ့ ယောဂပုံစံအများကြီးလေ့ကျင့်ပေးနိုင်တဲ့ စတူဒီယိုကို ရှာဖွေပါ။ ဒါဟာ သင့်အတွက် ဘယ်ယောဂပုံစံက အသင့်လျော်ဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေနိုင်ဖို့ အခွင့်အရေးပိုများစေပါတယ်။ စတူဒီယိုမှာတော့ အရည်အချင်းပြည့်မီတဲ့ ယောဂနည်းပြတွေရှိဖို့လိုပြီး ယောဂကျင့်တဲ့အခါ သင်လိုအပ်မယ့် အရာတွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဒါမှသာသင့်ရဲ့ယောဂလေ့ကျင့်မှုကို အာရုံအပြည့်အဝစိုက်နိုင်မှာပေါ့။

    – သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်ကူတဲ့ အဝတ်အစားများ။ ယောဂမှာ ဆန့်ထုတ်တာတွေအများကြီးလုပ်ရမယ်ဆိုတာ သတိရပါ။ သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်မယ့် အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ အချို့သော လေ့ကျင့်ခန်းတွေမှာ သေချာလုပ်ရမယ့် ပုံစံအနေအထားတွေရှိပါတယ်။ ဥပမာ Iyengar လိုပေါ့။ ဒီလို အနေအထားမျိုးမှာဆိုရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားကို ဖုံးကွယ်မထားတဲ့ အဝတ်အစားမျိုးလိုပါမယ်။ ဒါမှ နည်းပြကသင့်အနေအထား မှန်မမှန်၊ မျှမမျှကြည့်လို့ရမှာပါ။ သင့်ပုံစံနဲ့ ကိုက်ညီမယ့်အဝတ်အစားကိုရှာပါ။ ခါးပတ်တွေ၊ အင်္ကျီလက်တွေနဲ့ ငြိပြီးလေ့ကျင့်ရာမှာ အနှောက်အယှက်ဖြစ်မှာတော့ သင်လည်း လိုလားမှာမဟုတ်ပါဘူး။

    – ရေဘူးကောင်းကောင်း။ ဘယ်လိုလေ့ကျင့်ခန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ရေဓါတ်ပြည့်နေဖို့ပါပဲ။ ယောဂလည်း ထိုနည်းနှင်နှင်ပါ။ လေ့ကျင့်နေစဉ်မှာ ချွေးထွက်များတာကြောင့် ရေဓါတ်ဆုံးရှုံးလာခြင်းဟာ လေ့ကျင့်နေတဲ့အချိန်မှာ ခေါင်းမူးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေထောက်တစ်ဘက်တည်းနဲ့ ရပ်နေပြီး အသက်ရှူတာကိုပါ ထိန်းချုပ်နေရမယ်ဆိုရင် ပိုပြီး မူးလွယ်ပါတယ်။ ခန္ဓါကိုယ်ကို ရေသောက်ပြီး ရေဓါတ်ပြန်ဖြည့်ပေးနေမယ်ဆိုရင်တော့ ဘယ်လိုယောဂကိုပဲ လေ့ကျင့်သည်ဖြစ်စေ၊ အာရုံစူးစိုက်မှုကို အပြည့်အဝပြန်ရစေပါတယ်။

    – ကိုယ်ပိုင်ဖျာ။ ဒါကတော့ လိုအပ်ရင်ပါ။ ယောဂစတူဒီယိုအများစုက လေ့ကျင့်သူတွေအတွက် ဖျာတွေထုတ်ပေးလေ့ရှိပါတယ်။ သန့်ရှင်းမှုအတွက်တော့ ကိုယ့်ကိုယ်ပိုင်ဖျာရှိနေတာက အကောင်းဆု့းပါပဲ။ သူများတကာလည်း အကြိမ်ကြိမ်သုံးနေတဲ့ ဖျာကို ကိုယ်လည်း ဆက်သုံးရမှာက မနှစ်မြို့စရာပဲလေ။ ဒါ့အပြင် အိမ်မှာထပ်ပြီးလေ့ကျင့်ချင်သေးတယ်ဆိုရင်လည်း ကိုယ်ပိုင်ဖျာ ရှိထားသင့်တယ် မဟုတ်လား။

    – ဖျာသုတ်ဝတ်။ တကယ်လို့များ hot yoga သို့မဟုတ် ဆက်တိုက်လုပ်ရတဲ့ ယောဂတွေကို လေ့ကျင့်မယ်ဆိုရင် တဘက်တစ်ထည်တော့ မဖြစ်မနေလိုပါပြီ။ ချွေးတွေနဲ့ ချောနေတဲ့ ဖျာဟာ အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် အာရုံစိုက်ဖို့နဲ့ ပုံစံမှန်ဖို့ ဂရုစိုက်နေတဲ့ အချိန် ကြိုးစားနေတဲ့အချိန်မှာ ချွေးတွေ မျက်စိထဲဝင်လာမှာတော့ မလိုလားကြဘူးမဟုတ်လား။ ဒါဟာ လေ့ကျင့်ဖို့ထဲ တဘက်ဘယ်လိုပါလာရတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

    ယောဂအဆင့်တွေက ဘာတွေလဲ။

    ယေဘုယျပြောရမယ်ဆိုရင်တော့ ယောဂမှာ Beginner, Intermediate, နဲ့ Experienced ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။ ဒါတွေကို Level 1 ကနေ 3ထိ သတ်မှတ်ထားရအောင်ပါ။ ဒါပေမဲ့ ဒီတစ်ဆင့်ပြီးလို့ နောက်တစ်ဆင့်တက်ရအောင်ဆိုတဲ့ စနစ်မျိုးတော့ မရှိပါဘူး။ အချို့လူတွေဟာ Level 1 နဲ့တင် တစ်ဘဝလုံး ကုန်ဆုံးသွားတတ်ပါတယ်။ ယောဂလေ့ကျင့်နေတဲ့အချိန်မှာ သင်ဘယ်လောက်အကြောပျော့တယ်၊ ဘယ်လောက်ကွေးညွှတ်နိုင်တယ်ဆိုတာနဲ့လည်း မဆိုင်ပါဘူး။ ဒါဟာ သင်ဘယ်လောက်နားလည်လိုက်တယ်၊ ယောဂနဲ့ပတ်သက်လို့ ဘယ်လို ဗဟုသုတရှိတယ်ဆိုတာနဲ့ ယောဂကို ဘယ်လောက်လေ့ကျင့်ဖူးတယ်ဆိုတဲ့အပေါ်မူတည်ပါတယ်။

    နည်းပြအများစုကတော့ Level 1 ယောဂကို ရိုးရှင်းတဲ့ ယောဂစတိုင်လ်တွေနဲ့ အခြေခံ အနေအထားတွေအတိုင်းလေ့ကျင့်ပေးကြပါတယ်။ gymnastics သို့မဟုတ် ကခဲ့ဖူးတဲ့ လူအချို့တောင်မှ Level 1 အတန်းတွေကနေသာ စပြီး လေ့ကျင့်သင့်ပါတယ်။

    Level 1

    ဒီအဆင့်ကတော့ ယောဂကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးသူတွေနဲ့ ဒဏ်ရာရှိသူတွေအတွက်ပါ။ ဒဏ်ရာရသူတွေအတွက်တော့ ဆရာဝန်နဲ့ နည်းပြရဲ့ ထောက်ခံချက်လိုပါတယ်။ ပြောခဲ့သလိုပါပဲ ယောဂလေ့ကျင့်သူအများစုဟာ အားလုံးကိုကျွမ်းကျင်သွားတယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ဖို့ Level 1 အဆင့်ကို ပြန်လာတတ်ကြပါတယ်။ ဒီအတန်းတွေက ယောဂရဲ့အခြေခံ Asana တွေ အများကြီးရယ်၊ အသုံးများတဲ့ ယောဂအနေအထားတွေကို ဘယ်လို အာရုံစိုက်ရပြီး ဘယ်လို အန္တရာယ်ကင်းအောင် ကစားရမယ်ဆိုတာတွေကို ဖြည်းဖြည်းချင်း ပြသပေးနိုင်ပါလိမ့်မယ်။

    Level 2

    ဒီအတန်းတွေမှာတော့ ယောဂအကြောင်း သိထားဖို့တော့ လိုလာပါပြီ။ ဒါ့အပြင် အချို့သော အနေအထားတွေမှာ ဘယ်အရာတွေက မရှိမဖြစ်လိုတာမျိုး ဥပမာ လက်တွေကို ဘယ်လို မျှတအောင်ထားမယ်ဆိုတာမျိုးတွေ သိထားဖို့လိုပါတယ်။ ဒီအတန်းကတော့ Level 1 ထက်ကို ပိုပြီး မြန်မြန်လေ့ကျင့်မှာပါ။ ဒါပေမဲ့ နှစ်ခုကြားက အနေအထားတွေတော့ ရှိနေဦးမှာပါပဲ။ ပိုပြီးအဆင့်မြင့်တဲ့ အနေထားတွေနြ့ နည်းလမ်းတွေကို သင်ကြားပေးမှာပါ။ ဥပမာ အသက်ရှူခြင်းကို ဘယ်လိုထိန်းချုပ်မယ် ဆိုတာမျိုးပေါ့။

    Level 3

    နောက်ဆုံးမှာတော့ သင်ထိပ်ဆုံးကို ရောက်လာပါပြီ။ ယောဂလေ့ကျင့်မှုတွေရဲ့ အမြင့်မားဆုံးတောင်ထိပ်ပါပဲ။ ကံဆိုးတာကတော့ ဒါဟာ ယောဂလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးအဆင့်တော့မဟုတ်ပါဘူး။ ထပ်ပြီးလေ့လာဖို့တွေ ရှိနေပါသေးတယ်။ ဒီအဆင့်မှာတော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အာရုံစိုက်ရမှာပါ။ ဒီအတန်းမှာ ကင်းမြီးကောက်ထောင်တာတွေနဲ့ အနေအထားတစ်ခုနဲ့တစ်ခုကြား သေချာ အဆုံးထိ ကွေးညွတ်ရတာတွေ ဘာတွေ ပါလာနိုင်ပါတယ်။

    အန္တရာယ်ကင်းဖို့ အချက်များ

    ယောဂမှာ စိုးရိမ်စရာအချက်တွေ ရှိနေသေးလား

    အခြားလေ့ကျင့်ခန်းတွေလိုပါပဲ။ ယောဂလည်း အန္တရာယ်များနိုင်ပါတယ်။ အဆစ်ပြဿနာတွေ၊ အကြောပြဿနာရှိတဲ့သူတွေဆိုရင်တော့ ဥပမာအားဖြင့် ရှေ့ကို အဆုံးထိကွေးညွတ်ရတာမျိုးတွေ ရှောင်သင့်ပါတယ်။ လည်ပင်းပြဿနာရှိနေရင်တော့ ကင်းမြီးကောင်မထောင်သင့်ပါဘူး။ ယောဂမလေ့ကျင့်မီ ဆရာဝန်ကိုရော နည်းပြကိုပါ သင့်ရဲ့ကျန်းမာရေးပြဿနာအကြောင်းပြောပြပြီးတိုင်ပင်ပါ။ သင်လုပ်နိုင်သမျှ အစွမ်းကုန်ကို နည်းပြကို ပြောပြထားပါ။

    သင့်အတွက်မှန်ကန်တဲ့ ယောဂပုံစံကို ဆု့းဖြတ်နိုင်ဖို့ဆိုရင် သင့်ကိုယ်သင် ဒီမေးခွန်းတွေကို မေးဖို့ လိုအပ်ပါတယ်။

    – ယောဂကို ကြံ့ခိုင်ဖို့နဲ့ ခန္ဓါကိုယ်ကောက်ကြောင်းအတွက် ရွေးချယ်ခဲ့တယ်ဆိုရင် ပြင်းထန်တဲ့ ယောဂစတိုင်လ်တွေဖြစ်တဲ့ Power Yoga တို့၊ Ashtanga yoga သို့မဟုတ် Bikram yoga တို့လို ယောဂလေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။

    – ခန္ဓါကိုယ်နဲ့ စိတ်ရဲ့ဆက်သွယ်ချက်ကို သိချင်တာမျိုးဆိုရင်တော့ သက်တောင့်သက်သာနဲ့ အာရုံစိုက်ရတဲ့ ယောဂမျိုါ်ကိုရွေးချယ်ပါ။ ဆိုလိုတာက တရားများများထိုင်ရာတာမျိုး၊ မန္တန်ကျူးရတာမျိုးနဲ့ ယောဂရဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေကို လေ့လာရတဲ့ ယောဂမျိုးကို ရွေးချယ်ပါ။

    – ဒဏ်ရာကြောင့်၊ ကျန်းမာရေးကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်မယ်ဆိုရင်တော့ ခန္ဓါကိုယ်အလိုင်းမန့်ညီဖို့ကို အာရုံစိုက်တဲ့ ယောဂနှေးနှေးကျင့်တဲ့ အတန်းတွေကို ရွေးချယ်ပါ။

    သင့်မှာ ဘယ်လိုရည်ရွယ်ချက်ပဲ ရှိနေပါစေ၊ ကိုယ်နေဟန်ထားတွေကို မှန်ကန်စွာလုပ်နိုင်ဖို့နဲ့ အလွယ်တကူလုပ်နိုင်ဖို့ ယောဂစပြီးလေ့ကျင့်သူတွေတက်ရမယ့် အတန်းတွေကို တက်ဖို့ လိုကိုလိုပါတယ်။ လေ့ကျင့်ခန်းသစ်မစတင်မီ။ သို့မဟုတ် fitness program တစ်ခု မစတင်မီတိုင်းမှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အထူးသဖြင့် သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိခဲ့ရင် သို့မဟုတ် သင်ကိုယ်တိုင်က သက်ကြီးပိုင်းဖြစ်နေခဲ့ရင်ပေါ့။

    ယောဂကို အန္တရာယ်ကင်းအောင် ဘယ်လိုလေ့ကျင့်မလဲ။

    ကျွမ်းကျင်သူတွေကတော့ ယောဂဟာ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ ယောဂကြောင့် ဒဏ်ရာရတယ်ဆိုတာ ဖြစ်ခဲပေမယ့် အခြားသော လေ့ကျင့်ခန်းတွေလိုပဲ မတော်တဆဆိုတာ ဖြစ်တတ်ပါတယ်။ ယောဂကြောင့်ဖြစ်တဲ့ အချို့သော ဒဏ်ရာတွေဟာ အဆန့်လွန်သွားတာမျိုးတွေ တစ်နေရာတည်းကို ခဏခဏအသုံးပြုနေတာတွေကြောင့် ဖြစ်ရပြီး ချောနေတဲ့အရာတွေကိုနင်းမိပြီးချော်လဲတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ညင်ညင်သာသာအကြောဆန့်ပြီး လေ့ကျင့်ခန်းတွေ မစမီမှာ လိုအပ်တဲ့ပစ္စည်းတွေကို စနစ်တကျပြင်ဆင်တာက ဒဏ်ရာရခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    အရည်အသွေးပြည့်ဝတဲ့ နည်းပြဆရာတစ်ယောက်ရှိနေမယ်ဆိုရင်ောတ့ ယောဂဟာ လုံးဝစိတ်ချရပါတယ်။ မှန်ကန်တဲ့ဆရာရှိဖို့နဲ့ သင့်အခြေအနေနဲ့ လိုက်ဖက်မှန်ကန်တဲ့ အတန်းကိုရွေးချယ်ခြင်းဟာ ဒဏ်ရာရနိုင်ချေတွေနဲ့ ဝေးကွာစေပါတယ်။ တကယ်လို့သင်က ကုသမှုတစ်ခုခုခံယူနေရတယ်ဆိုရင် သင်သုံးစွဲမယ့် နည်းလမ်းတွေ၊ လုပ်ချင်တာတွေကို ပြောပြပါ။ ဆရာဝန်က ဖြစ်လာနိုင်မယ့် အန္တရာယ်တွေနဲ့ သင့်အတွက် လိုအပ်မှာတွေကို ပြောပြပေးနိုင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement