backup og meta

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေ

သိုင်းရွိုက်ဟော်မုန်းများသူတွေ သတိထားသင့်တဲ့ အရေးပေါ်အခြေအနေတစ်ခုရှိပါတယ်။ ဒါကို Thyroid crisis/ Thyroid stormလို့ ခေါ်ပါတယ်။ အချိန်တိုလေးအတွင်းမှာ ဖြစ်လာပြီး တဖြည်းဖြည်းပိုဆိုးလာနိုင်လို့ ထိရောက်တဲ့ကုသမှုကို အမြန်ဆုံး ခံယူသင့်တဲ့ အခြေအနေပါ။

Thyroid crisis အရေးပေါ်အခြေအနေဆိုတာ

သိုင်းရွိုက်ဟော်မုန်းက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တော်တော်များများကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း များရင် ဖြစ်ဖြစ်၊ နည်းရင် ဖြစ်ဖြစ် တစ်ကိုယ်လုံးမှာ လက္ခဏာတွေ ပြတာပေါ့။ ဒီအရေးပေါ်အခြေအနေမှာတော့ သိုင်းရွိုက်ဟော်မုန်းတွေ အဆမတန်များလာတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက စနစ်တွေ ထိန်းမနိုင် သိမ်းမရဖြစ်လာတာပါ။

ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။

သာမန်သိုင်းရွိုက်ဟော်မုန်း များတဲ့ လက္ခဏာတွေနဲ့ အတူတူပါပဲ။ သူကတော့ ရုတ်တရက်ကြီး ဖြစ်လာပြီး လက္ခဏာတွေလည်း ပိုဆိုးတတ်ပါတယ်။ တွေ့ရတတ်တာတွေကတော့

  • နှလုံးခုန်နှုန်းတွေ မြန်လာတာ (အရင်ကထက် ရင်ပိုတုန်တဲ့ ဝေဒနာ ခံစားရမှာပါ)
  • အဖျားတွေ တက်လာတာ
  • ချွေးတွေ အများကြီးထွက်လာတာ
  • တစ်ကိုယ်လုံး တုန်ရီနေတာ
  • ဂနာမငြိမ်တာ
  • သတိကောင်းကောင်း မရတာ
  • ဝမ်းလျှောတာ၊ အန်တာ
  • သတိလစ်တာ စတာတွေ တွေ့ရတတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတဲ့ သူတစ်ယောက်ဟာ ရုတ်တရက်ကြီး ဒီလိုလက္ခဏာတွေ ပြလာတယ်ဆိုရင် ဒါအရေးပေါ်အခြေအနေပါ။ ဆေးရုံကို အမြန်သွားရမှာပါ။

ဘာကြောင့် ဖြစ်ရတာလဲ။

ဒီအရေးပေါ်အခြေအနေက ဖြစ်ခဲပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတာကို မသိလို့ မကုဘဲနေတဲ့သူတွေ၊ ထိထိရောက်ရောက် မကုတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ပြင် နဂို သိုင်းရွိုက်ဟော်မုန်းများတဲ့ အခံရှိတဲ့သူတွေမှာ အောက်က ကိစ္စလေးတွေ ဖြစ်လာခဲ့ရင်လည်း Thyroid crisis ဖြစ်တတ်ပါတယ်။

  • ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရတာ (အထူးသဖြင့် သိုင်းရွိုက်ဂလင်းကို ထိခိုက်မိတာ)
  • ခွဲစိတ်ကုသမှု လုပ်တာ (ဒါကြောင့် သိုင်းရွိုက်ဟော်မုန်း စိတ်ချရတဲ့ ပမာဏရောက်မှ ခွဲစိတ်တာတွေ လုပ်ပေးတာပါ)
  • ပြင်းပြင်းထန်ထန် စိတ်ထိခိုက်စရာရှိတာ
  • လေဖြတ်တာ
  • ဆီးချိုတွေ ထိန်းမရဖြစ်တာ
  • နှလုံးမကောင်းတာ
  • အဆုတ်သွေးကြောသွေးခဲပိတ်တာ
  • ပိုးဝင်ကူးစက်ခံရတာ
  • ကိုယ်ဝန်ဆိပ်တက်တာ
  • သိုင်းရွိုက်ဟော်မုန်း ထိန်းဆေးတွေ ပုံမှန်မသောက်တာ
  • နောက်ရှားရှားပါးပါး Graves disease လို့ ခေါ်တဲ့ သိုင်းရွိုက်ရောဂါတစ်မျိုးမှာ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းနဲ့ ကုမိရင် ဖြစ်တတ်ပါတယ်တဲ့။

ကုသလို့ရပါသလား။

ကုသလို့ရပါတယ်။ အချိန်မီ ဆေးရုံကို ခေါ်သွားဖို့ လိုပါတယ်။ ဒီရောဂါက အချိန်တိုလေးအတွင်းမှာပဲ ပြင်းထန်လာတတ်လို့ ရုတ်တရက် နှလုံးခုန်မမှန်ဘဲ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။ အဓိကကတော့ ဆေးဝါးတွေနဲ့ များနေတဲ့ သိုင်းရွိုက်ဟော်မုန်းကို ပြန်နည်းအောင် လုပ်ရတာပါ။ တခြားရောဂါအခံတွေ ရှိနေရင်လည်း ကုသပေးရပါတယ်။ အများစုကတော့ ၁ရက်ကနေ ၃ရက်လောက်ဆို သက်သာသွားပါပြီ။ သက်သာသွားရင်တော့ သက်ဆိုင်ရာ ဟော်မုန်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး သေသေချာချာ ကုသရမှာပါ။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်ပါလိမ့်မယ်။

ကာကွယ်လို့ရော ရပါသလား။

ဒီရောဂါက နာတာရှည် ရောဂါတော့ မဟုတ်ပါဘူး။ အချိန်တိုလေးအတွင်းမှာ ခပ်မြန်မြန်ဖြစ်ပြီး အချိန်မီ ကုသမှုခံယူလိုက်ရင် ပြန်ကောင်းသွားတာမျိုးပါ။ ထပ်မဖြစ်ချင်ဘူးဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်းကို ထိန်းချုပ်နိုင်အောင် ဆေးတွေ စနစ်တကျကုတာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://emedicine.medscape.com/article/925147-overview#a8

https://medlineplus.gov/ency/article/000400.htm

ယခုပုံစံ

22/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement