backup og meta

ဆိုရီယေးစစ် (Psoriasis)ပြဿနာအဖြေရှာရအောင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရီယေးစစ် (Psoriasis)ပြဿနာအဖြေရှာရအောင်

    ဆိုရီယေးစစ်ဆိုတာ အရေပြားပြဿနာတစ်မျိုးပါ။ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အရေပြားမှာ အကွက်တွေပေါ်လာပြီး ယားယံတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အမြစ်ပြတ်ပျောက်အောင် ကုလို့လည်းမရသေးပါဘူး။ ဒါပေမယ့် လက္ခဏာသက်သာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။

    ဆိုရီယေးစစ်ဆိုတာဘာလဲ။

    ဆိုရီယေးစစ်ဆိုတာ အရေပြားဆဲလ်တွေ ပုံမမှန်ပွားတာကြောင့် အရေပြားမျက်နှာပြင်မှာ ဆဲလ်တွေစုပုံလာပြီး ထူထူကြီးဖြစ်လာတာပါ။ အင်ပျဉ်ထတာနဲ့ ပုံစံတူပါတယ်။ ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ပါတယ်။ နာတာရှည်အရေပြားရောဂါပါ။

    ဆိုရီယေးစစ်အမျိုးအစားများ

    (၁) Plaque psoriasis

    အတွေ့ရအများဆုံးပုံစံပါ။ အင်ပျဉ်ထသလို ဖောင်းနေပြီး အရေပြားက ခြောက်သွေ့အက်ကွဲနေပါတယ်။ အကြေးခွံနဲ့တူပါတယ်။ ယားတာ၊ နာတာရှိပါတယ်။ လိင်အင်္ဂါနဲ့ ပါးစပ်ပေါက်အပါအဝင် ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

    (၂) လက်သည်း ဆိုရီယေးစစ်

    လက်သည်းခွံချိုင့်တာ၊ ပုံမမှန်ရှည်ထွက်တာ၊ အရောင်ပြောင်းတာ၊ ကြွတ်ဆတ်တာ၊ ကျွတ်ထွက်တာအထိဖြစ်နိုင်ပါတယ်။

    (၃) Guttate psoriasis

    ဒီအမျိုးအစားက ကလေးတွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ ဘတ်တီးရီးယားပိုးတစ်မျိုးကြောင့် လည်ပင်းနာတာခံစားရပြီးတဲ့နောက်ပိုင်းမှာ တွေ့ရတတ်ပါတယ်။ အရေပြားအဖတ်လန်တဲ့ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။

    (၄) Inverse psoriasis

    ချိုင်းအောက်၊ ပေါင်ခြံ၊ ရင်သားအောက်နဲ့ လိင်အင်္ဂါတွေမှာတွေ့ရတတ်ပါတယ်။ ရောင်ရမ်းနေတဲ့ အနီပြင်လိုက်တွေ့ရပြီး ချွေးထွက်ရင်၊ ပွတ်တိုက်မိရင် ပိုဆိုးပါတယ်။ နောက်ဆက်တွဲအနေနဲ့ မှိုစွဲတာဖြစ်တတ်ပါတယ်။

    (၅) ပြည်တည်နာ ဆိုရီယေးစစ်

    တွေ့ရခဲပါတယ်။ အရေပြားနီပြီး ရောင်ရမ်းတာမကြောသေးမှာပဲ ပြည်တည်နာအဖြစ်ပြောင်းသွားပါတယ်။ ဖြစ်တဲ့နေရာများရင် ချမ်းတုန်ဖျားတာ၊ ယားတာ၊ ဝမ်းလျှောတာတွေနဲ့ပါ တွဲဖြစ်တတ်ပါတယ်။

    (၆) Erythrodermic psoriasis

    သူလည်းဖြစ်တာရှားပါတယ်။ တစ်ကိုယ်လုံးမှာတွေ့ရတတ်ပြီး နီရဲရောင်ရမ်းပြီး အရေပြားတွေ အဖတ်ကွာတတ်ပါတယ်။

    ဘာကြောင့်ဖြစ်တာလဲ။

    ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ မသိကြသေးပါဘူး။ ဒါပေမယ့် ဒါက ခုခံအားကမောက်ကမဖြစ်တာ(Autoimmune)နဲ့ မျိုးရိုးဗီဇကြောင့်လို့ ယူဆကြပါတယ်။ ယောကျ်ားမိန်းမဖြစ်နှုန်းအတူတူပါပဲ။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ၁၅-၃၅နှစ်ကြားက အဖြစ်အများဆုံးပါ။

    ကူးစက်နိုင်လား။

    ဆိုရီယေးစစ်က မကူးစက်တတ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ထိလို့လည်း မကူးပါဘူး။ ဒါပေမယ့် မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတစ်ဦးမှာရှိရင် ဖြစ်နိုင်ချေ၁၀ရာခိုင်နှုန်းပါ။ နှစ်ဦးလုံးမှာရှိရင်တော့ ၅၀ရာခိုင်နှုန်းအထိတက်သွားပါတယ်။

    ဘာတွေကပိုဆိုးစေတာလဲ။

    ဆိုရီယေးစစ်ကို ပိုဆိုးစေတဲ့ အချက်တွေကိုသာ သိထားမယ်ဆိုရင် ရောဂါပြန်မကြွအောင် ရှောင်လို့ရပါတယ်။ ဒါတွေကတော့

    • ဘတ်တီးရီးယားပိုးတွေ (လည်ချောင်းနာပိုး၊ အရေပြားပိုး)
    • အရေပြားကို ထိခိုက်အနာတရဖြစ်တာတွေ (ထိခိုက်တာ၊ ပိုးမွှားကိုက်တာ၊ နေလောင်တာ)
    • ​စိတ်ဖိစီးမှု
    • ဆေးလိပ်သောက်ခြင်း
    • အရက်အလွန်အကျွံသောက်ခြင်း
    • ဗီတာမင် ဒီချို့တဲ့ခြင်း
    • အဝလွန်ခြင်း
    • ဆေးဝါးများ (လီသီယမ်၊ တချို့သော သွေးတိုးကျဆေး၊ ငှက်ဖျားပျောက်ဆေး၊ အိုင်အိုဒိုက်)

    ဒါတွေကို ရှောင်ရင် ရောဂါသက်သာတာပဲရှိတာပါ။ အပြီးပျောက်တာမဟုတ်ပါဘူး။ ရှောင်နေရင်းနဲ့ ရောဂါပြန်ကြွနိုင်တယ်ဆိုတာကိုလည်းသိထားရပါမယ်။

    နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်နိုင်လဲ။

    • အဆစ်ရောင် ဆိုရီယေးစစ်  အဆစ်တွေထိခိုက်ပြီး ပုံပျက်တာ၊ ပုံမှန်အတိုင်းအလုပ်မလုပ်နိုင်တာတွေဖြစ်တတ်ပါတယ်။
    • မျက်ကြည်လွှာရောင်ရမ်းတာ
    • အဝလွန်လို့လည်း ဆိုရီယေးစစ်ပိုဆိုးစေနိုင်သလို ဆိုရီယေးစစ်ကြောင့်လည်း အဝလွန်တတ်ပါတယ်။
    • အမျိူးအစား(၂)ဆီးချိုရောဂါ။ ဆိုရီယေးစစ်ပိုဆိုးလေလေ ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုမြင့်လေပါပဲ။
    • သွေးတိုးစေပါတယ်။
    • နှလုံးရောဂါဖြစ်နိုင်ချေကို ၂ဆဖြစ်စေပါတယ်။ သွေးတိုးတာ၊ အင်ဆူလင်ပမာဏတက်တာနဲ့ ကိုလက်စရောတွေတက်တာကြောင့် နှလုံးရောဂါဖြစ်နိုင်ချေမြင့်လာတာပါ။
    • တခြား ခုခံအားကမောက်ကမရောဂါများဖြစ်တတ်ခြင်း။ Autoimmuneတွေရဲ့ထုံးစံက တခြားautoimmuneတွေနဲ့ တွဲတတ်တာပါ။ ဒါကြောင့် ဆိုရီယေးစစ်ရှိတဲ့သူတွေမှာ အူရောင်ရမ်းတာ၊ Celiacရောဂါ၊ Sclerosisရောဂါတွေ တွေ့ရတတ်ပါတယ်။
    • ပါကင်ဆန်ရောဂါဖြစ်နိုင်ချေများပါတယ်။
    • ကျောက်ကပ်ရောဂါဖြစ်တတ်ပါတယ်။
    • ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာ၊ စိတ်ဓာတ်ကျတာ ဖြစ်တတ်ပါတယ်။ ရောဂါကူးစက်နိုင်တယ်လို့ လူတွေထင်ကြတာကြောင့် ဖယ်ကြဉ်တာလည်း ခံရတတ်ပါတယ်။

    ကုသလို့ရသလား။

    ဆိုရီယေးစစ်က အမြစ်ပြတ်အောင် ကုလို့မရပါဘူး။ ရောဂါပေါ်လာလို့ ကုလိုက်ရင် သက်သာသွားပါတယ်။ သက်သာရုံပဲရှိတာပါ။ ရောဂါကပျောက်သွားတာမဟုတ်ပါဘူး။ အခြေအနေပေးရင် ပြန်ပြီးပေါ်လာတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။

    အိမ်တွင်းကုထုံးများ

    အိမ်မှာကိုယ့်ဟာကိုယ်ကုတာက ရောဂါမပျောက်ပေမယ့်လည်း အရေပြားပျက်စီးတာကို သက်သာစေမှာပါ။ ဒါကြောင့်

    • ရေပုံမှန်ချိုးပါ။

    ရေပုံမှန်ချိုးတာကြောင့် အပေါ်ယံအရေပြားဆဲလ်တွေ ကွာကျသွားပါမယ်။ ရေနွေးနဲ့ချိုးတာ၊ ဆပ်ပြာကြမ်းတွေသုံးတာ မလုပ်ရပါဘူး။ ရေကြက်သီးနွေးနဲ့ ဆပ်ပြာအပျော့စားကို အမွှေးဆီနည်းနည်းထည့်ပြီးချိုးပါ။ ပြီးရင် ရေကို အခြောက်မသုတ်ဘဲ အစိုဓာတ်ကျန်အောင်ထားပါ။

    • အစိုဓာတ်ဖြည့်ကရင်မ် (Moisturizer) သုံးပါ။
    • နေရောင်ခံပါ။ မနက်ခင်းနေခြည်နွေးနွေးလေးပြပေးတာက ဆိုရီယေးစစ်ကို သက်သာစေပါတယ်။ နေလောင်မခံမိအောင်တော့ သတိထားပါ။ ဒါက ဆိုရီယေးစစ်ကို ပိုဆိုးစေပါတယ်။
    • မိမိရဲ့ ဆိုရီယေးစစ်ကို ပိုဆိုးစေတဲ့အချက်ကို မှတ်ထားပြီး ​ရှောင်ကြဉ်ပါ။
    • အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

    Take home massage

    ဆိုရီယေးစစ်ဆိုတာ ခုခံအားကမောက်ကမကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇကြောင့်သော်လည်းကောင်းဖြစ်တတ်ပါတယ်။ မကူးတတ်ပါဘူး။ အမြစ်ပြတ်အောင် ကုလို့မရပါဘူး။ ဖြစ်လိုက်ပျောက်လိုက်ပါ။ ဖြစ်နေချိန်မှာ သက်သာအောင် ဆရာဝန်နဲ့ပြသပါ။ ပျောက်သွားရင် ပြန်ဖြစ်တာနှေးအောင် အိမ်တွင်းကုထုံးတွေသုံးပါ။ မတည့်တာတွေကိုရှောင်ကြဉ်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement