backup og meta

လည်ချောင်းခြောက်ပြီးယား နေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

လည်ချောင်းခြောက်ပြီးယား နေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

တစ်ခါတလေ လည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီးယား စေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

လည်ချောင်းခြောက်ပြီးယား ‌ရတဲ့ အကြောင်းရင်းများ

၁။ ရေသောက်နည်းတာ

ရေသောက်နည်းတဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို လိုက်ပြီး ရေ ၂-၃လီတာခန့် သောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး ချွေးအထွက်များတဲ့နေ့တွေဆိုရင် ရေပိုသောက်ပါ။ ကော်ဖီ၊ အအေး လျှော့သောက်ပါ။

၂။ ပါးစပ်ဟပြီး အိပ်တတ်တာ

အိပ်တဲ့အချိန်ဆိုရင် ပါးစပ်ကြီးဟ သွားရေတွေ ယိုတတ်တဲ့အကျင့် သင့်မှာရှိလား။ ညအိပ်နေရင်း အသက်ရှူကျပ်ပြီး ပါးစပ်ဟ အသက်ရှူရတဲ့ရောဂါရော  သင့်မှာရှိလား။

တစ်ညလုံးလိုလို ပါးစပ်ကြီးကို ဖွင့်ထားပြီး အိပ်ပျော်နေတဲ့အခါကျ မနက်နိုးလာရင် ပါးစပ်မှာကလည်း သွားရေတွေ နည်းပြီး ခြောက်ကပ်ကပ်ဖြစ်၊ လည်ချောင်းကလည်း ယားကျိကျိနဲ့ နေရခက်စေတယ်နော်။ ဒီလိုလက္ခဏာအပြင်ကိုမှ သွားရေတွေ ခြောက်သွားခြင်းကြောင့် ခံတွင်းအနံ့ဆိုးဖြစ်တာ၊ ညအိပ်နေစဉ် ဟောက်တာ၊ မနက်ပိုင်းမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝသလိုဖြစ်တာတွေ တွေ့ရတတ်ပါတယ်။

ဒါကို ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ့်မှာ အိပ်ပျော်နေစဉ် အသက်ရှူကျပ်တဲ့ ရောဂါရှိတယ်ဆိုရင်တော့ အသက်ရှူပေးနိုင်မယ့် ကိရိယာကို ဆရာဝန်ရဲ့ အကူအညီနဲ့ တပ်ပြီးအိပ်လို့ရပါတယ်။

၃။ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ ဓာတ်မတည့်ခြင်း

များသောအားဖြင့် လေထဲမှာပါတဲ့ ဖုန်မှုန့်တွေ၊ မှိုနံ့တွေ၊ ပန်းဝတ်မှုန်တွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အခါ နှာခေါင်းပိတ်၊ နှာရည်ယိုတာ၊ နှာချေတာ၊ မျက်လုံး၊ ခံတွင်း၊ အရေပြားယားယံတာ၊ ချောင်းဆိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုမဖြစ်ရအောင် ကာကွယ်ဖို့ လူသိပ်များတဲ့ နေရာဒေသတွေကို မကြာခဏ သွားလာတာရှောင်ပေးပါ။ ဖုန်ထူထပ်တဲ့နေရာတွေ သွားရရင် နှာခေါင်းစည်းတပ်သွားပါ။ အိမ်ခန်း၊ ပတ်ဝန်းကျင်ကို အမြဲဖုန်ခါပြီး သန့်ရှင်းရေးလုပ်ပါ။ အဝတ်အစားတွေ မှိုမစွဲစေဖို့ ဂရုစိုက်ပါ။ ဓာတ်မတည့်လက္ခဏာကို သက်သာစေတဲ့ ဆေးတွေကိုလည်း မှီဝဲလို့ရပါတယ်။

၄။ အအေးမိခြင်း

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိခြင်းဟာ ရာသီမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ အအေးမိနေတဲ့အချိန်မှာတော့ နှာရည်ယိုတာ၊ နှာချေ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တာ၊ မျက်ရည်ယိုတာ၊ လည်ချောင်းခြောက်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။

အအေးမိပြီဆိုရင် အိမ်မှာပဲ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။ အပူအစပ် ရှောင်ပါ။ အရည်များများသောက်ပေးပါ။ အိပ်ရေး ဝဝအိပ်ပါ။ ပါးစပ်ကို ဆားငန်ရည် သို့မဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကို အစာတစ်ခုခုစားပြီးတိုင်း နာရီခြားပြီး သောက်ပေးပါ။

၅။ ပိုးဝင်ကူးစက်ခံရတာ

ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် လည်ချောင်းနာနေတဲ့အခါမျိုးမှာလည်း ခံတွင်းက ခြောက်ပြီး ယားယံနေတတ်ပါတယ်။ အထူးသဖြင့် အာသီးနဲ့ လည်ချောင်းပတ်ပတ်လည်က နီရဲနေမယ်၊ သွားဖုံးမှာ အဖြူရောင်အနာကွက်တွေ ဖြစ်မယ်၊ အဖျားတက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ပျို့အန်ပြီး အစာစားချင်စိတ်ပျက်နေတတ်ပါတယ်။

ဒီလိုမျိုး မကြာခဏဖြစ်တတ်တဲ့သူဆိုရင် မပေါ့ပါနဲ့။ ဆရာဝန်နဲ့ သေချာသွားပြပြီး ကုသမှုခံယူပါ။ ဘက်တီးရီးယားပိုးသေစေဖို့ ပေးလိုက်တဲ့ ပိုးသတ်ဆေးတွေကို သေချာသောက်ပါ။ လည်ချောင်းကို ဆားငန်ရည်နွေးနွေးနဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ အပူအစပ်၊ အကြော်အလှော်တွေကို ရှောင်ပေးပါ။

ခံတွင်းကခြောက်ပြီး ယားသလိုဖြစ်နေတာဟာ များသောအားဖြင့် ရာသီအကူးအပြောင်းကာလတွေနဲ့ ရေသောက်နည်းတာ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာရခြင်းကြောင့် ဖြစ်တတ်တဲ့ အသေးစားပြဿနာပါ။ သိပ်ပြီးစိုးရိမ်စရာမလိုဘူးဆိုပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/dry-throat#see-your-doctor(August 20, 2019)

ယခုပုံစံ

03/11/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပါးစပ်ထဲအနာပေါက် နေတော့ စားချင်တာမစားရလို့ စိတ်ညစ်နေပြီလား

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement