backup og meta

နှလုံးလေးဖက်နာ အကြောင်း တစေ့တစောင်း

နှလုံးလေးဖက်နာ အကြောင်း တစေ့တစောင်း

ရောဂါတစ်ခုက မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိထားဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့မြန်မာနိုင်ငံမှာ အဖြစ်မများဘူးဆိုပေမယ့်ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးလေးဖက်နာ အကြောင်းကို ဒီဆောင်းပါးလေးကနေတဆင့်ဆွေးနွေးပါရစေ။

နှလုံးလေးဖက်နာ ဆိုတာက

လေးဖက်နာရောဂါဆိုတာက ခန္ဓါကိုယ်က အဆစ်တွေကိုရောင်ရမ်းစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ လည်ချောင်းနာတာကိုသေချာမကုသမိတာ ဒါမှမဟုတ် စကားလက်အဖျားရောဂါကိုသေချာမကုသမိတာရဲ့ အကျိုးဆက်အနေနဲ့လေးဖက်နာရောဂါကို ခံစားရတာများပါတယ်။ လည်ချောင်းနာတာနဲ့ စကားလက်အဖျားရောဂါကို အဓိကဖြစ်စေတဲ့အရာကတော့streptococcus ဘက်တီးရီးယားပါ။

ဒီအဖျားရောဂါနဲ့လည်ချောင်းနာတာက အသက် ၅ နှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာအဖြစ်များပြီး ဒီအရွယ်မှာ စတင်ကူးစက်ခံရတာကနေ အသက်ကြီးတဲ့အထိ ဆက်လက်ခံစားကြရတာပါ။ လေးဖက်နာကြောင့်ဖြစ်တဲ့အဖျားက နှလုံးအဆို့ရှင်တွေအပါအဝင် နှလုံးကို ထိခိုက်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ……….

လေးဖက်နာ အဖျားရောဂါက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ရောဂါခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး လက္ခဏာတွေလည်းပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို ခံစားရပြီး ၂ ပတ် ကနေ ၄ ပတ်အကြာမှာ အဖျားရောဂါကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

  • နှလုံးရောင်မယ်
  • အဆစ်တွေရောင်မယ်
  • အရေပြားရောင်ရမ်းမယ်
  • အာရုံကြောစနစ်ရောင်ရမ်းမယ်
  • အဖျားတက်မယ်
  • အရွတ်တွေနာမယ် (ဒူး၊တံတောင်ဆစ်၊ လက်ကောက်ဝတ်၊ခြေချင်းဝတ်တွေနာကျင်နိုင်ပါတယ်)
  • အဆစ်တွေထဲကနာမယ်
  • အဆစ်တွေနေရာမှာ နီမြန်းမယ်၊ ပူမယ်၊ရောင်ရမ်းမယ်
  • အရေပြားမှာ နာကျင်မှုမရှိတဲ့ အနီရောင်အဖုလေးတွေထွက်မယ်
  • ရင်ဘတ်အောင့်မယ်
  • နှလုံးခုန်သံ မမှန်တာမျိုးဖြစ်မယ်
  • ခြေကုန်လက်ပမ်းကျမယ်
  • ခန္ဓါကိုယ် ဟန်ချက်ပျက်တာမျိုးဖြစ်မယ်
  • ကလေးက အကြောင်းအရင်းမရှိငိုနေတာမျိုးတွေတွေ့ရနိုင်ပါတယ်။

နှလုံးလေးဖက်နာ ရှိနေလားဘယ်လိုစစ်ဆေးမလဲ…….

ကလေးအရွယ်မှာ လည်ချောင်းနာစေတဲ့streptococcus ဘက်တီးရီးယားကူးစက်ခံရတာကိုသေချာမကုသမိရာကနေစဖြစ်တာဖြစ်တာကြောင့် ကလေးက လည်ချောင်းနာဖူးလားဆိုတာကို ဆရာဝန်က အရင်မေးပါလိမ့်မယ်။ပြီးရင်တော့သွေးစစ်ပါလိမ့်မယ်။သွေးထဲမှာstrep antibodiesတွေရှိနေလားဆိုတာကို စစ်ပါလိမ့်မယ်။ပြီးရင်တော့ ခန္ဓါကိုယ်ပေါ်မှာလေးဖက်နာအဖျားရောဂါရဲ့ လက္ခဏာတစ်ရပ်ရပ်ရှိနေလားဆိုတာကို စစ်ဆေးပါလိမ့်မယ်။ ကလေးရဲ့ နှလုံးခုန်သံကို နားထောင်ပြီး နှလုံးခုန်သံမှန်ရဲ့လားဆိုတာကို စစ်ဆေးပါလိမ့်မယ်။

ဘယ်လိုကုသမလဲ…

ကလေးမှာလေးဖက်နာအဖျားခံစားရတာကိုသေချာလေးကုသဖို့လိုပါမယ်။ တကယ်လို့ ဒီအခြေအနေကိုသေချာမကုသမိဘူးဆိုရင် ကလေးကရေရှည်မှာ နှလုံးထိခိုက်သွားနိုင်ပါတယ်။လေးဖက်နာအဖျားကြောင့် အဖျားတက်တာက နှလုံးအဆို့ရှင်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဓီလိုကနေတဆင့် နှလုံးလေးဖက်နာဖြစ်လာရတာပါ။ ဒါကြောင့် အကောင်းဆုံးကတော့ ကလေးမှာ လည်ချောင်းနာမယ်၊ အာသီးရောင်မယ်စတဲ့ဝေဒနာတွေနဲ့အတူ အဖျားကိုပါခံစားရမယ်ဆိုရင် ကလေးကို အမြန်ဆုံး ကုသမှုခံယူစေဖို့လိုပါမယ်။

ကုသမှုဆိုတဲ့နေရာမှာ ကလေးကိုလည်ချောင်းနာစေတဲ့streptococcus ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်တဲ့ ပဋိဇီဝဆေးဝါးတွေကိုသေချာလေးသောက်သုံးဖို့လိုပါမယ်။ ပြီးရင်တော့ နှလုံးရောင်တာနဲ့ အခြားသော လက္ခဏာတွေကို သက်သာစေမယ့် ဆေးတွေကို သောက်သုံးဖို့လိုပါမယ်။ လေးဖက်နာကြောင့်ဖြစ်တဲ့ အဖျားပျောက်သွားပြီဆိုရင်penicillin ဒါမှမဟုတ်လေးဖက်နာအဖျားကို ထပ်မဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးဝါးတွေကိုသောက်သုံးဖို့လိုပါမယ်။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Rheumatic feverhttps://www.mayoclinic.org/diseases-conditions/rheumatic-fever/symptoms-causes/syc-20354588 Accessed Date 26 August 2019

Rheumatic Heart Diseasehttps://www.ucsfbenioffchildrens.org/conditions/rheumatic_heart_disease/Accessed Date 26 August 2019

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေပြားလေးဖက်နာ က ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

ကိုယ်ဝန်ဆောင်နှင့်အရေပြားလေးဖက်နာ



Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement