backup og meta

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)

အာရုံကြောစနစ်မှာ ပင်မအာရုံကြောမကြီးလို့ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးရယ်၊ သူတို့ကနေ ဖြာပြီးထွက်လာတဲ့ အာရုံကြောငယ်လေးတွေရယ်ဆိုပြီး ရှိပါတယ်။ ဒီအာရုံကြောလေးတွေမှာ ပြင်ပကလာတဲ့ အပူ၊ အအေး၊ တုန်ခါတာ၊ ထိသိတာကို ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိသလို ဦးနှောက်က ပို့လွှတ်လိုက်တဲ့ လျှပ်စီးလှိုင်းတွေကို ကြွက်သားတွေကို ပို့ဆောင်ပေးနိုင်တဲ့ အာရုံကြောတွေရယ်ဆိုပြီး ရှိပါတယ်။

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါဆိုတာ

အာရုံကြောတွေမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်သွားပြီဆိုရင် ပုံမှန်လုပ်နေကြအတိုင်း မလုပ်နိုင်တော့ပါဘူး။ ဥပမာ အာရုံကြောငယ်တစ်ချောင်း လုံးဝပျက်စီးသွားမယ်ဆိုရင် (ဒါမျိုး ဖြစ်တာ ရှားတော့ ရှားပေမယ့်) သူထောက်ပံ့ပေးနေတဲ့ ကြွက်သားက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူက ဦးနှောက်နဲ့ ကြွက်သားကြားကို လျှပ်စီးကြောင်းကို အသယ်အပို့ လုပ်နေတာကိုး။ အများစုကတော့ လုံးလုံး ပျက်စီးတာမျိုး မဟုတ်ဘဲ အာရုံကြောအားနည်းတာ၊ ထိခိုက်တာကြောင့် ကြွက်သားတွေ အားပျော့တာလောက်ပဲ ခံစားရပါတယ်။

အာရုံငယ်လေးတွေက ထိသိခံစားမှုကိုလည်း အာရုံခံနိုင်တာကြောင့် သူတို့ ထိခိုက်သွားရင် နာတာကို မသိဘဲ ထုံသွားတာ ဒါမှမဟုတ် ကျဉ်နေတာ၊ နည်းနည်းလေးထိလိုက်တာနဲ့ များများနာနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဥပမာ ကိုယ်ပေါ်မှာ အဝတ်ပါးလေး လွှမ်းလိုက်တာကအစ နာနေတာမျိုးပေါ့။

အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါအမျိုးအစားများ

အရင်က အောက်ပိုင်းသေတဲ့ အကြောင်းရင်းတွေထဲမှာ ပိုလီယိုက ထိပ်ဆုံးက ရှိပေမယ့် ခုကာကွယ်ဆေးတွေ ပေါ်လာတဲ့အခါကျ Guillain-Barre´ Strohl Syndromeကို နေရာလွှဲပေးလိုက်ရပါပြီ။ ဒီရောဂါမှာ ရုတ်တရက် အာရုံကြောတွေက အောက်ပိုင်းကနေ အပေါ်ပိုင်းကို တဖြည်းဖြည်း အားနည်းလာပြီး လူနာက ကြွက်သားတွေ အားနည်းတာ၊ ထုံတာ ဖြစ်လာပါတယ်။ ပြင်ပက ကြွက်သားတွေတင် မဟုတ်ဘဲ အတွင်းက ကြွက်သား (အသက်ရှူကြွက်သား)တွေပါ အားနည်းတတ်လို့ သတိထားရပါတယ်။

အများဆုံးတွေ့ရတာကတော့ ခြေဖဝါး၊ ခြေချောင်းတွေမှာ အပ်နဲ့ထိုးသလို တဆစ်ဆစ်နဲ့ နာနေတာပါပဲ။ ဒီလိုခံစားနေရပြီဆိုရင် စောစောစီးစီး ဆေးစစ်ပြီး ဆီးချိုကို သေချာထိန်းတာ ဖြစ်ဖြစ်၊ ဗီတာမင်B12ကို ဖြည့်စွက်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

  • အာရုံကြောတစ်ချောင်းထဲ ထိခိုက်ခြင်း(Mononeuropathies)

အာရုံကြောတစ်ချောင်းထဲ ထိခိုက်ပြီး အဲ့ဒီအာရုံကြောက ထောက်ပံ့ထားတဲ့ ကြွက်သား ဒါမှမဟုတ် ထိသိခံစားမှု ထိခိုက်သွားတာမျိုးပါ။ ဥပမာ ပြောရရင် စာစီစာရိုက်သမားတွေကို လက်ကောက်ဝတ်အာရုံကြောထိခိုက်ပြီး Carpal Tunnel Syndrome ဖြစ်တတ်ပါတယ်။ လက်ကောက်ဝတ်တွေနာပြီး လက်ချောင်းလေးတွေ ထုံနေတတ်ပါတယ်။ ကံကောင်းတာကအများစုက ကုသလို့ရပါတယ်။

  • အာရုံကြောအများကြီး ထိခိုက်ခြင်း (Polyneuropathies)
  • အာရုံကြော ဒဏ်ဖြစ်ခြင်း (Peripheral Nerve Injuries)

တံတောင်ဆစ်ကို မတော်တဆ ခိုက်မိရင် လက်မှာ ကျဉ်တတ်သွားသလိုပဲ တခြားသော ထိခိုက်မှုတွေကြောင့် အာရုံကြောဒဏ်ဖြစ်တတ်ပါတယ်။

  • Amyotrophic Lateral Sclerosis (ALS)

Gehrig’s disease လို့လည်း ခေါ်ပြီး ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောတွေ ထိခိုက်တဲ့ ရောဂါဖြစ်ပြီး ခြေလက်၊ မျက်နှာ၊ အသက်ရှူကြွက်သားတွေ အများဆုံး ထိပါတယ်။ ကြာလေပြင်းထန်လေဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါပဲ ဖြစ်ပါတယ်။

  • Radiculopathies ( အာရုံကြောညပ်ခြင်း)
  • Small Fiber Neuropathies (အရေပြားရှိ အာရုံကြောများ ထိခိုက်ခြင်း)
  • Occupational Neuropathies (လုပ်ငန်းခွင်က အလုပ်တွေကြောင့် အာရုံကြောထိခိုက်ခြင်း)

ဥပမာ စက်ရုံ၊ အလုပ်ရုံမှာ ပစ္စည်းတွေ မတာ၊ အားကစားလုပ်ခြင်း ဘောလုံးတွေ လှည့်ပစ်တာကြောင့် လက်မောင်းကြွက်သားတွေ အားနည်းပြီး ကျဉ်လာတာမျိုး။

 ဘယ်လိုအကြောင်းရင်းတွေကြောင့် အာရုံကြောငယ်လေးတွေ ထိခိုက်နိုင်သလဲ။

တစ်ခုခု လုပ်လိုက်လို့ အာရုံကြောထိခိုက်မိတယ်ဆိုရင် ဖြစ်တဲ့နေရာမှာ ထုံသွားမယ်၊ ကျဉ်သွားမယ်။ နည်းနည်းလေး ပြင်းထန်ရင် ကြွက်သားလေး အားပျော့သွားပါမယ်။ ဒါပေမယ့် ခဏလောက်နေရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ ဒါက ပြဿနာ မရှိပါဘူး။ တချို့တွေမှာတော့ နာတာရှည် ဖြစ်သွားနိုင်ပြီး ဒီတိုင်းထားမယ်ဆိုရင် ပိုတောင် ဆိုးလာနိုင်ပါတယ်။ ဥပမာ ပြောရရင်

  • ဆီးချို
  • အာရုံကြောပိတာ၊ ညပ်တာ (လက်ကောက်ဝတ်နာစေတဲ့ Carpal Tunnel Syndrome လိုမျိုး)
  • ပြင်းပြင်းထန်ထန် ထိခိုက်မိတာ
  • အာရုံကြောကို ထိုးမိတာ၊ ဖြတ်မိတာ
  • အရိုးကျိုးပြီး အာရုံကြောထိတာ
  • အလုံးအကျိတ်က အာရုံကြောကို ဖိတာ
  • အာရုံကြောထဲမှာ သွေးယိုတာ
  • အေးလွန်းတာ၊ ရောင်ခြည်ထိတာ (အေးလွန်းလို့ တစ်ကိုယ်လုံး ဘာမှမဖြစ်ဘဲ မျက်နှာပဲ ရွဲ့သွားတဲ့ Bell’s palsyလိုမျိုး)
  • စွဲသောက်နေတဲ့ ဆေးဝါးတွေ၊ အာရုံကြောကို ဘေးဖြစ်စေတဲ့ ဆေးတွေ
  • သွေးကြောနဲ့ ခုခံအားရောဂါတွေ (ဥပမာ အာရုံကြောကို ထောက်ပံ့နေတဲ့ သွေးကြောကျဉ်းနေတာ၊ အရေပြားလေးဖက်နာ၊ ပိုးလေးဖက်နာ)
  • မျိုးရိုးလိုက်ရောဂါ၊ ဗီတာမင်ချို့တဲ့တာ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရတတ်သလဲ။

အာရုံကြောငယ်လေးတွေထိခိုက်ရင် လူအများသိထားပြီးသားဖြစ်တဲ့ ကြွက်သားအားနည်းတာ၊ ကြွက်တက်တာ၊ ထုံတာ၊ ကျဉ်တာ၊ ပူတာ စတာတွေ ခံစားရတတ်ပါတယ်။ ဘယ်အာရုံကြောထိသလဲပေါ် မူတည်ပြီး လက္ခဏာ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ တချို့က ရက်ပိုင်းလောက်ပဲ ခံစားရပေမယ့် တချို့က လပိုင်း၊ နှစ်ပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။

အာရုံကြောအားနည်းတာက သာမန်ကျန်းမာရေး ပြဿနာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ နေ့စဉ်လူမှုဘဝမှာ ထိခိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ပိုဆိုးတတ်တာကြောင့် အိပ်ရေးတွေပျက်ပြီး စိတ်တိုစိတ်ဆတ်တာ၊ တခြားကျန်းမာရေး ပြဿနာတွေပါ ဝင်လာတတ်ပါတယ်။

ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောငယ်လေးတွေ ထိခိုက်တာဆိုရင်တော့

  • ကြွက်သားတွေ အားနည်းတာ
  • ကြွက်တက်တာ
  • ကြွက်သားတွေ သိမ်လှီတာ
  • အရိုးတွေ ပျက်စီးတာ
  • အသားအရေ၊ အမွေးအမျှင်နဲ့ ခြေသည်းလက်သည်းတွေပါ ပြောင်းလဲလာနိုင်ပါတယ်။

ထိသိခံစားမှု အာရုံကြောငယ်လေးတွေ ထိခိုက်သွားရင်တော့

  • ထုံတာ (အထူးသဖြင့် ခြေဖျားလက်ဖျားမှာ)
  • ခြေအိတ်၊ လက်အိတ်ဝတ်ထားသလို ခပ်လေးလေး၊ ခပ်ထုံထုံ ခံစားရတာ
  • ထုံနေတာကြောင့် ထိမိခိုက်မိလို့ နာတာကို မသိတော့တာ၊ ဒါကြောင့် အနာပိုးဝင်တာ (အထူးသဖြင့် ဆီးချိုသမားတွေမှာ တွေ့ရပါတယ်)
  • တချို့ဆို သာမန်နာကျင်မှုတင်မကဘဲ အသက်ဘေး နီးတဲ့ နှလုံးသွေးကြောကျဉ်းတာကြောင့် ရင်ဘတ်အောင့်တာကိုပါ မသိနိုင်တော့တဲ့အထိ ဖြစ်သွားပါတယ်။
  • တချို့များကျတော့လည်း သာမန်ထက်ကို ပိုနာတတ်သွားပါတယ်။ နည်းနည်းထိ များများနာပါ။

အာရုံကြောငယ်လေးတွေမှာ ရောဂါဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ။

အာရုံကြောရောဂါတွေက တိတိကျကျစစ်ဆေးဖို့ရာ ခက်ခဲလှပါတယ်။ ရောဂါတွေကို ကုသမယ်ဆိုရင်တော့ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ရပါမယ်။ အထူးသဖြင့်

-အာရုံကို စမ်းသပ်တဲ့ Tendon reflexes

-ကြွက်သားအလုပ်လုပ်နိုင်ရဲ့လား

-ကိုယ်နေဟန်ထားထိန်းနိုင်ရဲ့လား

-ထိသိခံစားမှုတွေ ရှိသေးရဲ့လား စသဖြင့် စမ်းသပ်မှာပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုပါ ရှာရမျာပါ။ မဟုတ်ရင် လက္ခဏာတော့ သက်သာပါရဲ့။ ခဏခဏ ပြန်ဖြစ်နေမှာပါ။ ဒါကြောင့်

-သွေးတွင်း ဗီတာမင် B12ပမာဏ စစ်ဆေးတာ

-ဆီးစစ်တာ

-သိုင်းရွိုက်ဟော်မုန်းဓာတ်စစ်ဆေးတာ

-EMG လို့ ခေါ်တဲ့ ကြွက်သားကနေထွက်တဲ့ လျှပ်စီးဓာတ်တွေ စမ်းသပ်တာ

-အာရုံကြော လျှပ်စီးဓာတ်စမ်းသပ်တာ ( nerve conduction study)

-ရံဖန်ရံခါ အာရုံကြောအသားစယူတာ (အသားစယူတာက ပါတယ်ဆိုရုံပဲ ယူတာဖြစ်လို့ အာရုံကြောထိခိုက်ဖို့ဆိုတာ အင်မတန်ဖြစ်ခဲပါတယ်။) စတာတွေ စစ်ဆေးရတတ်ပါတယ်။ အာရုံကြောအသားစယူပြီး စစ်သည့်တိုင် အကြောင်းအရင်းရှာမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါတွေက အကုန်စစ်ဖို့ မဟုတ်ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေကို လိုက်ပြီး လိုအပ်တာပဲ စစ်ဆေးမှာ ဖြစ်ပါတယ်။

အာရုံကြောရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။

အာရုံကြောရောဂါတွေက ဖြစ်စေတဲ့ အကြောင်းရင်းကို မကုသရွေ့ ပြန်ပြန်ဖြစ်နေဦးမှာပါပဲ။ အပြီးပျောက်အောင် ကုသလို့ မရတဲ့ ရောဂါတွေ (ဥပမာ ဆီးချိုကြောင့် အာရုံကြောထိတာ) ဆိုရင်တော့ အကောင်းဆုံးထိန်းပြီး အခြေအနေပိုဆိုးမလာအောင် ကုသပေးရမှာပါ။ ဥပမာ

  • ဆီးချို 

ဆီးချိုရောဂါကို ထိန်းထားတာက နောက်ဆက်တွဲ ဖြစ်တဲ့ အာရုံကြောရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ထုံတာ၊ ကျဉ်တာအတွက် ဆေးဝါးတွေ ပေးပြီး ကုလို့ရပါတယ်။ ဆေးနဲ့မရမှသာ ခွဲစိတ်ကုသတာပါ။

  • ဗီတာမင် ချို့တဲ့တာ 

အထူးသဖြင့် ဗီတာမင် B12ချို့တဲ့တာဆို အရင်ဆုံး ထိုးဆေးတွေနဲ့ ပြန်ဖြည့်ပြီး ထပ်ပြီး မချို့တဲ့အောင် အားဆေးတွေ ပေးသွားမှာပါ။

  • ခုခံအားကမောက်ကမရောဂါ

အရေပြားလေးဖက်နာတို့ ပိုးလေးဖက်နာတို့ဆို ဒီရောဂါတွေကို ကြွမလာအောင် ထိန်းတာကသာ အာရုံကြောကို မထိခိုက်စေမယ့် အကောင်းဆုံး နည်းလမ်းပါပဲ။

  • အာရုံကြောညပ်တာ၊ ပိတာ 

စာရိုက်တာများလို့ အာရုံကြောပိပြီး လက်ကောက်ဝတ်တွေ နာနေပြီဆိုရင် စာရိုက်တဲ့အခါ ဒဏ်မဖြစ်အောင် အထောက်အကူပြု ပစ္စည်းလေးတွေ သုံးပေးလို့ ရပါတယ်။ ဥပမာ လက်ကောက်ဝတ်အောက်မှာ တစ်ခုခုခံထားတာမျိုးပေါ့။ သာမန်အားဖြင့်တော့ အာရုံကြောညပ်တာ၊ ပိတာတွေက အနားယူလိုက်ရုံ၊ အာရုံကြောကို ထိခိုက်မယ့် အပြုအမူတွေကို ရှောင်လိုက်ရုံနဲ့ သက်သာပါတယ်။ အခြေအနေဆိုးမှသာ ခွဲစိတ်ရတာပါ။

  • အကျိတ်တွေ၊ ထိခိုက်ဒဏ်ရာတွေ၊ သွေးယိုတာတွေကြောင့် အာရုံကြောထိခိုက်ရရင်တော့ ခွဲစိတ်ပြီး ကုသရနိုင်ပါတယ်။ ခွဲစိတ်ပြီး သူ့အပေါ်ပိနေတာတွေကို ဖယ်ရှားရမှာပါ။

Takeaways

အာရုံကြောငယ်လေးတွေမှာ ထုံတာ၊ ကျဉ်တာက စလို့ ကြွက်သားတွေ အားပျော့တာ၊ ကြုံလှီတာအထိ အမျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အများကြီး ရှိပါတယ်။လက္ခဏာသက်သာရုံမကုဘဲ အကြောင်းရင်းကို ရှာဖွေကုသမှသာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthdirect.gov.au/peripheral-nerve-diseases

https://www.columbianeurosurgery.org/conditions/peripheral-nerve-disorders/

ယခုပုံစံ

03/09/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာရုံကြော အားကောင်းစေမယ့် အဓိကသော့ချက် (၅) ရပ်

အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement