backup og meta

ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား

    သင့်ဆီမှာ ဦးနှောက်အကျိတ်ရှိနေပြီလို့ သိလိုက်ရတဲ့အချိန်မှာ သင်ဘာဆက်လုပ်မလဲ။ အရင်တုန်းကဆိုရင်တော့ ဒါဟာ သိပ်ကို ဝမ်းနည်းဖို့ကောင်းတဲ့ သတင်းဆိုးပါပဲ။ ခုတော့ တိုးတက်လာတဲ့ ဆေးပညာကြောင့် ဦးနှောက်အကျိတ်ဆိုတာ ကြောက်စရာ မဟုတ်တော့ပါဘူး။ ကုသမှုနည်းလမ်းတွေ အများကြီး ရှိနေတာကြောင့် ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား ဆိုပြီး လက်လျှော့အရှုံးပေးဖို့ မစဉ်းစားပါနဲ့တော့။

    ဦးနှောက်အကျိတ် ဆိုတာ

    ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ အကျိတ်တွေ၊ အလုံးတွေ ဖြစ်နိုင်သလို ဦးနှောက်မှာလည်း အကျိတ်ဖြစ်နိုင်ပါတယ်။ တချို့က ရိုးရိုးအကျိတ်ဖြစ်သလို တချို့ကလည်း ကင်ဆာကျိတ်ပါ။ ဦးနှောက်ဆဲလ်တွေမှာစပြီး ကင်ဆာဖြစ်တာ ဖြစ်နိုင်သလို တခြားကင်ဆာတွေကနေ ဆဲလ်တွေက ဦးနှောက်ကို ရောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ဦးနှောက်အကျိတ်တွေ  အမျိုးအစားတွေ ရှိတဲ့ထဲက အဖြစ်အများဆုံး အမျိုးအစားတွေကတော့

    • Glioma (ဦးနှောက်ရဲ့ glial cellက ဖြစ်တဲ့ အကျိတ်)
    • Meningioma (ဦးနှောက်အမြှေးပါးက ဖြစ်တဲ့အကျိတ်)
    • Medulloblastoma (ဦးနှောက်ငယ်က ဖြစ်တဲ့အကျိတ်၊ ကလေးတွေမှာ အဖြစ်များ)

      စတဲ့ အကျိတ်တွေဖြစ်ပါတယ်။

    တခြား အမျိုးအစားတွေကတော့

    • Acoustic neuroma
    • Astrocytoma
    • Embryonal tumors
    • Oligodendroglioma
    • တခြားနေရာက ပျံ့လာတဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။

    ဦးနှောက်ကျိတ်ဖြစ်ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    ဦးနှောက်အကျိတ်ရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်  တူချင်မှ တူမှာပါ။ သူ့ရဲ့ အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ ကြီးထွားနှုန်းပေါ် မူတည်ပြီး ကွာသွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

    • အရင်ကနဲ့ မတူဘဲ ခေါင်းကိုက်လာတာ၊ ခေါင်းကိုက်တဲ့ပုံစံပြောင်းလာတာ
    • တဖြည်းဖြည်းနဲ့ ခေါင်းကိုက်တာ ပိုစိပ်ပြီး ပိုပြင်းထန်လာတာ
    • အကြောင်းရင်း မရှိဘဲ ပျို့လိုက် အန်လိုက်ဖြစ်နေတာ
    • အမြင်အာရုံထိခိုက်လာတာ (ဥပမာ အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာ၊ မျက်လုံးဘေးဘက်တွေ ကောင်းကောင်းမမြင်ရတာ)
    • ခြေ ဒါမှမဟုတ် လက်မှာ အာရုံခံစားမှုပျောက်လာတာ၊ လှုပ်မရတော့တာ
    • ဟန်ချက်မထိန်းနိုင်တာ
    • စကားပြောရခက်တာ
    • နေ့တိုင်း လုပ်နေကျ အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့တာ
    • အမူအကျင့်တွေ ပြောင်းလာတာ
    • အရင်က တစ်ခါမှ မတက်ဖူးတဲ့သူမှာ တက်တာ
    • အကြားအာရုံ ထိခိုက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

    ဘာကြောင့် အကျိတ်ဖြစ်ရတာလဲ။

    ဦးနှောက်ဆဲလ်က စဖြစ်တဲ့အကျိတ်ကတော့ ဒီအန်အေနဲ့ ဆဲလ်တွေ ပွားတာ ပုံမမှန်လို့ ကင်ဆာဆဲလ်တွေ အဖြစ်ပြောင်းသွားပြီး အကျိတ်ဖြစ်လာတာပါ။ တစ်ခါတလေ ခန္ဓာကိုယ်ရဲ့ တခြား တစ်နေရာ (ရင်သား၊ အူမကြီး၊ အဆုတ်) မှာ ကင်ဆာဖြစ်တာကြောင့် ဦးနှောက်ကို ပျံ့လာတာပါ။

    လူကြီးတွေမှာ ဦးနှောက်ကိုယ်တိုင်ကဖြစ်တာထက် တခြားကင်ဆာကပျံ့လာတာက ပိုအဖြစ်များပါတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    • ကင်ဆာကုသရာမှာ သုံးတဲ့ ရောင်ခြည်တွေ ထိတွေ့မှုများတာ
    • နျူကလီးယားဓာတ်ရောင်ခြည် ထိတွေ့မှုများတာ
    • မျိုးရိုးလိုက်တာ
    • အသက်ကြီးလာတာတွေကြောင့် ဖြစ်တတ်ပါတယ်။

    အများထင်နေသလို ညအိပ်ရင် ဖုန်းကို အိပ်ရာနားမှာ ထားအိပ်တာ၊ မိုက်ခရိုဝေ့ မီးဖိုတွေက ထွက်တဲ့ ရောင်ခြည်တွေကြောင့် ဦးနှောက်အကျိတ်ဖြစ်တယ်လို့ သက်သေပြချက်မရှိသေးပါဘူး။

    ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား

    ဦးနှောက်အကျိတ်ကို ကုသလို့ ရပါ့မလား ဆိုတော့ ဦးနှောက်ကင်ဆာ ကုလို့ ရ၊ မရဆိုတာက အကျိတ်အမျိုးအစား၊ အရွယ်အစား၊ ဘယ်နေရာမှာ ဖြစ်လဲဆိုတာပေါ် မူတည်ပါတယ်။ နောက်ပြီး လူနာရဲ့ နဂိုရောဂါအခံနဲ့ ကျန်းမာရေး အခြေအနေရောပေါ့။ ကုသနည်းတွေကတော့

    • ခွဲစိတ်တာ

    အကျိတ်က သေးတယ်၊ ခွဲလို့ လက်လှမ်းမီတဲ့ နေရာမှာ ရှိတယ်ဆိုရင် ခွဲလို့ရပါတယ်။ ဦးနှောက်က ဦးခေါင်းထဲမှာ အပြည့်နေရာယူထားတဲ့အတွက် အကျိတ်ကြီးလာတာနဲ့အမျှ ဦးနှောက်ကိုဖိပြီး ဦးနှောက်ကျွံတတ်ပါတယ်။ ဒါကြောင့် အကျိတ်အကုန်လုံး မဟုတ်တောင် တချို့ တစ်ဝက်ကို ခွဲထုတ်လိုက်မယ်ဆိုရင် ခံစားရတဲ့ လက္ခဏာတွေ  သက်သာလာနိုင်ပါတယ်။

    • ရောင်ခြည်ပြတာ

    အားပြင်းတဲ့ ရောင်ခြည်ကို သုံးပြီး အကျိတ်ကို သေးအောင် လုပ်တာပါ။ ကုသနေစဉ်မှာ ဆံပင်ကျွတ်တာ၊ နုံးတာ ဖြစ်တတ်ပါတယ်။

    • Gamma knife surgery

    ဓားနဲ့ ခွဲတာ မဟုတ်ဘဲ ရောင်ခြည်ကို သုံးပြီး ခွဲစိတ်တာပါ။ ခွဲစိတ်ချိန်ကလည်း ၁၅မိနစ်ကနေ နာရီပိုင်းလောက်ထိပဲ ကြာတာပါ။ ဓားနဲ့ ခွဲစိတ်တာ မဟုတ်လို့ မလိုတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှောင်နိုင်ပါတယ်။ ဒါပေမယ့် ထုံဆေးကြောင့် မအီမသာ ဖြစ်တာ၊ ခေါင်းကို ထိန်းထားတာကြောင့် သက်သောင့်သက်သာ မဖြစ်တာ ဖြစ်တတ်ပါတယ်။

    • ဆေးသွင်းတာ

    သောက်ဆေးတွေ၊ ထိုးဆေးတွေကို သုံးပြီး ကင်ဆာဆဲလ်တွေကို နည်းသွားအောင် လုပ်တာပဲ ဖြစ်ပါတယ်။

    • Targeted drug therapy

    Targeted drug therapy ဆိုတာ ဦးနှောက်အကျိတ် အမျိုးအစားပေါ်လိုက်ပြီး ဖြစ်နေတဲ့ အကျိတ်ရဲ့ ပြန့်ပွားမှုနှင့် ကြီးထွားမှုကို နှေးစေတဲ့ ဆေးတွေကို အသုံးပြုပြီး ကုသခြင်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းသိမ်းပေးပြီး ဘေးနားက ကောင်းမွန်တဲ့ တစ်ရှူးဆဲလ်တွေကိုလည်း မပျက်စီးအောင် ကာကွယ်ပေးပါတယ်။

    ဒီတော့ ဦးနှောက်အကျိတ်ဆိုတာနဲ့ ကြောက်စရာမလိုတော့ပါဘူး။ ခေတ်မီတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပြီဖြစ်လို့ လူနာတွေအတွက် မျှော်လင့်ချက်တွေ အများကြီးရှိနေပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement