backup og meta

ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ


Ye Myo Myat မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာ HIV ပိုးရှိမှန်း သိပြီးသွားရင် ဘာဆက်လုပ်မလဲ

    HIV ဆိုတာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဖြစ်ပြီး ကိုယ်ခံအားကို အဓိကထား တိုက်ခိုက်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။ မိခင်မှတစ်ဆင့်၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာမှ ဖြစ်စေ၊ ရောဂါပိုးရှိသူရဲ့ သုက်၊ သွေးကို ထိတွေ့မိရာကနေ ကူးစက်ပါတယ်။

    HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 လို့ ခေါ်တဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ သေချာမကုသတဲ့အခါမှာ ကိုယ်ခံအားစနစ်ဟာ ကျဆင်းလာပြီး တခြားရောဂါတွေ အလွယ်တကူဝယ်လာနိုင်ပါတယ်။ နောက်ဆုံးမှာ ခုခံအားကျဆင်းမှုရောဂါ AIDS အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။

    အကြောင်းအမျိုးမျိုးကြောင့် သွေးစစ်ကြည့်လိုက်တယ်။ ကိုယ့်မှာ HIV ရောဂါပိုးရှိတယ် ဆိုတဲ့ ဆေးစစ်ချက်ထွက်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအရ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ၊ ရှေ့ဆက် ဘာတွေ ဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

    ၁။ ART ဆေး စတင်သောက်ပါ။

    လက်ရှိမှာတော့ ရောဂါပိုးကို လုံးဝချေမှုန်းနိုင်တဲ့ ဆေးမျိုး မထွက်ပေါ်သေးပေမဲ့ ပိုးတွေ ဆက်ပြီး မပြန့်ပွားအောင်နဲ့ CD4 ဆဲလ်တွေကို မတိုက်ခိုက်အောင် ထိန်းထားနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေကို နေ့စဉ်နေ့တိုင်း အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ARV ကုထုံး – Antiretroviral Treatment လို့ ခေါ်ပါတယ်။ ART ဆေးလို့လည်း လူသိများကြပါတယ်။ ဒီဆေးကို ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိပြီးတာနဲ့ စတင်သောက်ပါ။ စောနိုင်သမျှ စောသောက်တာ အကောင်းဆုံးပါပဲ။

    ၂။ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ရပါမယ်။

    ဒီရောဂါရှိမှန်း စတင်သိလိုက်ရချိန်မှာ စိတ်တုန်လှုပ်ခြောက်ခြားတာ၊ ဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်တာ သဘာဝပါပဲ။ HIV ဟာ ART ဆေးပုံမှန်သောက်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရင် သာမန်လူလိုပဲ သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ နေသွားနိုင်တယ်ဆိုတဲ့ အချက်ကို အမြဲ မှတ်ထားရပါမယ်။

    ၃။ ကိုယ်ယုံကြည်ရတဲ့ သူတွေကို ကိုယ့်ရဲ့ ရောဂါ အခြေအနေအကြောင်း ဖွင့်ပြောပါ။

    ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ချစ်သူကို ကိုယ့်မှာ ရောဂါရှိတဲ့အကြောင်း ဖွင့်ပြောပါ။ အတူနေနေရတဲ့သူတွေဆိုရင် သူတို့တွေလည်း ဂရုစိုက်လို့ ရအောင် ကြိုပြီး ပြောပြထားတာ အကောင်းဆုံးပါပဲ။ ဘယ်အရာမဆို တစ်ယောက်တည်း ရင်ထဲမှာ သိမ်းမထားပါနဲ့။ ကြာလာရင် စိတ်မှာ ဒဏ်ဖြစ်နိုင်ပါတယ်။

    ၄။ ကိုယ့်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ပါ။

    ဒီရောဂါပိုးရှိမှ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရမယ့် တာဝန်ရှိပါတယ်။ ART ဆေးကို နေ့စဉ် အချိန်မှန်သောက်ပြီး ရောဂါပိုးကို ထိန်းချုပ်ပါ။ အာဟာရဖြစ်စေတဲ့ အစားအစာတွေ၊ အားရှိစေတဲ့ အစားအစာတွေကို နေ့စဉ် ပုံမှန်စားသောက်ပေးတာက ကိုယ်ခံအားကို တက်စေပြီး ကိုယ်ခန္ဓာထဲ ဝင်လာနိုင်တဲ့ ရောဂါတွေကို ကောင်းကောင်းတိုက်ထုတ်နိုင်ဖို့ အားဖြစ်စေပါတယ်။

    ၅။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ ကိုယ်ခံအားကို ကောင်းစေပြီး စိတ်ကို ကျန်းမာလန်းဆန်းစေတယ်။ စိတ်ဖိစီးမှုတွေကို တိုက်ထုတ်ပေးနိုင်တယ်။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကိုယ်အလေးချိန်ကိုလည်း ဟန်ချက်ညီစေလို့ အဝလွန်တာတွေ၊ ဆီးချို၊ သွေးတိုးတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်။ အစာကောင်းစွာ စားနိုင်ဖို့နဲ့ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်နိုင်စေဖို့ ကူညီပေးနိုင်တယ်။

    ၆။ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးဝါး ရှောင်ပါ။

    ကျန်းမာရေးအတွက် ပိုပြီး ဂရုစိုက်သင့်တဲ့ ဒီလိုအချိန်မျိုးမှာ ကိုယ်ခန္ဓာအတွက်ရော ဆေးအာနိသင်ကိုပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ ကွမ်းတွေကို စတင်ဖြတ်သင့်နေပါပြီ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် လျှော့ပြီး သုံးစွဲဖို့ အချိန်တန်ပါပြီ။

    ၇။ စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။

    ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ သူဖြစ်နေပါစေ လောကဓံ၊ လုပ်ငန်းခွင်မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေအပြင် ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတဲ့ အသိက ကိုယ့်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခါမှာ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ပျော်ရွှင်မယ့်အရာတွေကို များများလုပ်ပါ။ ခရီးထွက်ပါ။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ မကြာခဏ စကားပြော၊ အတူလျှောက်လည်တာမျိုး ပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement