backup og meta

နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

    နားဖောက်ချိန်မှာ နားဖောက်လိုသူရော ဖောက်ပေးသူပါ ရောဂါပိုးကာကွယ်နိုင်ဖို့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ပစ္စည်းကိရိယာများကိုလည်း ပိုးသတ်သန့်ရှင်းထားဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ရောဂါပိုးဝင်ရောက်ကူးစက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဝင်လာနိုင်ပါတယ်။ အခုတစ်ခေါက်တော့ လူတိုင်း သတိထားမိနိုင်စေဖို့အတွက် နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း အကြောင်းလေးပြောပြပေးချင်ပါတယ်။

    နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း

    နားဖောက်ခြင်းတိုင်းမှာ အနာဖြစ်စေပြီး ပုံမှန်အားဖြင့် သေချာအနာကျက်ဖို့ တစ်လခွဲခန့်ထိ ကြာနိုင်ပါတယ်။ နားရဲ့ အရိုးနုလို မာတဲ့နေရာကိုဖောက်မယ်ဆိုရင် အနာကျက်ဖို့ ပိုပြီးကြာနိုင်ပါတယ်။ အနာကျက်ဖို့ အချိန်ကြာလေ ရောဂါပိုးဝင်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ နားပေါက်ကနေ နည်းမျိုးစုံနဲ့ ရောဂါပိုး ဝင်နိုင်ပါတယ်။

    နားပေါက်အနာမကျက်ခင်မှာ ညစ်ပေတဲ့လက်နဲ့ ကိုင်မိရင်ဖြစ်စေ၊ နားဖောက်စဉ် အသုံးပြုတဲ့ကိရိယာ ညစ်ညမ်းရင်ဖြစ်စေ ဘက်တီးရီးယားများ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ နားဖောက်တဲ့ကိရိယာများဟာ ပိုးသန့်စင်ထားတဲ့ ကိရိယာတွေ ဖြစ်ရပါမယ်။ ပစ္စည်းကိရိယာများမသန့်ရှင်းဘဲ လက်အိတ်မဝတ်ဘဲ ကိုင်တွယ်ရင် ပိုးဝင်နိုင်ခြေ ပိုများပါတယ်။

    နားကပ်နားဆွဲများကို တင်းကြပ်နေအောင် ဝတ်ထားရင်လည်း လေဝင်လေထွက်မရှိဘဲ အနာကျက်နှေးပြီး ရောဂါပိုးဝင်နိုင်ခြေ ရှိပါတယ်။ နားကပ်နားဆွဲများကို နားပေါက်ကောင်းကောင်းမကျက်ခင်မှာ ဖြုတ်လိုက်တပ်လိုက် လုပ်လွန်းရင်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။

    လက္ခဏာများ

    နားပေါက်ဖောက်ပြီးချိန် ပိုးဝင်တဲ့အခါ တွေ့နိုင်တဲ့လက္ခဏာတွေကတော့

    •  နားပေါက်မှ ပြည်ကဲ့သို့ အရည်များထွက်ခြင်း
    •  ရောင်ရမ်းခြင်း
    •  နီရဲခြင်း
    •  နာကျင်ခြင်း
    •  ယားယံခြင်း၊ ပူခြင်း စတာတွေဖြစ်ပါတယ်။

    နားပေါက်ဖောက်ရာမှ ပိုးဝင်ခြင်း ကို ဘယ်လိုကုသနိုင်သလဲ

    ရောဂါပိုးဝင်ခြင်းဟာ သိပ်မဆိုးဘူးဆိုရင် အိမ်မှာပဲ မိမိဖာသာ ကုသနိုင်ပါတယ်။ နားရွက်အလယ်ပိုင်းက အရိုးနုလိုနေရာမှာ ဖောက်ထားပြီး ရောဂါပိုးဝင်တယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြသင့်ပါတယ်။ အဆိုပါ ရောဂါပိုးဝင်ခြင်းမျိုးဟာ ပိုပြီးကုရခက်ပြီး ပဋိဇီဝဆေးတွေ သောက်သုံးဖို့ လိုအပ်နိုင်ပါတယ်။

    နားပေါက်ကို ပိုးဝင်ခြင်းဟာ သိပ်မဆိုးရင် အောက်ပါနည်းလမ်းတွေ လုပ်ဆောင်နိုင်ပါတယ်။

  • နားပေါက်ကို မကိုင်တွယ်မီ၊ မသန့်ရှင်းမီ လက်ကိုသေချာဆေးကြောပါ။
  • နားပေါက်ပတ်လည်ကို ဆားရည်နဲ့ တစ်နေ့ကို သုံးခါ ဆေးကြောပါ။ ပိုးသန့်စင်ပြီးသား ဆလိုင်းရည်ကို ဝယ်ယူနိုင်သလို မိမိဖာသာ ရေသန့် ၈ အောင်စမှာ ဆားကို ထမင်းစားဇွန်းရဲ့ လေးပုံတစ်ပုံထည့်ဖျော်ပြီးလည်း သုံးနိုင်ပါတယ်။
  • အရက်ပြန်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ ပဋိဇီဝလိမ်းဆေးများ အသုံးပြုခြင်းကို တတ်နိုင်သလောက်ရှောင်ပါ။ အရေပြားကို အနာကျက်နှေးစေနိုင်ပါတယ်။
  • နားကပ်နားဆွဲကို မချွတ်ထားပါနဲ့။ နားပေါက်ကို ပြန်ပိတ်သွားစေနိုင်ပြီး ပိုးဝင်တဲ့နေရာလည်း အရေပြားအောက်ရောက်သွားနိုင်ပါတယ်။
  • နားပေါက်ကို ဆေးကြောပြီးတဲ့အခါ သန့်ရှင်းတဲ့ တစ်သျှူးစက္ကူနဲ့ ပြန်သုတ်ပါ။
  • နားပေါက်မှာ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်းများ မရှိတာ့ရင်တောင် လုံး၀ ကျက်သွားတဲ့အထိ နေ့စဉ် ဆေးကြောသန့်စင်ပါ။
  • ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ

    နားကပ်ပေါက်ကို သာမန်ပိုးဝင်ခြင်းလောက်ကတော့ အိမ်မှာပဲ မိမိဖာသာ ကုသနိုင်ပေမယ့် အောက်ပါအခြအနေတွေဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေရှိနိုင်လို့ ဆရာဝန်ပြသသင့်ပါတယ်။

    • နားကပ်နားဆွဲများကို မချွတ်နိုင်လျှင်
    • နားကပ်နားဆွဲများ နားရွက်အရေပြားအတွင်း မြုပ်ဝင်နေလျှင်
    • နှစ်ရက်ကျော်သည်အထိ အိမ်တွင်းကုထုံးများနှင့် မသက်သာလျှင်
    • အဖျားတက်လျှင်
    • နီရဲရောင်ရမ်းခြင်း ပြည်တည်ခြင်းဟာ နားပေါက်နေရာအပြင် အခြားနေရာများသို့ ပျံ့နေလျှင်

    နားပေါက်ဖောက်ရာမှာ ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ

    ရောဂါပိုးမဝင်အောင် နားလည်တတ်ကျွမ်းသူနဲ့ပဲ ဖောက်သင့်ပါတယ်။ အိမ်မှာ မိမိဖာသာ မလုပ်သင့်ပါဘူး။ မိမိကိုဖောက်ပေးမယ့်သူအနေနဲ့ ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နားမဖောက်ခင်မှာ ဆွေးနွေးပါ။ ပစ္စည်းကိရိယာများဟာ ပိုးသန့်စင်ထားခြင်းရှိမရှိ သေချာအောင်လုပ်ပါ။ ဖောက်ပြီးချိန်မှာလည်း နားပေါက်အနာကို ဆားရည်နဲ့ ဆေးကြောပါ။ နားပေါက်မကျက်ခင် နားကပ်ကို လှည့်ခြင်း ရှေ့တိုးနောက်ဆုတ် မကြာခဏပြုလုပ်ကြည့်ခြင်း စတာတွေ ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    14/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement