brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပုန်းကွယ်နေတဲ့ ရောဂါဆိုး Hidden Hearing Loss

Hidden Hearing Loss (မသိမသာ အကြားအာရုံ ဆုံးရှုံးခြင်း) ဟာ ရှုပ်ထွေးပြီး ဆန်းကျယ်တဲ့ အကြားအာရုံချို့ယွင်းမှု ရောဂါတစ်မျိုးဖြစ်ပါတယ်။ သာမန် အကြားအာရုံချို့ယွင်းမှု ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်စစ်ဆေးချိန်တွေမှာ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူနိုင်ပါဘူး။

ပုန်းကွယ်နေတဲ့ ရောဂါဆိုး Hidden Hearing Loss

ဒီရောဂါကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက အကြားအာရုံအထူးကုဆရာဝန်တွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့လူနာတွေဟာ Audiogram လို့ခေါ်တဲ့ ပုံမှန်အကြားအာရုံစစ်ဆေးမှုတွေမှာ ရောဂါလက္ခဏာမပြခဲ့ပဲ သီးသန့်ကြိမ်နှုန်းတွေနဲ့ စမ်းသပ်မှုပြုလုပ်ကြည့်မှသာ အနိမ့်သံတွေကို နားထောင်ရ ခက်ခဲနေကြကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။

တချို့လူတွေဟာ သူတို့အနေနဲ့ အကြားအာရုံဆိုင်ရာ ပြဿနာရှိနေတယ်လို့ ခံစားမိနေပေမယ့် စမ်းသပ်စစ်ဆေးမှုတွေမှာ ပုံမှန်ရလဒ်တွေသာ ပြသနေတတ်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေ များပြားလာချိန်မှာ နည်းလမ်းတကျ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်လာခဲ့ပြီး Hidden Hearing Loss အကြောင်းကို သိရှိလာရတာဖြစ်ပါတယ်။

Hidden Hearing Loss အကြားအာရုံချို့ယွင်းနေတဲ့ လူနာတစ်ယောက်ဟာ ပုံမှန် အကြားအာရုံစစ်ဆေးမှုတွေကို ဖြတ်ကျော်နိုင်စွမ်းရှိနေမှာဖြစ်ပြီး တိတ်ဆိတ်တဲ့အခန်း တစ်ခုထဲမှာ ကြိမ်နှုန်းနိမ့်တဲ့ အသံမျိုးကို နားထောင်ခိုင်းတဲ့အခါမျိုးကျမှသာ အဆိုပါဝေဒနာရှင်တွေအနေနဲ့ ယင်းအသံတွေကို ကြားရခြင်းမရှိတာကို သိရှိရမှာဖြစ်ပါတယ်။

Hidden Hearing Loss ဟာ ပုံမှန် အကြားအာရုံချို့ယွင်းမှုတွေလို နားအတွင်းက အာရုံခံဆဲလ်စ်အမျှင်လေးတွေ ပျက်ဆီးသွားတာမျိုးမဟုတ်ပဲ အဲဒီနောက်က နာ့ဗ်ကြောတွေ ထိခိုက်သွားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ အဆိုပါ နာ့ဗ်ကြောအစုအဝေးဟာ အာရုံခံဆဲလ်စ်အမျှင်လေးတွေနဲ့ ဆက်စပ်နေပြီး ဆူညံတဲ့အသံတွေကို ထိန်းချုပ်ဖို့ ဆောင်ရွက်ပေးပါတယ်။ လူတစ်ယောက်ဟာ ဆူညံနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ မိမိဘေးနားက လူရဲ့ စကားသံကို ကြားနိုင်တာဟာ ဒီနာ့ဗ်ကြောတွေနဲ့ ဆဲလ်စ်အမျှင်လေးတွေက စီမံပေးလို့ဖြစ်ပါတယ်။

ဒီနာ့ဗ်ကြောတွေ ထိခိုက်ပျက်ဆီးသွားခဲ့မယ်ဆိုရင် ကလပ်၊ ဂီတဖျော်ဖြေပွဲ၊ နားကြပ်နဲ့ သီချင်းနားထောင်တာစတဲ့ ဆူညံတဲ့ပတ်ဝန်းကျင်မျိုးတွေကို ရောက်ရှိနေချိန်မျိုးမှာ အနီးနားကသူတွေရဲ့ စကားပြောဆိုသံတွေကို ကွဲကွဲပြားပြားကြားသိရခြင်းမရှိတော့ပဲ ဆူညံသံတစ်မျိုးကိုသာ ကြားရတော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ အကြားအာရုံထိခိုက်မှုမျိုးဟာ သာမန်အချိန်တွေမှာဆိုရင် မသိသာပေမယ့် ဆူညံတဲ့ အခြေအနေမျိုးတွေမှာတော့ သိသာနေမှာဖြစ်ပါတယ်။

အဆိုပါရောဂါဟာ အန္တရာယ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ရောဂါဖြစ်နေတာကို မသိရှိဘဲ ရေရှည်ဖြစ်နေခဲ့မယ်ဆိုရင် အမြဲတမ်းအကြာအာရုံဆုံးရှုံးသွားတာမျိုးအထိ အဆင့်တက်ကာ ဖြစ်ပျက်နိုင်ပါတယ်။

Hidden Hearing Loss ရဲ့ လက္ခဏာများ

Hidden Hearing Loss ဖြစ်နေသူအများစုဟာ သူတို့မှာ အဆိုပါ ဝေဒနာရှိနေတယ်ဆိုတာကို မသိရှိကြတာများပါတယ်။ ဆူညံတဲ့ အသံတွေကို ကြာရှည်နားထောင်နေရသူတွေဟာ Hidden Hearing Loss ဖြစ်နိုင်စေတဲ့ နာ့ဗ်ကြောအစုဝေးထိခိုက်နိုင်ခြေ မြင့်မားပြီးတော့ ပိုမိုဆိုးရွားလာတဲ့အခါမျိုးတွေမှာ အကြားအာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အကြားအာရုံအထောက်အကူပြု ပစ္စည်းတွေနဲ့ နားကြားကိရိယာတွေဟာ Hidden Hearing Loss ဖြစ်နေသူတွေကို မကူညီနိုင်ပါဘူး။ ဒီလိုဝေဒနာ ခံစားနေရသူတွေအတွက်ဆိုရင် သီးသန့် အသံပေးနိုင်တဲ့ နည်းလမ်းတွေလိုအပ်မှာဖြစ်ပါတယ်။

Hidden Hearing Loss ကို ကုသနိုင်သလား

ဒီရောဂါဟာ အသက်အရွယ်မရွေးလူတိုင်းမှာဖြစ်နိုင်ပြီးတော့ ကုသဖို့ ခက်ခဲပါတယ်။ Hidden Hearing Loss ဖြစ်နေသူတစ်ယောက်ဟာ ဂရုတစိုက်စောင့်ရှောက်ကုသမှု မလုပ်ခဲ့ဘူး၊ ဆူညံသံတွေကို ဆက်လက်နားထောင်မိနေမယ်ဆိုရင် လုံးဝ အကြားအာရုံ ဆုံးရှုံးချို့ယွင်းသွားတာမျိုး ဖြစ်သွားဖို့ အလွန်လွယ်ကူပါတယ်။ လက်ရှိမှာတော့ Hidden Hearing Loss ကနေ လုံးဝအကြားအာရုံ ဆုံးရှုံးတဲ့အဆင့်ဆီရောက်မသွားအောင် တားဆီးနိုင်တဲ့နည်းလမ်းတစ်ချို့ကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒါကြောင့် ပုံမှန် အကြားအာရုံစစ်ဆေးမှုတွေ၊ နားကြပ်အသုံးပြုမှုကို သတိထားဖို့တွေ လိုအပ်ပြီး အလွန်အမင်းဆူညံတဲ့ အသံတွေကို ရှောင်လွှဲနိုင်ဖို့နဲ့ မိမိရဲ့နားကို မထိခိုက်အောင် ဂရုတစိုက် စောင့်ရှောက်ပေးဖို့ အကြံပေးပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/08/2020 ဖြစ်ပါသည်။