backup og meta

မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း


Dr. Ye Mhan Linn မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်း

    မိမိဝှေးစေ့ကို မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးခြင်းဆိုတာ ဘာလဲ

    ဝှေးစေ့ကင်ဆာအများစုကို အစောပိုင်းအဆင့်မှာတင် စစ်ဆေးသိရှိနိုင်ပါတယ်။ အချို့အမျိုးသားတွေမှာ ကနဦးအဆင့်မှာကတည်းက လက္ခဏာပြတဲ့အတွက် စောစောစီးစီး ဆေးကုသမှုခံယူကြတာကို တွေ့နိုင်ပါတယ်။ များသောအားဖြင့် အစောဆုံးပြလေ့ရှိတဲ့ လက္ခဏာကတော့ ဝှေးစေ့မှာ အလုံးအကျိတ်ပေါ်လာခြင်းဖြစ်ပြီး တစ်ခါတရံမှာ အလုံးအကျိတ်မပေါ်ဘဲ ဝှေးစေ့ရောင်ရမ်းခြင်း၊ အရွယ်အစားကြီးလာခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချို့အမျိုးသားတွေဟာ ကင်ဆာအဆင့်မြင့်လာပြီး အခြားကိုယ်အင်္ဂါများဆီ ပျံ့နှံ့သွားတဲ့အထိ ရောဂါရှိနေမှန်းမသိဘဲ ဖြစ်တတ်ပါတယ်။

    အမျိုးသားများကို ယေဘုယျကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တဲ့အခါ ဝှေးစေ့များကိုပါ စစ်ဆေးဖို့လိုအပ်ကြောင်း ဆရာဝန်အများစုက သဘောတူလက်ခံထားပါတယ်။ ကင်ဆာဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်တိုင်း ဝှေးစေ့များကိုပါ စစ်ဆေးဖို့ အမေရိကန်ကင်ဆာအဖွဲ့အစည်း (ACS) က တိုက်တွန်းထားပါတယ်။

    ဒါ့အပြင် ACS က အမျိုးသားများကို ဝှေးစေ့ကင်ဆာအကြောင်း သတိပြုကြဖို့နဲ့ ဝှေးစေ့မှာ အလုံးအကျိတ်တစ်စုံတစ်ရာ စမ်းသပ်မိရင် ဆရာဝန်ဆီ ချက်ချင်းသွားရောက်ပြသဖို့ အကြံပြုထားပါတယ်။ မိမိဝှေးစေ့ကို မိမိကိုယ်တိုင် ပုံမှန်စစ်ဆေးခြင်းအားဖြင့် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေကို လျော့ချနိုင်ခြင်းရှိမရှိ လုံလောက်တဲ့ လေ့လာစမ်းသပ်မှုများ မပြုလုပ်ရသေးတဲ့အတွက် ဒီလိုစစ်ဆေးဖို့ကိုတော့ အကြံပြုထားခြင်း မရှိပါဘူး။ ဒါပေမယ့် အချို့ဆရာဝန်များကတော့ လူပျိုဖော်ဝင်ပြီးသူ အမျိုးသားအားလုံး မိမိဝှေးစေ့ကို တစ်လတစ်ကြိမ် ပုံမှန်စစ်ဆေးကြဖို့ တိုက်တွန်းထားပါတယ်။

    ကပ်ပယ်အိတ်ထဲ ဝှေးစေ့မဆင်းသူများ၊ ယခင်က ဝှေးစေ့ကင်ဆာဖြစ်ဖူးသူများ၊ ဝှေးစေ့ကင်ဆာဖြစ်ဖူးတဲ့ မိသားစုဝင်ရှိသူများ စတဲ့ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ချေများသူတွေအနေနဲ့ ကျွမ်းကျင်သူဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တဲ့အပြင် မိမိဝှေးစေ့ကို လစဉ် ကိုယ်တိုင်စမ်းသပ်စစ်ဆေးဖို့ အလေးပေးစဉ်းစားသင့်ပါတယ်။

    မိမိဝှေးစေ့ကို မိမိကိုယ်တိုင် ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ

    မိမိဝှေးစေ့ကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးဖို့ အကောင်းဆုံးအချိန်ကတော့ ရေနွေးနဲ့ရေချိုးပြီးကာစအချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ဝှေးစေ့ကိုဖုံးအုပ်ထားတဲ့ ကပ်ပယ်အိတ်အရေပြား အလျော့တွဲဆုံးအချိန်ဖြစ်တဲ့အတွက် ဝှေးစေ့များကို စမ်းသပ်ရလွယ်ကူစေပါတယ်။ လက်နှစ်ဘက်လုံးကို အသုံးပြုပြီး ဝှေးစေ့တစ်လုံးခြင်းစီကို အနည်းငယ်ဖိ၍ လက်ချောင်းများကြားတွင် ညင်သာစွာလှိမ့်ပြီး စမ်းသပ်ပါ။ လက်မကို ဝှေးစေ့ထိပ်မှာထားပြီး လက်ညှိုးနှင့်လက်ခလယ် တစ်ချောင်းချင်းစီကို ဝှေးစေ့နောက်တွင်ထား၍ လှိမ့်ပေးပါ။

    ဒီလိုစမ်းသပ်တဲ့အခါ ဝှေးစေ့တစ်လုံးချင်းစီရဲ့ အနောက်ဘက်ထိပ်ပိုင်းမှာ ခပ်ပျော့ပျော့ကြိုးသဏ္ဍာန်ရှိပြီး ဖိလိုက်ရင် အနည်းငယ်နာနိုင်တဲ့ သုတ်ပို့ပြွန်ကို ခံစားမိမှာ ဖြစ်ပါတယ်။

    ဝှေးစေ့တစ်လုံးဟာ အခြားဝှေးစေ့တစ်လုံးထက် ကြီးနေတတ်တာကိုတော့ သတိပြုဖို့ လိုပါလိမ့်မယ်။ များသောအားဖြင့် ညာဘက်ဝှေးစေ့က ဘယ်ဘက်ဝှေးစေ့ထက် ပိုကြီးနေတတ်ပြီး ဒါဟာ ပုံမှန်ပဲဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။

    ဝှေးစေ့တစ်လုံးချင်းစီရဲ့ အရှေ့ဘက်နဲ့ ဘေးပတ်ပတ်လည်မှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်၊ အဖုအထုံးတွေ ရှိမရှိ သေချာစွာစမ်းသပ်ပါ။ အလုံးအကျိတ်တွေဟာ ဆန်စေ့၊ ပဲစေ့ ပမာဏလောက်အထိ သေးငယ်နေနိုင်ပါတယ်။

    အလုံးအကျိတ်တစ်ခုခု စမ်းမိရင်ဖြစ်စေ၊ ဝှေးစေ့အရွယ်အစားနဲ့ အရောင်ပြောင်းလဲနေကြောင်း သတိထားမိရင်ဖြစ်စေ၊ ပေါင်ခြံတဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရရင်ဖြစ်စေ သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။

    အလုံးအကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပေမယ့် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်တာက အကောင်းဆုံးပါပဲ။ ဝှေးစေ့ကင်ဆာဟာ စောစောသိ စောစောကုသမှုခံယူရင် ပျောက်ကင်းအောင်ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

    ထူးခြားမှုတစ်ခုခု သတိထားမိရင် ဘာလုပ်သင့်သလဲ

    မိမိဝှေးစေ့ကို ကိုယ်တိုင်စမ်းသပ်စဉ်မှာဖြစ်ဖြစ် အခြားတစ်ချိန်ချိန်မှာဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့အရာတစ်ခုခု သတိထားမိမယ် ဒါမှမဟုတ် သင့်ကိုယ်သင် မသေချာမရေရာ ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

    ဆရာဝန်က သင့်ကို ထူးခြားတဲ့လက္ခဏာတစ်စုံတစ်ရာ (ဥပမာ နာကျင်ကိုက်ခဲမှုဝေဒနာ) ခံစားနေရခြင်းရှိမရှိ၊ ရှိခဲ့ရင်လည်း ဘယ်လောက်ကြာအောင် ခံစားနေရတယ်ဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သင့်ဝှေးစေ့တွေရဲ့ အရွယ်အစား၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အလုံးအကျိတ်ဖြစ်ပေါ်ခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး ကင်ဆာရောဂါပျံ့နှံ့နေခြင်းရှိမရှိ သိနိုင်ဖို့ ဝမ်းဗိုက်၊ ပေါင်ခြံနဲ့ အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုပါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

    အကယ်၍ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးမှုမှာ မူမမှန်တဲ့လက္ခဏာတစ်ခုခု တွေ့ရှိခဲ့တယ်ဆိုရင် အာလ်ထရာဆောင်း အသုံးပြုပြီး ဝှေးစေ့နဲ့ ကပ်ပယ်အိတ်အတွင်းပိုင်းကို ပုံဖော်စစ်ဆေးမှု ပြုလုပ်ရနိုင်ပါတယ်။ ဒီစစ်ဆေးမှုကတဆင့် ဝှေးစေ့မှာ ကင်ဆာအကျိတ် ဒါမှမဟုတ် အခြားပြဿနာများ ရှိမရှိ မနာမကျင်ဘဲ လွယ်ကူစွာ သိရှိနိုင်ပါတယ်။ အာလ်ထရာဆောင်းအပြင် အခြားစစ်ဆေးမှုများလည်း ပြုလုပ်ရနိုင်ချေ ရှိပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement