backup og meta

ဆီးချိုဝေဒနာကို ပိုဆိုးလာစေနိုင်မည့် စားသောက်မှုအလေ့အထများ


Aye Thi Mon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဝေဒနာကို ပိုဆိုးလာစေနိုင်မည့် စားသောက်မှုအလေ့အထများ

    ဆီးချိုရောဂါရှိနေပြီလို့ သိလိုက်ရချိန်မှာ အရမ်းကို ထိတ်လန့်ကြောက်ရွံ့စရာကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်းနေထိုင်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာမယ်ဆိုရင် ဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့များ စာဖတ်သူပရိသတ်အနေနဲ့ သွေးတွင်းသကြားဓာတ်ကိုလျော့ကျအောင်လုပ်ဆောင်ပြီး ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ကြိုးစားနေတာဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ စားသောက်မှုအလေ့အထအမှားတွေကို မလုပ်ဆောင်မိတာ သေချာဖို့လိုပါတယ်။

    ကဖင်းဓာတ်အလွန်အကျွံစားသုံးခြင်း

    ကဖင်းဓာတ်ကို အလွန်အကျွံစားသုံးတဲ့အခါ အင်ဆူလင်ပမာဏမြင့်တက်လာတာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်သုံးတာက ခန္ဓာကိုယ်တွင်းက အင်ဆူလင်အတွက် အကျိုးကျေးဇူးရရှိနိုင်တယ်ဆိုပေမယ့် တစ်ခွက်ထက်ပိုသောက်ခဲ့မယ်ဆိုရင်တော့ အင်ဆူလင်ပမာဏ အဆမတန်မြင့်တက်သွားတာမျိုးတွေ့ကြုံခံစားရနိုင်ပါတယ်။ yerba mate လိုမျိုးဆေးဖက်ဝင်အပင်ကနေထုတ်လုပ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရင်းအမြစ်တွေကနေထွက်ရှိတဲ့ ကဖင်းဓာတ်ကို စားသုံးတယ်ဆိုရင်တောင်မှ ကဖင်းက အင်ဆူလင်ပမာဏကို တက်စေနိုင်ပါတယ်။ အင်ဆူလင်ပမာဏမြင့်တက်မှုက စိတ်ဆိုးလွယ်တာ၊ ကတုန်ကယင်ဖြစ်တာ၊ မအီမသာဖြစ်တာနဲ့ အချိုစားချင်စိတ်ပြင်းပြတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်တွင်းက အင်ဆူလင်ပမာဏကျဆင်းသွားတဲ့အခါ နောက်ထပ် ကဖင်းဓာတ်နဲ့ အချိုဓာတ်ကို မိမိစိတ်ကတောင့်တနေတဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီး ပိုမိုစားသုံးချင်တာမျိုးဖြစ်စေနိုင်ပါတယ်။

    မနက်စာ စားလေ့စားထမရှိခြင်း

    မနက်စာက တစ်နေ့တာအတွက်အရေးကြီးဆုံးသော အစားအစာတစ်ရပ်လို့ အမြဲလိုလိုကြားဖူပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေအနေနဲ့ မနက်စာစားသုံးသင့်ပါတယ်လို့ မယ်ရီလန်းပြည်နယ် Baltimoreမြို့မှာရှိတဲ့ Mercy Medical Center က ဆီးချိုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Alison Massey က ပြောကြားခဲ့ပါတယ်။ မနက်ပိုင်းမှာ မနက်စာစားဖို့ အချိန်အကြာကြီးစောင့်နေရတာမျိုးက သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (hypoglycemia) ကို ခံစားရနိုင်ပါတယ်။ မနက်ခင်းမှာ ပုံမှန် အဆာပြေတစ်ခုခု စားသုံးပေးတာမျိုးဖြစ်ဖြစ်၊ ဒိန်ချဉ်ကို ဘယ်ရီသီးတစ်မျိုးမျိုးနဲ့တွဲဖက်စားသုံးတာမျိုးဖြစ်ဖြစ်၊ ကြက်ဥပြုတ် တစ်လုံးကို ပေါင်မုန့်မီးကင်တစ်ချပ်နဲ့ စားတာမျိုးဖြစ်ဖြစ် စားသုံးပေးဖို့တိုက်တွန်းလိုပါတယ်။

    နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ မတည့်တဲ့အဆီတွေ အများအပြားပါဝင်နေခြင်း

    အဆီတွေကို အလွန်အကျွံစားသုံးတာက အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း (insulin resistance) ဖြစ်ပေါ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာ ရောင်းချနေတဲ့ အမြန်စားအစားအသောက်တွေလိုမျိုး ပြည့်ဝဆီတွေပါဝင်မှုများတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။ သုတေသနအချို့မှာတော့ monounsaturated fatty acids (MUFAs)တွေက အင်ဆူလင်မတုံ့ပြန်နိုင်မှုအပေါ်မှာ အတော်အသင့်အကျိုးပြုနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ MUFAs က ထောပတ်သီး၊ သံလွင်ဆီ၊ မြေပဲထောပတ်လိုမျိုး အခွံမာသီးနဲ့လုပ်ထားတဲ့ထောပတ်တွေနဲ့ အစေ့အဆန်တွေမှာပါဝင်တဲ့ အဆီတွေလို ခန္ဓာကိုယ်အတွက် အထောက်အကူပြုပါတယ်။ MUFAs ပမာဏမြင့်မားစွာပါဝင်ပြီး ပြည့်ဝဆီပါဝင်မှုနည်းတဲ့ အစားအသောက်တွေက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကိုလက်စထရောတွေကို ကျဆင်းစေသလို triglycerides လို့ခေါ်တဲ့အဆီတစ်မျိုးကို ကျဆင်းစေပြီးသွေးပေါင်ချိန်ကိုလည်း ကျဆင်းစေပါတယ်။

    အသားများများ စားသုံးခြင်း

    ပရိုတင်းကို အလွန်အကျွံစားသုံးခြင်းက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာပါတဲ့ အနီရောင်အသားတွေကနေရရှိတဲ့ ပရိုတင်းဖြစ်ပါတယ်။ အနီရောင်အသားစားသုံးမှုများတာက အမျိုးအစား -၂ ဆီးချိုရောဂါ (type 2 diabetes)ဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။

    အစားအသောက်တွေက အာဟာရဓာတ်အချိုးညီမျှမှုမရှိခြင်း

    အစားအသောက်တစ်ခုတည်းကို အများကြီးစားသုံးခြင်း (ဥပမာ ကာဗိုဟိုက်ဒရိတ်လိုမျိုး) နဲ့ အခြားအစားအသောက်တွေကို လုံလောက်အောင် မစားသုံးခြင်း (ဥပမာ ဟင်းသီးဟင်းရွက်နဲ့အဆီနည်းတဲ့ အသားကနေရတဲ့ ပရိုတင်းဓာတ်) က သွေးတွင်းသကြားဓာတ်ကို တိုးစေတာမျိုးဖြစ်စေနိုင်ပါတယ်။ အဆီနည်းတဲ့ အသားဖြစ်တဲ့ အရိုးနဲ့ အရေပြားမပါဝင်တဲ့ ကြက်ရင်အုံသားကို ဆန်လုံးညိုလိုမျိုး ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအသောက်ကို တွဲစပ်စားသုံးတာက အစာကျေချက်မှုကိုနှေးစေပြီး အချိန်တော်တော်ကြာတဲ့အထိ ဗိုက်ပြည့်နေတယ်လို့ခံစားရစေမှာဖြစ်တဲ့အပြင် အစားစားပြီးတဲ့အခါမှာလည်း သွေးတွင်းသကြားဓာတ်အပေါ်မှာ အနည်းအကျဉ်းအကျိုးသက်ရောက်မှုရှိပါတယ်။

    အစားစားဖို့ မေ့နေတတ်ခြင်း

    အစားစားဖို့မေ့နေတာမျိုး မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အလုပ်အရမ်းများနေပြီး ထို့နောက်မှာမှ အချိန်ကိုသတိထားမိတာမျိုးက ကိုယ့်ကိုယ်ကို အန္တရာယ်များအောင်လုပ်နေသလိုပါပဲ။ အစားစားချိန် တစ်ခုနဲ့ တစ်ခုကြားအချိန် အရမ်းခြားတာမျိုးကသွေးတွင်းသကြားဓာတ်လျော့နည်းခြင်း (hypoglycemia) ကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါဆေးတွေ အမြဲသောက်သုံးနေရသူတွေမှာ သတိထားသင့်ပါတယ်။ အဆိုပါ အခြေအနေကို မကုသဘဲထားမယ်ဆိုရင် သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းက ဆိုးလာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်း အခြေအနေပြင်းထန်လာမယ်ဆိုရင် လေဖြတ်တာ၊ ကိုမာဝင်တာနဲ့ သေဆုံးတာမျိုးတွေအထိ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်လို့ National Institute of Diabetes and Digestive and Kidney Diseases က ဆိုပါတယ်။ တကယ်လို့များ ဆီးချို (သို့) ဆီးချိုရောဂါအကြိုလက္ခဏာတွေ ခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ် အလွန်အမင်းကျဆင်းသွားချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ လျင်လျင်မြန်မြန်ပြန်တက်လာစေဖို့အတွက် သကြားလုံးလေးတွေ၊ အချိုရည်ဗူးလေးတွေနဲ့ နို့ဘူးလေးတွေကို ဆောင်ထားပေးသင့်ပါတယ်။

    ဂျုံဖြူကနေလုပ်ထားတဲ့ သရေစာတွေစားသုံးခြင်း

    လေ့လာမှုအချို့မှာ သန့်စင်ပြီးသား ကာဗိုဟိုက်ဒရိတ်တွေဖြစ်တဲ့ (ပေါင်မုန့်အဖြူ၊ pretzels၊ chip)တွေက အင်ဆူလင်မတုံ့ပြန်နိုင်မှုကို တိုးစေပါတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဂျုံအဖြူနဲ့ ပြုလုပ်ပြီး သကြားဖြည့်စွက်ထားတဲ့ အသင့်စား အစားအသောက်တွေစားသုံးမှုကို ကန့်သတ်လျှော့ချပါ။ အဆိုပါ အစားအသောက်တွေအစား အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အဆာပြေအစားအစာတွေ၊ ကောက်နှံနဲ့ လုပ်ထားတဲ့ အဆာပြေအစားအစာတွေကို စားသုံးပေးနိုင်ပါတယ်။

    အလွန်အကျွံစားသုံးခြင်း

    အမျိုးအစား -၂ ဆီးချိုရောဂါ (type 2 diabetes) ခံစားနေရသူတွေမှာ အလွန်အကျွံစားသုံးတာကြောင့် ကိုယ်အလေးချိန်တက်တာက အင်ဆူလင်မတုံ့ပြန်နိုင်မှုကို ပိုဆိုးစေနိုင်သလို ဆေးကုသမှုခံယူမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တာမျိုးအထိဖြစ်ပေးစေနိုင်ပါတယ်။ လို့Massey ကပြောပြပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေပါဝင်နေတဲ့ အစားအသောက်တွေကို ပမာဏအများကြီးစားသုံးတာက အစားစားပြီးတဲ့နောက် သွေးချိုတိုင်းတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ဆရာဝန် (သို့) ဆီးချိုအကြောင်း တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ စားသောက်မှုပုံစံတစ်ရပ်ကို ဘယ်လိုဖန်တီး ရမလဲ ဆိုတာကိုမေးမြန်းတာက ကျန်းမာရေးအတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။

    ညစာ (သို့) အဆာပြေစားတာက အိပ်ချိန်နဲ့ နီးကပ်နေတာ

    ညပိုင်းနောက်ကျမှ အစားစားတာက နောက်နေ့မနက်ပိုင်းမှာ သွေးတွင်းသကြားဓာတ်ကို မြန်မြန်ဆန်ဆန်မြင့်တက်စေနိုင်ပါတယ်။ ညပိုင်းနောက်ကျမှ အစားစားတာက နောက်တစ်နေ့မနက်ခင်းမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်ပိုပြီးမြင့်တက်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ညပိုင်းနောက်ကျမှ အစားစားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို တကယ်ဆာရဲ့လားဆိုတာကို ဆန်းစစ်ပါ။ ဒါမှမဟုတ် ညပိုင်းမှာ အစားစားတာက အကျင့်ဖြစ်နေလား ဆိုတာကို ဆန်းစစ်ပါ။ တကယ်လို့များ ညပိုင်းအစားစားတတ်တာက အကျင့်ဖြစ်နေတာဆိုရင် ဆေးဖက်ဝင် လက်ဖက်ရည်တစ်မျိုးမျိုးဖျော်ထားတာပြီး သောက်သုံးတာမျိုးဖြစ်ဖြစ်၊ အစာစားတာ အစား တစ်ခုခုလုပ်တာဖြစ်ဖြစ်လုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement