backup og meta

အိမ်မှာသုံးတဲ့ သွေးပေါင်ချိန်စက် သုံးနည်းမှန်ရဲ့လား


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာသုံးတဲ့ သွေးပေါင်ချိန်စက် သုံးနည်းမှန်ရဲ့လား

    နောက်ဆက်တွဲဆိုးကျိုးတွေများလွန်းတဲ့ အဓိကအရင်းခံတစ်ခုအဖြစ် သွေးတိုးရောဂါကို စိတ်ပူနေရတဲ့ ဒီကနေ့ခေတ်မှာသွေးပေါင်ချိန်စက်တစ်ခုတော့ ရှိထားသင့်ပါတယ်နော်။ဆေးဆိုင်တွေ၊ဆေးခန်းတွေမှာ ချိန်လို့ရပေမယ့် ကိုယ်လိုတဲ့အချိန်အလွယ်တကူ သိရှိနိုင်ဖို့၊ အချိန်နဲ့တပြေးညီသွေးဖိအားကိုစစ်ဆေးနိုင်ဖို့ ကိုယ်တိုင်တိုင်းကြည့်တာကောင်းပါတယ်။ ဒါပေမယ့် အိမ်မှာသုံးနေပေမယ့် နည်းလမ်းရောမှန်ရဲ့လား၊ တိုင်းတာမှုရလဒ်တွေ တိကျမှန်ကန်ရဲ့လား သိဖို့တော့အရေးကြီးပါတယ်။ နည်းလမ်းမှန်မှ ရလဒ်မှန်ကန်မယ်၊ ရလဒ်ကို အတိအကျသိနိုင်မှသွေးဖိအားအတက်အကျကို ထိန်းနိုင်မယ်။

    အသုံးပြုနည်းမှန်ကန်ဖို့ ဒီအချက်တွေကို သတိထားသင့်ပါတယ်

    သွေးပေါင်ချိန်စက် ဘယ်အမျိုးအစားကိုပဲသုံးသုံး အသုံးပြုတဲ့နည်းလမ်းနဲ့ တိုင်းတာပုံ မှန်ကန်ဖို့လိုပါတယ်။ အရင်ဆုံး –

    • စက်က တိကျမှန်ကန်ရဲ့လား ဝယ်ကတည်းက စစ်ဆေးပါ။ အရည်အသွေးကောင်းဖို့၊ ရလဒ်တိကျဖို့၊ ချို့ယွင်းချက်ပါမလာဖို့ အရင်ဆုံးစစ်ဆေးပြီးမှ ဝယ်ပါ။ ထိခိုက်တာ၊ ချို့ယွင်းတာပါရင် ချက်ချင်းပြန်လဲပါ။
    • သွေးပေါင် တစ်နေ့နှစ်ကြိမ်တိုင်းပါ။ပထမတစ်ကြိမ်ကို မနက်စာမစားခင် သို့မဟုတ်ဆေးတွေမသောက်ခင် တိုင်းပါ၊နောက်တစ်ကြိမ်ကို ညနေပိုင်းမှာတိုင်းပါ။
    • သွေးပေါင်တိုင်းတဲ့အချိန် တူညီပါစေ။ဒီနေ့ ဒီအချိန်တွေမှာသွေးပေါင်ချိန်ရင်နောက်နေ့လည်း ဒီအချိန်တွေပဲ တိုင်းတာပါ။
    • အိပ်ရာထ ထချင်းသွေးပေါင်မချိန်ပါနဲ့။ဒါပေမယ့်မနက်စာစားပြီးမှ ဒါမှမဟုတ်သောက်နေကျဆေးတွေသောက်ပြီးမှ မချိန်ပါနဲ့။ အိပ်ရာထပြီး ခဏလောက်နေမှ ချိန်ပါ။ ဥပမာ မျက်နှာသစ် သန့်စင်ပြီးမှ တိုင်းတာ အတော်လောက်ပါပဲ။
    • မတိုင်းခင် နာရီဝက်အတွင်း အစားမစားပါနဲ့၊ ကဖင်းပါတာမသောက်ပါနဲ့၊ဆေးလိပ်၊ အရက်မသောက်ပါနဲ့။နောက်တစ်ချက်က ဆီးအရင်သွားပြီးမှ တိုင်းပါ။ ဆီးအိမ်တင်းနေရင်သွေးပေါင်နည်းနည်းတက်နေတတ်ပါတယ်။
    • မတိုင်းခင်နဲ့ တိုင်းနေတဲ့အချိန်မှာ ငြိမ်ငြိမ်လေးထိုင်နေပါ။သွေးပေါင်တိုင်းတော့မယ်ဆိုရင်ခြေထောက်ကို သက်တောင့်သက်သာအနေအထားနဲ့ ၅ မိနစ်လောက် ထိုင်ပါ။
    • ခြေထောက်ကို ကြမ်းပြင်မှာ ခြေဖဝါးချပြီး ခပ်မတ်မတ်ထိုင်ပါ။ခြေထောက်ချိတ်မထိုင်ပါနဲ့။ခြေဖျားတောင် ချိတ်မထားသင့်သလို ခါးကိုလည်း ထိုင်ခုံမှာ သက်တောင့်သက်သာကျောမှီပြီး ထိုင်ပါ။ စိတ်ကိုလည်းဖြေလျှော့ထားပါ၊ တိုင်းနေချိန်မှာ စကားမပြောပါနဲ့။
    • လက်အနေအထား မှန်ပါစေ။ တိုင်းတဲ့အခါ ဘယ်ဘက်ဆို ဘယ်ဘက်၊ ညာဘက်ဆို ညာဘက် တစ်ဘက်ကိုပဲ အမြဲသတ်သတ်မှတ်မှတ်တိုင်းပါ။ လက်ကိုဖြေလျှော့ထားပါ။ စားပွဲပေါ်ဖြစ်ဖြစ်၊ ခုံပေါ်ဖြစ်ဖြစ် နှလုံးနဲ့တတန်းတည်းဖြစ်အောင်မြှင့်ပြီးတင်ထားပါ။ လက်အောက်မှာ ခေါင်းအုံး သို့မဟုတ် ကူရှင် ခုထားလည်းရပါတယ်။
    • လက်ပတ်ကို အင်္ကျီအပေါ်က ထပ်ပြီးမပတ်ပါနဲ့။တိုင်းတာမှုရလဒ်တိကျစေဖို့ လက်မောင်းမှာ အင်္ကျီလက်ကိုခေါက်တင်ပါ။ အနွေးထည်တွေဝတ်ထားရင် လက်ကိုချွတ်ပါ။ အင်္ကျီလက်ခေါက်ရင်း လက်မောင်းမှာ အရမ်းတင်းကျပ်သွားစေတဲ့အခါမှာလည်း တိုင်းတာမှုမမှန်ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် လက်ကို အင်္ကျီနဲ့မကျပ်အောင် ချောင်ချောင်ချိချိထားပါ။
    • သွေးပေါင်ချိန်လက်ပတ်ကို ကိုယ်နဲ့ကိုက်ညီတဲ့အရွယ်အစားပဲ သုံးပါ။ဆိုင်မှာဝယ်ကတည်းက အရွယ်အစားကိုရွေးချယ်ဝယ်ပါ။ မတိုင်းခင် လက်ကိုပတ်လိုက်တဲ့အခါ လက်မောင်းနဲ့ လက်ပတ်ကြားမှာ လက်ချောင်းတစ်ချောင်းစာဝင်လို့ရတဲ့အထိ သက်တောင့်သက်သာပတ်ပါ။ အတင်းကြီးကျပ်အောင်မပတ်ပါနဲ့။
    • လှုပ်လှုပ်ရှားရှားလုပ်ထား၊ လမ်းလျှောက်ထားပြီး ချက်ချင်းမတိုင်းပါနဲ့။လှုပ်ရှားပြီးကာစသွေးပေါင်ချိန်လိုက်တဲ့အခါသွေးဖိအားရလဒ် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ဒါ့ကြောင့်ဆေးခန်းတွေမှာရောက်ရောက်ချင်းသွေးပေါင်မချိန်ခိုင်းဘဲ ခဏနားပြီးမှ တိုင်းတာဖြစ်ပါတယ်။

    သွေးပေါင်တိုင်းတာမှုအဖြေ

    သွေးဖိအားကို တစ်ခါတိုင်းရင် နှစ်ကြိမ်၊ သုံးကြိမ် တိုင်းတာပြီး အကြိမ်အများဆုံးရတဲ့အဖြေကို အစွန်းထွက်ဂဏန်းကို နီးစပ်ရာဘက် အမှန်ယူသင့်ပါတယ်။

    သွေးဖိအားအဖြေကို ကိန်းဂဏန်းနှစ်လုံးနဲ့ ပြလေ့ရှိပြီး ပထမဂဏန်းက အပေါ်သွေးဖိအား ဖြစ်ပြီး ဒုတိယဂဏန်းက အောက်သွေးဖိအား ဖြစ်ပါတယ်။ အပေါ်သွေးဖိအား 120 mm Hg အာက် ဖြစ်ပြီး အောက်သွေးဖိအားမှာ 80 mm Hg အောက် ဆို ပုံမှန် ဖြစ်ပါတယ်။ အပေါ်သွေးဖိအား 140 mm Hg အထက် ဒါမှမဟုတ် အောက်သွေးဖိအား 90 mm Hg အထက် ရှိနေရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။

    သွေးဖိအားဟာ 120/80 နဲ့ 140/90 ကြား ရှိနေမယ်ဆိုရင်တော့ ဒါကို သွေးမတိုးမီ အကြိုအခြေအနေလို့ ခေါ်ပါတယ်။ ဒီအခြေအနေကို သွေးတိုးတယ်လို့ မသတ်မှတ်နိုင်ပေမယ့် သွေးတိုးနိုင်ခြေ အလွန်များတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement