backup og meta

Dialysis ကျောက်ကပ်ဆေးခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တာလေးများ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Dialysis ကျောက်ကပ်ဆေးခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တာလေးများ။ ။

    အိမ်မှာတော့ ဘယ်သူကတော့ ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်ဆေးနေရပြီ၊ ရပ်ကွက်ထဲမှာတော့ ဘယ်သူက ဆေးရုံကို ပုံမှန်သွားပြီး ကျောက်ကပ်ဆေးနေတယ်ဆိုတဲ့ အကြောင်း ကြားဖူးနားဝဖြစ်နေကြမှာပါ။ ဒီတော့ kidney haemodialysis ဆိုတဲ့ ကျောက်ကပ်ဆေးခြင်း ကုသမှုကို အပြည့်အစုံသာမသိပေမယ့် ကြားဖူးနေကြဖြစ်မှာတော့ အသေအချာပါ။

    Dialysis ကျောက်ကပ်ဆေးခြင်းနဲ့ ပက်သက်ပြီး သိထားသင့်တာလေးများ။ ။

    ဘာ့ကြောင့် ကျောက်ကပ်ဆေးကြရတာလဲ ။

    ကိုယ်ခန္ဓါရဲ့ စွန့်ထုတ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးတဲ့ ခေါင်ချုပ်ကြီးဟာ လက်တစ်ဆုပ်စာ အရွယ်လောက်ပဲ ရှိတဲ့ ကျောအောက်နောက်ဘက်နားက ကျောက်ကပ် နှစ်လုံးပါ။ ဒီကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မနိုင်တော့ဘဲ ပျက်စီးတာ နောက်ဆုံး အဆင့်( ၈၅ ကနေ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီး ) ထိရောက်သွားပြီဆိုရင်တော့ ကျောက်ကပ်အစားထိုးလဲချင်လဲ မလဲချင်ရင် ေကျာက်ကပ်ဆေးတဲ့ ကုသမှု ခံကို ခံယူရပါတော့တယ်။

    ကျောက်ကပ်ပျက်စီးသွားတာက ပြန်ကောင်းတတ်လား။

    လောလောလတ်လတ် ကျောက်ကပ်ပျက်စီးထားတဲ့ အခြေအနေ acute renal failure လိုမျိုးဆိုရင်တော့ ကုသမှု ခံယူပြီးရင် ပြန်ကောင်သွားတတ်တာများပေမယ့် နာတာရှည် ကျောက်ကပ်ထိနေတဲ့ ရောဂါမျိုးတွေမှာဆိုရင်တော့ ကျောက်ကပ်ပျက်စီးသွားတာ ပြန်မကောင်းတတ်တော့ပါဘူး။ ဒါေ့ကြာင့် နောက်ဆုံး အဆင့်ထိခိုက်မှုတွေမှာ ကျောက်လဲဆေးတဲ့ ကုသမှုခံယူရတာဖြစ်ပါတယ်။

    ကျောက်ကပ်ဆေးတယ်ဆိုတာဘာလဲ။

    ပျက်စီးပြီးထိခိုက်နေတဲ့ ကျောက်ကပ်ကြော့င် ကိုယ်တွင်းက စွန့်ပစ်ပစ္စည်းတွေ ကျောက်ကပ်မှာ စုပုံလာလေလေ ကျောက်ကပ်ပိုပြီး ထိခိုက်လေလေဖြစ်တတ်ပါတယ်။ ဒီစုပုံလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကျောက်ကပ်အစား ဆေးပညာနဲ့ စွန့်ထုတ်ပေးခြင်းကို ကျောက်ကပ်ဆေးတယ်လို့ ခေါ်ပါတယ်။ သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ကြီးကြပ်မှု အောက်မှာ လုပ်ရတာဖြစ်တာကြောင့် ဆေးရုံတွေမှာပဲ ကျောက်ကပ်ဆေးလေ့ရှိပါတယ်။

    ကျောက်ကပ်ဆေးခြင်းကြောင့် ဘယ်လိုအကျိုးတွေ ရနိုင်သလဲ။

    ကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့ ကျောက်ကပ်အစား Dialysis က

    • ကိုယ်တွင်းမှာ စွန့်ပစ်ပစ္စည်းတွေ၊ ဆားဓါတ်နဲ့ ရေဓါတ် တွေ စုပုံ မနေအောင် ကူပြီးစွန့်ထုတ်ပေးပါတယ်။
    • ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ bicarbonate သတ္တုဓါတ်တွေ ကိုယ်တွင်းမှာ များမနေအာင်လည်း ထိန်းညှိပေးနိုင်ပါတယ်။
    • သွေးပေါင်ချိန်ကိုပါ ထိန်းညှိပေးဦးမှာပါ။

    Dialysis ဘယ်နှစ်မျိုးရှိသလဲ။

    • Hemodialysis
    • peritoneal dialysis
    • Continuous renal replacement therapies ဆိုပြီး ကျောက်ကပ်ဆေးနည်း ၃ မျိုးရှိပါတယ်။ ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ ကုန်ကျမှု စရိတ်ပေါ် မူတည်ပြီး ကြိုက်တာ ရွေးချယ်လို့ရပါတယ်။ ဒီအထဲမှာ Hemodialysis က နာမည်အကြီးဆုံးနဲ့ အသုံးအများဆုံးဖြစ်ပါတယ်။

    Hemodialysis ဆိုတာဘာလဲ ။

    Hemodialysis ရဲ့ အဓိက ဇာတ်လိုက်ကတော့ (hemodialyzer) လို့ခေါ်တဲ့ စက်ပစ္စည်းလေးဖစ်ပြီး သူကနေ ကျောက်ကပ်အစား သွေးတွင်းက စွန့်ပစ်ပစ္စည်းတွေ၊ နဲ့ chemicals တွေကို စွန့်ထုတ်ပေးပါတယ်။ ဒီစက်လေးထဲ သွေးတွေရောက်ဖို့အတွက် ဆရာဝန်တွေက ပေါင်နဲ့ လက်က သွေးကြောတွေကို အသေးစားခွဲစိတ်မှု အပေါက်လေးဖြစ်အောင်( Fistula ) လုပ်ပြီး ကြားထဲက ပိုက်လေး( graft) ခံကာ စက်နဲ့ သွေးကြောတွေကို သွယ်ထားပေးပါတယ်။ တစ်ခါတစ်လေမှာတော့ Catheter လို့ခေါ်တဲ့ ပိုက်လေးသုံးပြီးလည်ပင်းသွေးကြောဆီက သွေးတွေကို ယူလေ့ရှိပါတယ်။

    Hemodialysis နဲ့ ကျောက်ကပ်ဆေးရင် ဘယ်လောက်ကြာတတ်သလဲ။

    • ကိုယ့်ကျောက်ကပ် ဘယ်လောက် အလုပ်လုပ်သေးလဲ
    • ဆေးကုသမှု ခံယူနေစဉ် ရေတွေစုပြီးဖောလာတဲ့ ကိုယ်အလေးချိန် ဘယ်လောက်တက်လာပြီလဲ
    • ကိုယ်တွင်းမှာ စွန့်ပစ်ပစ္စည်းတွေ ဘယ်လောက်တောင်စုပုံနေပြီလဲ
    • ဘယ်လိုအမျိုးအစားစက်ကို သုံးတာလဲ ပေါ်မူတည်ပြီး ကြာချိန်ကွားခြားသွားမှာ ဖြစ်ပါတယ်။

    ပုံမှန်ဆိုရင်တော့ ကျောက်ကပ်ဆေးြခင်း ကုသမှုတစ်ခုဟာ တစ်ခါလုပ်ရင် ၄ နာရီလောက်ကြာတတ်ပြီး တစ်ပါတ်ကို သုံးကြိမ်လောက်ပြုလုပ်ရတတ်ပါတယ်။ ကျောက်ကပ်ဆေးခြင်းဟာ တစ်ခါတည်းနဲ့ လုပ်ပြီးတာနဲ့ ပြီးသွားမယ့်ကုသမှု မျိုး မဟုတ်တာကြောင့် ဘယ်လောက်ကြာရင်နောက်တစ်ခါ ကျောက်ကပ်ထပ်ဆေးရမလဲဆိုတာ သိရဖို့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ရပါလိမ့်မယ်။

    ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ရောဂါတွေပျောက်အောင်ကုသပေးခြင်းလား။

    ကျောက်ကပ်ဆေးတယ်ဆိုတာ ကျောက်ကပ်ရောဂါတွေကို ကုတဲ့ နည်းမဟုတ်ပါဘူး။ မြင်သာအောင် ပြောရရင် ကျောက်ကပ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို အပြင်ကနေ ဝင်ပြီးကူညီပေးတဲ့ သဘောပါ။ ကျောက်ကပ်အစားထိုး ကုသမှု မခံယူမချင်း စွန့်ထုတ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကျောက်ကပ်ဆေးခြင်းကို ပုံမှန် လုပ်နေရမှာ ဖြစ်ပါတယ်။

    ကျောက်ကပ်ထိခိုက်တာ နောက်ဆုံးအဆင့်ဖြစ်နေပြီ။ ကျောက်ကပ်အစားမထိုးချင်ဘူး။ ကျောက်ကပ်ပဲ ဆေးမယ်ဆိုရင် သက်တမ်းဘယ်လောက်ခံမှာလဲ။

    ကျောက်ကပ်မကောင်းရင် ကြာကြာခံမှာ မဟုတ်ဘူးဆိုတာကို ကြားဖူးကြမှာပါ။ ဒါပေမယ့် နောက်ဆုံအဆင့်ထိ ပျက်စီးနေတဲ့ကျောက်ကပ်ကို အစားမထိုးဘဲ ကျောက်ကပ်ဆေးပြီးပဲ ဆက်ထိန်းထားမယ်ဆိုရင် နောက် ၅ နှစ်ကနေ ၁၀ အထိ ဆက်ပြီး သက်တမ်းဆွဲထားနိုင်မှာ ဖြစ်ပြီး တစ်ချို့ဆို နောက် အနှစ် ၂၀ ၊ ၃၀ လောက်တောင် ဆက်ပြီး နေထိုင်သွားနိုင်ကြပါတယ်။ ရှောင်ရန် ဆောင်ရန်လေးတွေသိချင်ရင်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ဖို့ လိုတာပေါ့။

    နောက်ထပ်သိထားသင့်တာတွေကတော့

    • ကိုယ်ခံယူတဲ့ ကုသမှု ပေါ်မူတည်ပြီး ကျောက်ကပ်ဆေးထားတဲ့သူတစ်ယောက်ဟာ အစားရှောင်ဖို့လိုသလို သောက်တဲ့ ရေပမာဏကိုလည်း ထိန်းသောက်ဖို့လိုပါလိမ့်မယ်။
    • ကျောက်ကပ်ဆေးထားတဲ့သူတစ်ယောက်ဟာ ပုံမှန်လူကောင်းတွေလိုပဲ လှုပ်ရှားသွားလာ၊ ခရီးထွက်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကျောက်ကပ်အခြေအနေကို ဆရာဝန်တွေမှာ ပုံမှန်စစ်ဆေးနေဖို့တော့ လိုတာပေါ့ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement