backup og meta

လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ


Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ

    လည်ပင်းဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်မှာ အလုပ်အများဆုံးသော အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ သူ့ရဲ့ ကြွက်သားေတွက အမြဲလှုပ်ရှားနေပြီး တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ ကာကွယ်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ ထိခိုက်မိနိုင်ပါတယ်။ နာကျင်မှုဆိုတာ တစ်ဘက်တည်းဖြစ်နိုင်သလို နှစ်ဘက်လုံး ညောင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ နေထိုင်မှုပုံစံေကြာင့် သာမန်ညောင်းကိုက်တတ်ပြီး အာရုံကြောထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ အစရှိတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    လည်ပင်းဟာ တခြားအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူ့ရဲ့ ကြွက်သားတွေ ညောင်းကိုက်နေပြီဆိုရင် ပုခုံး၊ လက်မောင်း၊ ခါး၊ ကျောရိုး၊ မေးရိုး၊ ဦးခေါင်းမှာပါ နာကျင်ကိုက်ခဲမှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ နာကျင်မှုဟာ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားမယ် ဆိုပေမယ့်လည်း ဆက်တိုက်ဆိုသလို လည်ပင်းက ညောင်းညာကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

    ဒါဆိုရင် ဘာကြောင့် မကြာခဏ လည်ပင်းတွေ ညောင်းကိုက်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့ဆောင်းပါးလေးမှာ ပြောပြသွားချင်ပါတယ်။

    ၁။ လည်ပင်းကြွက်သား တောင့်တင်းနေတာ

    ဥပမာဆိုကြပါစို့။ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး မလှုပ်မယှက်နဲ့ ထိုင်သုံးနေတာ၊ ခေါင်းကြီးငုံ့ပြီး ဖုန်းကို အကြာကြီး စိုက်ကြည့်နေတာမျိုးဟာ ကိုယ့်ရဲ့ လည်ပင်းကြွက်သားတွေကို အားနည်းစေရုံသာမက အရိုးအဆစ်တောင့်တင်းပြီး ဇက်လှုပ်ရှားဖို့ ခက်စေတယ်။ လှုပ်လိုက်တဲ့အခါမှာလည်း နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။

    ၂။ အိပ်တဲ့အနေအထား မမှန်တာ

    ကြွက်သားနာကျင်ကိုက်ခဲခြင်းမှာ အိပ်တဲ့အနေအထားဟာလည်း အများကြီး စကားပြောပါတယ်။ ကိုယ်က မှောက်ပြီး အိပ်နေတာ၊ လည်ပင်းကို ဘေးတစ်ခြမ်းစောင်းပြီး အိပ်နေတာ၊ ခေါင်းအုံးတွေ အများကြီးထပ်ပြီး အိပ်နေတာမျိုးက ဦးခေါင်းနဲ့ လည်ပင်းကို တစ်သားတည်းမဖြစ်စေလို့ လည်ပင်းကြွက်သားနာကျင်ပြီး ဇက်ကြောတက်တာတွေ ဖြစ်တတ်ပါတယ်။

    ၃။ ကိုယ်နေဟန်ထား မမှန်တာ

    လမ်းလျှောက်ရင် ခါးကြီးကိုင်း၊ ခေါင်းငုံ့ပြီး လျှောက်တတ်တဲ့သူတွေ၊ ထိုင်တဲ့အချိန် ခါးကို မတ်မတ်မထားဘဲ ကုန်းကုန်းကြီး နေတဲ့သူတွေ ကြာလာရင် လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ ညောင်းညာကိုက်ခဲစေရုံသာမက ကျောရိုးကလည်း တဖြည်းဖြည်း အရှေ့ကို စောင်းလာနိုင်ပါတယ်။

    ၄။ စိတ်ကျန်းမာရေးပြဿနာ

    စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်တတ်တဲ့ စိတ်တွေဟာလည်း ကြွက်သားတွေကို တင်းစေပြီး နာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဦးနှောက်ထဲ သွေးစီးဆင်းတဲ့ လည်ပင်းနဲ့ ပုခုံးတစ်လျှောက်မှာ နာကျင်မှုကို ပိုပြီး ခံစားရတတ်ပါတယ်။

    ၅။ မတော်တဆ ထိခိုက်မိတာ

    အရင်တုန်းက လည်ပင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိထားရင် အဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လည်ပင်းကြွက်သားနဲ့ အရွတ်တွေမှာ ဒဏ်ဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေ ကျန်နေတဲ့အချိန်မှာ ခါးနဲ့ လည်ပင်းအနေအထား ပုံမမှန်တာ၊ ကြွက်သားတွေကို အရမ်းအလုပ်လုပ်ခိုင်းတဲ့အချိန်မှာ ညောင်းညာကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။

    ၆။ အရိုးအဆစ် မသန်စွမ်းတော့တာ

    အသက်ကြီးလာတာ၊ တခြားကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါ ကိုယ်ခံအားစနစ်သာမက ကြွက်သားနဲ့ အရိုးအဆစ်တွေ၊ အာရုံကြောစနစ်တွေပါ အားနည်းလာနိုင်ပါတယ်။

    ကုသဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းတွေ

    သာမန် ဇက်ကြောတက် ကြွက်သားညောင်းကိုက်တာကိုတော့ အောက်မှာပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

    ၁။ ဆေးဆိုင်မှာ အကိုက်အခဲပျောက်ဆေး ဝယ်သောက်တာ

    ၂။ ညောင်းကိုက်နေတဲ့ နေရာကို ရေခဲအုံပေးတာ

    ၃။ ရေခဲကပ်ပြီး နာရီဝက်နေရင် ရေနွေးဝတ်ကပ်ပေးတာ ဒါမှမဟုတ် ရေနွေးစိမ်ချိုးတာ

    ၄။ လည်ပင်းကို ဘေးဘက်ကို ဖြည်းဖြည်းချင်း စောင်းပြီး လေ့ကျင့်ခန်းလုပ်တာ

    ၅။ တောင့်တင်းနေတဲ့ လည်ပင်းကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်တာ

    ၆။ တစ်နေရာထဲမှာ ငြိမ်ငြိမ်လေးထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပေးတာ

    ၇။ တစ်ယောက်ယောက်ကို ဇက်ကြောနှိပ်ခိုင်းတာ

    ၈။ ခါးကို မတ်မတ်ထားပါ

    ၉။ ညအိပ်တဲ့အခါ ခေါင်းအုံးတစ်လုံးပဲ ခံထားပါ။

    ၁၀။ ဘေးစောင်းအိပ်တာမျိုး မလုပ်ဘဲ လည်ပင်းနဲ့ ခေါင်း တစ်ပြေးညီတည်းဖြစ်စေဖို့ ပက်လက်အိပ်ပါ။

    ၁၁။ တရားထိုင်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    ဒီနည်းလမ်းတွေ လုပ်ကြည့်လို့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ရက်တော်တော်လေးကြာတဲ့အထိ မပျောက်သွားတာ၊ ဒါမှမဟုတ် အမြဲလိုလို ဇက်ကြောတက်ပြီး ညောင်းကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပြီး MRI ရိုက်တာ၊ CT Scan ဖတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကိုတော့ ဆရာဝန်ကပဲ အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဇက်ကြောတက်တာ၊ လည်ပင်းကြွက်သား ညောင်းကိုက်တာတွေဟာ တခြားစိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့သာ သက်ဆိုင်နေတာဖြစ်တာကြောင့် ကုသဖို့လည်း အရမ်းလွယ်ကူပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement