brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကဘာလဲ။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)

နှလုံးရဲ့ လျှပ်စစ်စနစ်မှ နှလုံးရဲ့ နှလုံးခုန်ခြင်းရဲ့ စည်းချက်နဲ့ အမြန်နှုန်းအတွက် signals တွေ ပို့ပေးရပါတယ်။ သင့်မှာ atrial fibrillation ဖြစ်တဲ့အခါ နှလုံးကြွက်သားတွေက ညှစ်နေရမယ့်အစား တွန့်နေပါတော့တယ်။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) က ဘယ်လောက်အဖြစ်များသလဲ

Atrial fibrillation က အသက်ကြီးရွယ်အိုတွေ၊ နှလုံးရောဂါ အခံရှိသူများနဲ့ အဝလွန်သူတွေမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Atrial Fibrillationရဲ့လက္ခဏာတွေကဘာတွေလဲ

Atrial fibrillation ရဲ့ လက္ခဏာတွေက နှလံးခုန်မမှန်ခြင်းနဲ့ မြန်ခြင်းပဲ ဖြစ်ပါတယ်။ တခြားရောဂါလက္ခဏာတွေကတော့

  • အသက်ရှူရခက်ခြင်း
  • ရင်တုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • သတိလစ်ခြင်း
  • ပင်ပန်းခြင်း သို့ လှုပ်လှုပ်ရှားရှား မလုပ်နိုင်ခြင်း

အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ နှလုံးခုန်မမှန်တာ သို့ တခြား AF ရဲ့ ရောဂါလက္ခဏာတွေ ခံစားလာရလျှင် ဆရာဝန်ဆီ အတတ်နိုင်ဆုံး မြန်မြန်သွားပြပါ။

သင့်မှာ ရင်ဘတ်အောင့်ခြင်း သို့ လေဖြတ်တဲ့ လက္ခ္ခဏာတွေ ရှိလာလျှင် အရေးပေါ်ကုသမှု ခံယူပါ။

အကြောင်းရင်းများ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကို ဘာတွေကဖြစ်စေသလဲ

ကျွန်တော်တို့ နှလုံးမှာ အခန်းကြီး လေးခန်းရှိပါတယ်။ အပေါ်၂ ခန်းက atria (သွေးလက်ခံခန်း) နဲ့ အောက်၂ ခန်းက ventricles (သွေးညှစ်ခန်း)ဆိုပြီး ဖြစ်ကြပါတယ်။ အခန်းတွေ အားလုံးက တိကျတဲ့ စည်းချက်တဲ့အတိုင်းညှစ်မှ သွေးတွေ ပုံမှန် လှုပ်ရှားလည်ပတ်နိုင်ပါတယ်။

သင့်ရဲ့ နှလုံးမှာ နှလုံးကို ဘယ်အချိန်ခုန်ရမလဲဆိုတာကို ပြောပြတဲ့ ဆဲလ်တွေပါဝင်တဲ့ လျှပ်စစ်စနစ်တစ်ခု ပါဝင်ပါတယ်။ ဒီဆဲလ်တွေကသာ မူမမှန်တော့ဘဲ လျှပ်စစ်လှိုင်းတွေ ပိုထုတ်လာရင် နှလုံးခုန်တာ မမှန်နိုင်တော့ပါဘူး။

Fibrillating ဖြစ်နေတဲ့ နှလုံးAtriaမှာ သေးပြီး၊ မူမမှန် မြန်ဆန်တဲ့ နှလုံးညှစ်ခြင်းတွေ ရှိပါတယ်။ Atria ထဲက သွေးအကုန်လုံးကို ventricles ထဲ ညှစ်မထုတ်နိုင်တာကြောင့် သွေးတွေ အိုင်လာပါတယ်။ အိုင်နေတဲ့ သွေးတွေက ခဲ၊ ခဲတဲ့သွေးတွေက သွေးစီးပတ်လမ်းထဲရောက်ပြီး လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။

နှလုံးက ခုန်နှုန်းမငြိမ်တာကြောင့် Ventricles တွေက သွေးညှစ်အားကို ကြိုးစားပြီး ထိန်းရတဲ့အတွက် နှလုံးညှစ်အားကျခြင်း heart failure တွေပါဖြစ်လာနိုင်ပါတယ်။

အပေါ်က ဖြစ်စဉ်တွေက အသက်ကြီးလေလေ ဖြစ်နိုင်ခြေပိုများလေး ဖြစ်ပါတယ်။ ဒါ့ပြင်

  • နှလုံးဆိုင်ရာ ပြသနာများဖြစ်တဲ့ သွေးတိုးခြင်း၊ နှလုံးညှစ်အားကျခြင်း၊ နှလုံးအဆို့ရှင်ကျဉ်းနေခြင်း
  • အဆုတ်ရောဂါများရှိခြင်း
  • နာတာရှည်ရောဂါများ ဖြစ်တဲ့ ဆီးချိုသွေးချို၊ အဝလွန်ရောဂါတွေရှိခြင်း
  • သိုင်းရွိုက်ဟော်မုန်းများနေခြင်း စတာတွေကလည်း ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

ဒါတွေကတော့ AF ကို ပိုဆိုးစေပါတယ်။

  • ကဖင်းဓာတ်
  • အရက်
  • ဆေးလိပ်
  • ကိုယ်အလေးချိန်လွန်ကဲခြင်း သို့ အဆီများတဲ့ အစာများစားခြင်း
  • သွေးတိုးခြင်းကို မကုသခြင်း
  • ကျန်းမာရေးနဲ့ မညီတဲ့ နေထိုင်မှုမျိုးရှိခြင်း

ဖြစ်နိုင်ခြေများစေတဲ့ အျက်များ

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

AF ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်ကြီးခြင်း
  • နှလုံးရောဂါရှိခြင်း
  • သွေးတိုးခြင်း
  • အရက်အလွန်သောက်ခြင်း
  • အဝလွန်ခြင်း
  • မိသားစု တွင် AF ရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနဲ့ ကုသမှု

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ မိမိရောဂါအကြောင်းပိုသိလိုပါက ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က AF ကို အတည်ပြုနိုင်ရန် ECG လို့ခေါ်တဲ့ လျှပ်စစ်လှိုင်းတိုင်းခြင်းဖြင့် နှလုံးစည်းချက်ပုံစံကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။ နှလုံးအခန်းတွေရဲ့ လှူပ်ရှားမှုနဲ့ နှလုံးအတွင်းပိုင်းကို video အာထရာဆောင်း ရိုက်ပြီး စစ်ဆေးပေးတဲ့ Echocardiogram (အက်ကိုး) ရိုက်နိုင်ပါတယ်။

သင့်ရဲ့ AF က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေမယ်ဆိုရင် ဆရာဝန်က သင့်ရဲ့ နှလုံးခုန်နှုန်း စီးချက်ကို မှတ်သားပေးတဲ့ သယ်ဆောင်သွားလို့ရတဲ့ ကိရိယာ( Holter monitor) တပ်ဖို့ မှာကြားပါလိမ့်မယ်။

Atrial Fibrillation (နှလုံးစည်းချက် မမှန်သော နှလုံးခါသော ပြဿနာ)ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်ရဲ့ AF ကို ကုသဖို့အတွက် ဖြစ်ပွားစေတဲ့ အရာကို အရင်ရှာဖွေပါလိမ့်မယ်။ ဥပမာ သိုင်းရွိုက်ရောဂါရှိနေရင် အဲ့ဒီရောဂါကို အရင်ကုပါလိမ့်မယ်။ ကဖင်း သို့ အရက်ကြောင့် AF ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်က ရှောင်ခိုင်းပါလိမ့်မယ်။

ပထမဆုံးအနေနဲ့ ဆရာဝန်က သင့်ရဲ့ နှလုံးစည်းချက်နဲ့ နှလုံးတုန်တာအတွက် ဆေးတွေ ပေးပါလိမ့်မယ်။ ဒီဆေးတွေကတော့ နှလုံးခုန်နှုန်းကို ငြိမ်စေပြီး ပုံမှန်ပြန်ဖြစ်စေတဲ့ antiarrhythmic တွေပဲ ဖြစ်ပါတယ်။ တခါတရံ AF က သူ့ဖာသာ ရပ်သွားတတ်ပါတယ်။

ဒါ့ပြင် ဆရာဝန်က သင်ကို သွေးမခဲအောင် သွေးကျဲဆေးတွေဖြစ်တဲ့ warfarin ပေးနိုင်ပါတယ်။ ဒါပေမယ့် အညိုအမည်းစွဲလွယ်ခြင်းနဲ့ သွေးထွက်ခြင်းဆိုးကျိုးတွေကြောင့် ဒီဆေးတွေကို ပုံမှန်အနီးကပ်စောင့်ကြည့်ပြီးမှ ပေးပါလိမ့်မယ်။

တခါတလေမှာ သင့်ရဲ့ မူမမှန်တဲ့ စီးချက်ကို ပုံမှန်ပြန်ဖြစ်စေအောင် ရှော့ရိုက်တဲ့ cardioversion လုပ်ရတာလဲ ရှိနိုင်ပါတယ်။ ဒီကုသနည်းမှာ နှလုံးအထူးကုက သင့်ရဲ့ နှလုံးမှာရှိတဲ့ လျှပ်စစ်လှုပ်ရှားမှုတွေ အားလုံးခဏရပ်သွားစေအောင် ခဏတာ ရှော့ရိုက်လိုက်ခြင်းဖြင့် ပုံမှန်ပြန်ဖြစ်စေတာပဲ ဖြစ်ပါတယ်။

ရင်ဘတ်အောင့်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးညှစ်အားကျခြင်း သို့ တခြားအန္တရာယ်များတဲ့ ရောဂါတွေအတွက်ကတော့ အရေးပေါ် cardioversion လုပ်ဖို့လိုပါတယ်။ နှလုံးအထူးကုက အခန်းနှစ်ခန်းပါဝင်တဲ့ နှလုံးစက်ကို လဲတပ်နိုင်ပါတယ်။

သင့်နှလုံးရဲ့ AF ဖြစ်စေတဲ့ အပိုင်းကို ဖျက်ဆီးဖြစ်ဖို့အတွက် နှလုံးပိုက်ထည့်ခြင်း သို့ ခွဲစိတ်ကုသခြင်းတို့လည်း လုပ်ရလာနိုင်ပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေနဲ့ atrial fibrillation ကိုကုသတဲ့နေရာမှာ ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။

  • နှလုံးအတွက် ကောင်းတဲ့ အစားအစာတွေ စားပေးပါ။ ဥပမာ ငါးကြီးဆီ၊ အသီးအရွက်၊ အစေ့အဆန်
  • ကိုယ်အလေးချိန်ကို ထိန်းပါ။
  • စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
  • ဆရာဝန်နဲ့ တိုင်ပင်ပြီး လေ့ကျင့်ခန်းတွေ လုပ်ပါ။
  • ဆရာဝန်ညွှန်တဲ့အတိုင်း ဆေးကိုသောက်ပါ။ ရက်ချိန်းပုံမှန်ပြပါ။
  • လက္ခဏာတွေ မသက်သာရင် သို့ လက္ခဏာအသစ်တွေ တိုးလာရင် (ခေါင်းမူးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ကျပ်ခြင်း၊ သတိလစ်ခြင်း၊ အသက်ရှူကျပ်ခြင်း) ဆရာဝန်ကို အကြောင်းကြားပါ။
  • သွေးကျဲဆေးတွေ သောက်နေရရင် ဒဏ်ရာရနိုင်တဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အရက်အလွန်အကျွံသောက်ခြင်း သို့ ကဖင်းအလွန်အကျွံသောက်ခြင်းကို ရှောင်ပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။