brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကဘာလဲ။

retinitis pingmentosa ဆိုသည်မှာ မျက်လုံး၏ မြင်လွှာ ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုဖြစ်ပါတယ်။ မြင်လွှာ ဆိုတာ မျက်လုံးအတွင်းအလွှာမှာရှိပြီး ဦးနှောက်ကို ပုံရိပ်တွေ ပို့ပေးတဲ့ အထူးဆဲလ်နှစ်မျိုးပါရှိပါတယ်။

ဒီအလင်းတုံ့ပြန်ဆဲလ်တွေကို rods နှင့် cones လို့ခေါ်ပါတယ်။ retinitis pigmentosa က မျက်ကြည်လွှာအတွင်းရှိ rods တွေကို ထိခိုက်စေခြင်းဖြင့် တဖြည်းဖြည်း အမြင်အာရုံပျောက်ကွယ်စေပြီး နောက်ဆုံးမှာ လုံးဝကန်းသွားသည်ထိ ဖြစ်နိုင်ပါတယ်။

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

စာရင်းပြုစုထားခြင်းများအရ လူ ၄၀၀၀ မှာ ၁ ယောက်ဟာ ဒီရောဂါဖြစ်နေပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် ဒီရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာတွေက ကလေးဘဝမှာ စပြပါတယ်။ သို့သော် ဆိုးရွားတဲ့ အမြင်အာရုံပိုင်းလက္ခဏာတွေကတော့ ပျိုဖောဝင်ချိန် အစောပိုင်းလောက်ထိ မပေါ်သေးပါဘူး။

  • ည သို့ အလင်းနည်းချိန်များမှာ အမြင်အာရုံကျဆင်းခြင်း
  • ဘေးဘက်အမြင်အာရုံပျောက်ဆုံးခြင်းကြောင့် tunnel vision လို့ခေါ်တဲ့ လိုဏ်ခေါင်းထဲရောက်နေသကဲ့သို့ ဘေးဘက်ခြမ်းမှောင်နေပြီး တည့်တည့်သာမြင်ရခြင်း
  • အလယ်အမြင်အာရုံပျောက်ဆုံးခြင်း (ပိုဆိုးလာလျှင်)
  • အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

    ဖြစ်ပွားစေတဲ့ အကြောင်းကို သေချာမသိရသေးပါ။ သို့သော် ဆရာဝန်တွေကတော့ rod cells တွေကို ထိန်းချုပ်ထားတဲ့ မျိုးရိုးဗီဇဆဲလ် မှာ သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်သည်ဟုထင်ကြေး ပေးကြပါတယ်။

    ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

    Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    Retinitis pigmentation ကို ဖြစ်စေတဲ့ အရာတွေကို ရှင်ရှင်းလင်းလင်းမသိရတဲ့ အတွက်ကြောင့် ဖြစ်ပွားနိုင်ချေများစေတဲ့ အရာတွေကိုလည်း မတွေ့နိုင်သေးပါ။ သို့သော် မျိုးရိုးဗီဇဟာ အဓိကဖြစ်စေနိုင်တယ်ဆိုတာတော့ ယုံကြည်ထားကြပါတယ်။ ထို့ကြောင့် သင့်ဆွေမျိုးသားချင်းထဲမှာ ဒီရောဂါဖြစ်ဖူးလျှင် သင်လည်း ဖြစ်နိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က သင့်ကို ကျန်းမာရေးဆိုင်ရာ မေးခွန်းများမေးခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းများဖြင့် ရောဂါကို အဖြေရှာနိုင်ပါတယ်။ မျက်စိရဲ့ အနောက်ဘက်ကို ophthalmoscope ဆိုတဲ့ မျက်စိကြည့် ကိရိယာနဲ့ ကြည့်ခြင်းဖြင့် မျက်ကြည်လွှာရဲ့နောက်ဘက်မှာ အမဲရောင် အစက်လေးတွေ တွေ့နိုင်ပါတယ်။

    တခြားအတည်ပြုလို့ရတဲ့ နည်းတွေကတော့

    • အမြင်အာရုံအရောင် စမ်းသပ်ခြင်း
    • မျက်စိသူငယ်အိမ်ကို ကျယ်စေပြီးနောက် မှန်ပြောင်း နှင့် မျက်ကြည်လွှာအနောက်ဘက်ကို ကြည့်ခြင်း
    • Fluorescein angiography
    • မျက်လုံးတွင်း ဖိအား
    • မျက်ကြည်လွှာ၏ လျှပ်စစ်လှိုင်းကို စမ်းသပ်ခြင်း (electroretinogram)
    • မျက်စိသူငယ်အိမ်၏ အလိုအလျောက်တုန့်ပြန်မှုကို စမ်းသပ်ခြင်း
    • အလင်းယိုင်ခြင်းဖြင့် စမ်းသပ်ခြင်း
    • မျက်ကြည်လွှာ ပုံရိပ်စမ်းသပ်ခြင်း
    • ဘေးဘက် အမြင်ကို စမ်းသပ်ခြင်း( မြင်ကွင်းစမ်းခြင်း)
    • Slit lamp examination
    • Visual acuity (အမြင်ထိုးထွင်းနိုင်မှုကို စမ်းသပ်ခြင်း) တို့ဖြစ်ကြပါတယ်။

    Retinitis Pigmentosa (မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

    Retinitis pigmentosa ကို ကုသရန် တိတိကျကျ ဖော်ထုတ်ပေးထားတဲ့ ကုထုံးရယ်လို့ မရှိသေးပါ။ တချို့လေ့လာမှုတွေ အရ ဓါတ်တိုးဆန့်ကျင် (ဗီတာမင်အေ များများပေးခြင်းဖြင့်) ရောဂါကိုနှောင့် နှေးစေနိုင်ပါတယ်။

    သို့သော်လည်း ဗီတာမင်အေ ပမာဏ များများပေးလျှင် အသည်းကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်။ ကုသမှုရဲ့ ကောင်းကျိုးနဲ့ အသည်းအတွက် ဆိုးကျိုးကို ချိန်ဆလျှင် ကောင်းကျိုးက ပိုအလေးသာနေဖို့လိုပါတယ်။

    မှန်ဘီလူးပါတဲ့ သို့မဟုတ် အနီအောက်ရောင်ခြည် ညကြည့်မှန်ပြောင်းပါတဲ့ အမြင်အာရုံထောက်ပံ့ကိရိယာတွေနဲ့ ညမမြင်ခြင်း တို့ကိုသက်သာစေပါတယ်။ နေကာမျက်မှန်တက်ခြင်းဖြင့် မျက်ကြည်လွှာကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးပြီးအမြင်တချို့ပြန်ရနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု ( Retinitis pigmentosa) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် retinitis pigmentosa ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • မျက်လုံး ၏ မြင်လွှာကို ထိခိုက်စေသော ရောဂါစု ( Retinitis pigmentosa) ဆိုတာ မျိုးရိုးလိုက်တယ်ဆိုတာ မှတ်သားထားပါ။ သင့်မိသားစုကျန်းမာရေးကို သိရှိနားလည်ထားတယ်ဆိုလျှင် သင့်အတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေရနိုင်ပါတယ်။ မျိုးရိုးဗီဇဆိုင် ရာ ဆွေးနွေးမှု နှင့် စမ်းသပ်မှုတွေ လုပ်ခြင်းဖြင့် သင့်ကလေးအတွက် ရောဂါဖြစ်ပွားနိုင်ချေရှိမရှိ သိနိုင်ပါတယ်။

    • သင့်မှာ အမြင်အာရုံပိုင်းဆိုင်ရာပြသနာများ ဥပမာ ညမမြင်ခြင်း သို့ ဘေးဘက်ခြမ်းအမြင်အာရုံပျောက်ဆုံးခြင်းတို့ရှိ လျှင် ဆရာဝန်နဲ့ ပြပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။