backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ

မျက်လုံးတွေ ကြည့်ရတာ မကောင်းလို့ ဖြစ်ဖြစ်၊ အဝေးမှုန်လာလို့ဖြစ်ဖြစ်၊ စာလုံးသေးသေးလေးတွေဆို မမြင်ရလောက်အောင်ကို အနီးမှုန်လာလို့ ဖြစ်ဖြစ် မျက်လုံး ကျန်းမာရေး ကောင်းရဲ့လားဆိုပြီး မျက်လုံး ကျန်းမာရေးကို စစ်ဆေးတာက မျက်လုံးကျန်းမာရေးကိုတင် မဟုတ်ဘဲ အပိုဆုအနေနဲ့ သိရတဲ့ အခြားသော ကျန်းမာရေး အခြေအနေတွေပါ ရှိသေးတယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက ဘယ်လို ကျန်းမာရေး အခြေအနေတွေကို သိရှိနိုင်သေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

မျက်လုံးဆိုတာက ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ပြတင်းပေါက်ပါ

မျက်လုံးဆိုတာက ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ပြတင်းပေါက်ပါ။ ဒီလိုပြောရတာက မျက်လုံးတွေက ခန္ဓာကိုယ် အနှံမှာ ရှိနေတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ၊ တွယ်ဆက်တစ်ရှူးတွေရဲ့ လုပ်ဆောင်မှုတွေကို တိုက်ရိုက်မြင်တွေ့နေရတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ ခံစားနေရပြီဆိုရင် အများစုကို မျက်လုံးတွေကနေတဆင့် တွေ့ရှိနိုင်ပါတယ်။

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ ဆိုတော့

  • သွေးကြောဖောင်းခြင်း (Aneurysm )

သွေးကြောဖောင်းခြင်း ဆိုတာက သွေးကြောနံရံတွေမှာ ပူဖောင်းလိုမျိုး ဖောင်းလာရာကနေ သွေးကြောနံရံတွေ အားနည်းလာပြီး သွေးကြောပေါက်ပြဲသွားတဲ့ အခြေအနေပါ။ ဒီကျန်းမာရေးအခြေအနေက ခေါင်းတစ်ခြမ်း ပြင်းပြင်းထန်ထန် ကိုက်တာ၊ မျက်နှာနဲ့ ခန္ဓာကိုယ် အကြောသေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက ချက်ချင်း ဆေးကုသမှု ခံယူဖို့ လိုမှာပါ။

  • ဦးနှောက်အကျိတ်

ဦးနှောက်အကျိတ်တွေက ဦးနှောက်ထဲမှာ ဖိအားများစေပြီး မျက်လုံးနောက်ဖက်ခြမ်းနားမှာ ရောင်ရမ်းတာကို ဖြစ်စေသလို အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ် ကြီးလာရင် အမြင်အာရုံ ထိခိုက်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။

  • ကင်ဆာ (သွေးကင်ဆာ၊ အရေပြားကင်ဆာ)

ကင်ဆာအမျိုးအစား အချို့ကို မျက်လုံးစစ်ဆေးမှုကနေတဆင့် အသေးစိတ် သိရှိနိုင်ပါတယ်။ အရေပြားကင်ဆာက မျက်ခွံနဲ့ မျက်လုံးအပြင်ဘက် မျက်နှာပြင်တွေကို ထိခိုက်စေနိုင်ပါတယ်။ သွေးကင်ဆာဖြစ်နေတာကိုလည်း မျက်လုံးတွေကနေတဆင့် သိနိုင်ပါတယ်။

  • ဆီးချို

မျက်ကြည်လွှာထဲမှာရှိတဲ့ သွေးကြောသေးသေးလေးတွေကနေ အဝါရောင်အရည် ဒါမှမဟုတ် သွေးတွေ စိမ့်ထွက်နေတာက ဆီးချို ရောဂါခံစားနေရပြီဆိုတဲ့ လက္ခဏာပါ။ ဆီးချိုက အခြားလက္ခဏာတွေ မပေါ်ခင် မျက်လုံးတစ်ရှူးတွေမှာ စတွေ့ရနိုင်ပါတယ်။

  • နှလုံးရောဂါ

နှလုံးရောဂါကိုလည်း မျက်လုံးစစ်ဆေးရင်းနဲ့ သိရှိနိုင်ပါတယ်။ မျက်ကြည်လွှာကို စစ်ဆေးမှုကနေ နှလုံးကျန်းမာရေး အခြေအနေကို သိရှိနိုင်ပါတယ်။

  • သွေးတိုးရောဂါ

မျက်လုံးနောက်ဖက်ခြမ်းထဲက သွေးကြောလေးတွေကနေ သွေးထွက်တာက သွေးတိုးနေတာရဲ့ လက္ခဏာတစ်ခုပါ။ မျက်လုံးထဲက သွေးကြောတွေ နီရဲနေတာက သွေးတိုးနေတယ်ဆိုတာကို သိရှိစေနိုင်ပါတယ်။

  • သွေးတွင်းကိုလက်စထရော များတာ

မျက်နက်ဝန်းဘေးနားမှာ အဝါရောင် ဒါမှမဟုတ် အပြာရောင် အရစ်လေးတွေ ရှိနေတာက သွေးတွင်းကိုလက်စထရော များနေတာပါ။ များသောအားဖြင့် အသက် ၄၀ အောက် လူတွေမှာ အတွေ့ရ များပါတယ်။

  • ဗီတာမင် A ချို့တဲ့တာ

မျက်သားတွေ ခြောက်တာ၊ ညဘက်မှာ မျက်လုံး မမြင်ရဘဲ ကြက်မျက်သင့်တာတွေက နေ့စဉ် စညးသုံးမှုကနေ ဗီတာမင် A လုံလောက်စွာ မရရှိတာကြောင့် ခန္ဓာကိုယ်မှာ ဗီတာမင် A ချို့တဲ့နေတယ်ဆိုတာကို ဖော်ပြနေတာပါ။

မျက်လုံး ကျန်းမာရေး စစ်ဆေးမှုကနေ အခုလို ရောဂါတွေကို သိရှိနိုင်ပါတယ်။ ဒါတွေအပြင် အဆစ်ရောင်နာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံ ထားရတာ၊ ပြန်ရည်ကျိတ်မှာ ပြဿနာရှိနေတာတွေကိုလည်း သိရှိနိုင်ပါသေးတယ်။

ဒါကြောင့် အမြင်အာရုံကိုရော အချို့သော ကျန်းမာရေးပြဿနာတွေကိုပါ ကာကွယ်တဲ့ အနေနဲ့ အသက် ၄၀ ကျော်လာပြီဆိုရင် မျက်စိစမ်းသပ်တာမျိုး ပုံမှန် လုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement