backup og meta

မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း

    ရှေ့တည့်တည့်မြင်ကွင်းကို မြင်ရအောင် အဓိကလုပ်ဆောင်ပေးတဲ့ macula ခေါ် မျက်ကြည်လွှာ အစိတ်အပိုင်း ပါးသွားခြင်းကြောင့် အမြင်အာရုံဝေဝါးခြင်း၊ ရှေ့တည့်တည့်မြင်နိုင်စွမ်း လျော့ကျခြင်းကို ဆေးပညာအရ dry macular degeneration တနည်းအားဖြင့် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းလို့ခေါ်ပါတယ်။

    ဒီရောဂါဟာ မျက်စိတစ်ဖက်မှာ စတင်ဖြစ်ပေါ်ပြီး အချိန်ကြာလာတာနဲ့အမျှ နောက်တစ်ဖက်မှာပါ ထပ်မံဖြစ်ပေါ်နိုင်ပါတယ်။ ဒီရောဂါရှိသူတွေမှာ အမြင်အာရုံတဖြည်းဖြည်း ကျဆင်းလာမှုကြောင့် စာဖတ်တဲ့နေရာ၊ ကားမောင်းတဲ့နေရာနဲ့ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားတဲ့နေရာတွေမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမြင်အာရုံလုံးဝဆုံးရှုံးသွားမှာတော့ မဟုတ်ပါဘူး။

    ရောဂါရှိမှန်း စောစောသိပြီး မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းအားဖြင့် ဒီရောဂါကြောင့် အမြင်အာရုံဆုံးရှုံးမှုကို နှောင့်နှေးအောင်တားဆီးနိုင်ပါတယ်။

    မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းရဲ့ ရောဂါလက္ခဏာများ

    မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့

    • အမြင်အာရုံပျက်ယွင်းခြင်း (ဥပမာ မျဉ်းဖြောင့်များကို မျဉ်းကွေးအဖြစ်မြင်ရခြင်း)
    • မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ ရှေ့တည့်တည့်မြင်နိုင်စွမ်း ကျဆင်းခြင်း
    • စာဖတ်တဲ့အခါ၊ အနီးကပ်လုပ်ဆောင်ရသည့်အလုပ်များ ပြုလုပ်တဲ့အခါ အရင်ကထက် အလင်းရောင်ပိုမိုလိုအပ်ခြင်း
    • အလင်းရောင်မှိန်တဲ့ အခြေအနေတွေမှာ (ဥပမာ မီးရောင်မှိန်မှိန်ထွန်းထားတဲ့ စားသောက်ဆိုင်ထဲဝင်တဲ့အခါ) အခက်တွေ့ခြင်း
    • အရောင်ထွက်အား ဒါမှမဟုတ် အရောင်အလင်းအားကို မြင်နိုင်စွမ်းလျော့ကျခြင်း
    • ပုံနှိပ်စာလုံးများကို ခပ်ဝါးဝါးသာမြင်ရခြင်း
    • မျက်နှာများကို သဲသဲကွဲကွဲမမြင်ရခြင်း

    ဒီရောဂါဟာ အသက် ၆၅နှစ်အထက် လူကြီးတွေမှာ အဖြစ်များပြီး မျက်စိနှစ်ဘက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ မျက်စိတစ်ဖက်တည်းမှာ ရောဂါဖြစ်နေရင် ကျန်တစ်ဘက်က ကောင်းကောင်းမြင်နေသေးတဲ့အတွက် ရောဂါလက္ခဏာ သိသာမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီရောဂါက ဘေးဘက်မြင်ကွင်းအပေါ် သက်ရောက်မှုမရှိတဲ့အတွက် အမြင်အာရုံလုံးဝဆုံးရှုံးသွားတာမျိုး မရှိသလောက်ရှားပါတယ်။

    ဒီရောဂါဟာ အသက်အရွယ်ကြီးသူတွေမှာဖြစ်တဲ့ macular ပျက်စီးတဲ့ရောဂါနှစ်မျိုးအနက် တစ်မျိုးဖြစ်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ wet macular degeneration က မျက်ကြည်လွှာအောက်မှာ ပုံမမှန်တဲ့သွေးကြောအသစ်တွေ ဖြစ်ပေါ်ပြီး အရည်နဲ့ သွေးတွေယိုစိမ့်မှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။

    Dry macular degeneration က အဖြစ်များပေမယ့် ဖြစ်ပွားမှုနှုန်း ပိုနှေးပါတယ် (နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်းဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်)။ Wet macular degeneration ကတော့ ရုတ်တရက်အမြင်အာရုံပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး ပိုမိုဆိုးရွားတဲ့ အမြင်အာရုံချို့တဲ့မှု ဖြစ်ပေါ်စေပါတယ်။ သတိထားရမယ့်အချက်ကတော့ dry degeneration ကနေ wet degeneration အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    • အလယ်ဗဟိုမြင်ကွင်း ပြောင်းလဲမှုတစ်စုံတစ်ရာ သတိပြုမိခြင်း
    • အရောင်မြင်နိုင်စွမ်းနှင့် အသေးစိတ်မြင်နိုင်စွမ်း ကျဆင်းလာခြင်း
    • အသက်၅၀ကျော်လူကြီးပိုင်းတွေမှာ ဒီလက္ခဏာတွေပြလာခြင်း စတာတွေက မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းရဲ့ ကနဦးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

    မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးရခြင်း အကြောင်းရင်း 

    ဒီရောဂါဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် မျိုးရိုးဗီဇနဲ့ ဆေးလိပ်သောက်ခြင်း၊ အာဟာရစားသောက်ပုံ မမှန်ကန်ခြင်း စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသနတွေက ဖော်ပြထားပါတယ်။

    ဒီရောဂါဟာ အသက်အရွယ်ကြီးသူတွေမှာ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာပြီး ရှေ့တည့်တည့်မြင်နိုင်စွမ်းအတွက် အဓိကကျတဲ့ macula ခေါ် မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းကို ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ အချိန်ကြာလေလေ macula တစ်ရှူးပါးလွှာပျက်စီးလေလေဖြစ်ပါတယ်။

    မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • အသက် ၆၅နှစ်အထက် လူကြီးတွေ
    • မိသားစုရောဂါ ရာဇဝင်ရှိသူတွေ – ဒီရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး ဒါနဲ့ဆက်စပ်တဲ့ မျိုးဗီဇအများအပြားကို သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိထားပါတယ်။
    • ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ပတ်ဝန်းကျင်မှ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့ ပုံမှန်ရှူရှိုက်နေရခြင်း
    • အဝလွန်ခြင်း – အဝလွန်သူတွေမှာ ဒီရောဂါရဲ့ ကနဦး သို့မဟုတ် အလယ်အလတ်အဆင့်ကနေ ရောဂါအခြေအနေ ဆိုးရွားပြင်းထန်လာနိုင်ချေ ပိုများကြောင်း သုတေသနတွေမှာ ဖော်ပြထားပါတယ်။
    • နှလုံးသွေးကြောရောဂါရှိခြင်း

    မျက်ကြည်လွှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း

    မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းကို ဘယ်လိုစစ်ဆေးပါသလဲ

    သင့်ကျန်းမာရေးရာဇဝင်နဲ့ သင့်မိသားစုရဲ့ ကျန်းမာရေးရာဇဝင်ကို ပြန်လှန်စစ်ဆေးပြီး မျက်လုံးစစ်ဆေးမှု အပြည့်အစုံပြုလုပ်မှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးခြင်းဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ စစ်ဆေးမှုအများအပြား ပြုလုပ်ရဖို့ အလားအလာရှိပါတယ်။

    • မျက်လုံးအနောက်ဘက်ပိုင်းကို စစ်ဆေးခြင်း 

    သင့်ဆရာဝန်က သင့်သူငယ်အိမ်တွေကျယ်စေဖို့ မျက်စဉ်းခတ်ပေးပြီး အထူးကိရိယာတစ်ခုနဲ့ မျက်လုံးအနောက်ဘက်ပိုင်းမှာ အရည် ဒါမှမဟုတ် သွေး စုနေခြင်းရှိမရှိ၊ အဆီပရိုတင်းတွေကြောင့်ဖြစ်တဲ့ အဝါရောင်အစက်အပြောက်တွေရှိမရှိ စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်။

    • အလယ်ဗဟိုမြင်နိုင်စွမ်း စစ်ဆေးခြင်း 

    Amsler grid ခေါ် မျဉ်းကြောင်းတွေပါဝင်တဲ့ ရုပ်ပုံတွေအသုံးပြုပြီး အလယ်ဗဟိုမြင်နိုင်စွမ်း ချို့ယွင်းချက်ရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးနေရင် အချို့သော မျဉ်းအဖြောင့်တွေကို ကြည့်တဲ့အခါ သင့်အမြင်မှာ မှိန်နေ၊ ပျက်နေ၊ ကွေးကောက်နေမှာ ဖြစ်ပါတယ်။

  • Fluorescein angiography 
  • ရောင်ခြယ်ဆေးတစ်မျိုးကို သင့်လက်ဖျံက သွေးပြန်ကြောထဲထိုးပေးပြီး မျက်စိသွေးကြောတွေကို ပုံဖော်စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ကင်မရာတစ်ခုကနေ ရောင်ခြယ်ဆေးဝင်သွားတဲ့ သွေးကြောလမ်းကြောင်းတစ်လျှောက် ရုပ်ပုံတွေမှတ်တမ်းတင်ပြီး ပုံမမှန်တဲ့သွေးကြောတွေနဲ့ မျက်ကြည်လွှာပြောင်းလဲမှုတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

    • Indocyanin greeen angiography 

    ဒါကလည်း အပေါ်ကနည်းလမ်းလိုပဲ သွေးပြန်ကြောထဲ ရောင်ခြယ်ဆေးထိုးပြီး ပုံဖော်စစ်ဆေးခြင်း ဖြစ်ပါတယ်။ Fluorescein angiograph မှာ တွေ့ရှိခဲ့တဲ့အချက်အလက်တွေကို ခိုင်မာအောင်အတည်ပြုဖို့နဲ့ အချို့သော macular degeneration အမျိုးအစားတွေကို ခွဲခြားသိဖို့ ဒီစစ်ဆေးမှုကို ပြုလုပ်နိုင်ပါတယ်။

  • Optical coherence tomography
  • မျက်ကြည်လွှာကို အလွှာတစ်ခုချင်းစီပိုင်းပြီး ပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မျက်ကြည်လွှာအတွင်းပိုင်းနဲ့ အောက်ဘက်ကသွေးကြောတွေ ယိုစိမ့်ပြီး မျက်ကြည်လွှာ ပါးနေ၊ ထူနေ၊ ရောင်ရမ်းနေတဲ့နေရာတွေကို ဒီစစ်ဆေးမှုကတဆင့် တွေ့ရှိနိုင်ပါတယ်။

    မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းပျက်စီးခြင်းကို ဘယ်လိုကုသနိုင်သလဲ။

    ဒီရောဂါဟာ ပျောက်ကင်းအောင်ကုသနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါရှိနေမှန်းစောစောသိရရင် ရောဂါဖြစ်ပွားမှုနှုန်းကို နှေးကွေးစေနိုင်တဲ့ နည်းလမ်းတွေ (ဥပမာ ဗီတာမင်အားဆေး သောက်သုံးခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း) စတာတွေနဲ့ ထိန်းထားနိုင်တာ ဖြစ်ပါတယ်။

    • အမြင်အာရုံအားနည်းမှုမှ ပြန်လည်ထူထောင်ခြင်း

    အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်းပျက်စီးမှုဟာ ဘေးဘက်မြင်နိုင်စွမ်းကို မထိခိုက်တဲ့အတွက် အမြင်အာရုံလုံးလုံးလျားလျား ဆုံးရှုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယာဉ်မောင်းရာမှာ၊ စာဖတ်ရာမှာ၊ မျက်နှာကြည့်ပြီး ဘယ်သူဘယ်ဝါခွဲခြားရာမှာ အဓိကလိုအပ်တဲ့ ရှေ့တည့်တည့်မြင်နိုင်စွမ်းကိုတော့ ကျဆင်းစေပါတယ်။

    အမြင်အာရုံအားနည်းမှု ပြန်လည်ထူထောင်ရေး ပညာရှင်၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရှင်နဲ့ မျက်စိအထူးကုဆရာဝန်တွေက ပြောင်းလဲလာတဲ့အမြင်အာရုံနဲ့ လိုက်လျောညီထွေနေနိုင်မယ့် နည်းလမ်းတွေ ကူညီပြသပေးနိုင်ပါလိမ့်မယ်။

    • အဝေးကြည့်မှန်ဘီလူးထည့်ခြင်း

    မျက်စိနှစ်ဘက်လုံးမှာ macula ပျက်စီးနေသူအချို့အတွက် နောက်ထပ်ကုသမှုနည်းလမ်းတစ်ခုကတော့ မျက်စိတစ်ဘက်ကို ခွဲစိတ်ပြီး မြင်ကွင်းချဲ့ပေးတဲ့ ပလတ်စတစ်ပြွန်သဏ္ဍာန် သေးငယ်တဲ့ အဝေးကြည့်မှန်ဘီလူးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမှန်ဘီလူးက အဝေးရောအနီးပါ ကြည့်ရပိုကောင်းလာအောင် ကူညီနိုင်ပေမယ့် မြင်ကွင်းကျဉ်းမြောင်းတဲ့ ပြဿနာတော့ ရှိပါတယ်။ ဒီနည်းလမ်းက မြို့ပြပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားတဲ့အခါ လမ်းအမှတ်အသားတွေကို ကောင်းကောင်းမြင်နိုင်အောင် အထောက်အကူပြုနိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းများ

    • ဆေးလိပ်မသောက်ပါနဲ့။

    ဆေးလိပ်ဖြတ်နိုင်ဖို့ သင့်ဆရာဝန်ကို အကူအညီတောင်းပါ။

  • ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ စားပါ။
  • ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဗီတာမင်တွေက မျက်စိကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ကိုက်လန်၊ ဒေါက်ခွ၊ ပန်းပွင့်စိမ်း၊ ပဲအမျိုးမျိုးနဲ့ အခြားဟင်းသီးဟင်းရွက်တွေမှာ မျက်ကြည်လွှာတစ်စိတ်တစ်ပိုင်း ပျက်စီးနေသူတွေအတွက် ကောင်းမွန်းတဲ့ lutein နဲ့ zeaxanthin အပါအဝင် ဓာတ်တိုးဆန့်ကျင် အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

    အမဲသား၊ ဝက်သား၊ သိုးသား၊ နို့၊ ချိစ်၊ ဒိန်ချဉ်၊ သဘာဝအတိုင်းရရှိတဲ့ cereal တွေနဲ့ ဂျုံပေါင်မုန်စတဲ့ အသားဓာတ်နဲ့ ဇင့်ပါဝင်မှုများတဲ့ အစားအစာတွေကိုလည်း စားသုံးသင့်ပါတယ်။

    နောက်ထပ်စားသုံးသင့်တဲ့ အာဟာရကတော့ သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝဆီတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Omega-3 fatty acid ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ အခွံမာသီးတွေက မျက်ကြည်လွှာ ဆိုးဆိုးရွားရွားပျက်စီးနိုင်ချေကို လျော့ကျစေကြောင်း သုတေသနပြု လေ့လာမှုတွေက သက်သေပြထားပါတယ်။

    ဒါပေမယ့် ငါးကြီးဆီအားဆေးတွေလို omega-3 ဖြည့်စွက်အားဆေးတွေ သောက်သုံးသူတွေမှာတော့ တူညီတဲ့အကျိုးရလဒ် မရရှိခဲ့ပါဘူး။

    • အခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းပါ။

    သင့်မှာ နှလုံးသွေးကြောရောဂါ ဒါမှမဟုတ် သွေးတိုးရောဂါရှိရင် ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပြီး ဆေးမှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။

    • ကိုယ်အလေးချိန်ထိန်းပါ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီပမာဏကို လျော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ခြင်းအားဖြင့် ကိုယ်အလေးချိန်လျော့ချနိုင်ပါတယ်။ နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပါ။ အစားအသောက်ကို ချင့်ချိန်စားပါ။ ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းပါ။

    • မျက်စိပုံမှန်စစ်ဆေးပါ။

    သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး မျက်စိစစ်ဆေးရမယ့် အချိန်အပိုင်းအခြားကို သေသေချာချာ သတ်မှတ်ပါ။ စစ်ဆေးရမယ့် အချိန်တစ်ခုနဲ့ တစ်ခုကြားမှာလည်း Amsler grid အသုံးပြုပြီး မိမိဘာသာစစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် dry macular degeneration ကနေ wet macular degeneration အဖြစ် ပြောင်းလဲသွားတဲ့အခြေအနေကို စောစောသိနိုင်ပြီး ဆေးဝါးကုသမှု စောစောခံယူနိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement