backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မျက်စိ ကျန်းမာ စေဖို့ ဘာတွေ လုပ်လေ့ ရှိကြလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မျက်စိ ကျန်းမာ စေဖို့ ဘာတွေ လုပ်လေ့ ရှိကြလဲ

ဘာလုပ်ကြမလဲ ဆိုတော့လေ။ မျက်စိက ကြည့်လို့ မကောင်းတာ၊ မျက်သားခြောက်သွေ့တာ၊ မျက်ရိုးကိုက်တာ၊ မျက်လုံးအောင့်တာ၊ မှုန်ဝါးတာတွေအတွက် မျက်စိ အားဆေး ဝယ်သောက်မယ်၊ မျက်စဉ်း ခတ်မယ်လေ။ မရရင် ဆေးခန်းပြမယ်၊ မျက်မှန် လုပ်မယ်။

ဒါပေမယ့် လိုအပ်ချက်တွေ ရှိလို့ ဆန္ဒပြနေတဲ့ ကိုယ့် ခန္ဓာကိုယ်ကို ချော့ရကောင်းမှန်း မသိကြပါဘူး။ လိုအပ်နေတဲ့ အာဟာရတွေကို ပြန်ဖြည့်ပေးမယ်၊ လွဲမှားနေတဲ့ အမူအကျင့်တွေကို ပြန်ပြင်မယ် ဆို ဆေးတွေ မလိုအပ်ခင် တော်ရုံတန်ရုံ ပြဿနာတွေကို အလိုလို ကုသနိုင်ပါတယ်နော်။

မျက်စိ ကျန်းမာဖို့ ဒါတွေ ဂရုစိုက်လိုက်ပါ

(၁) အသီးအရွက် နဲ့ အာဟာရ ဖြစ်တာတွေ များများ စားပါ

အစားအသောက် ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့ အတိုင်း မျက်လုံးကျန်းမာရေးအတွက်ဆို ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီမြင်းခွာရွက်ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ဆောလ်မွန်ငါး၊ ကြက်ဥ နဲ့ အခြား အဆီများတဲ့ ငါးတွေမှာ အမြင်အာရုံကို အထူးကျန်းမာစေတဲ့ Omega 6 တို့လည်း ပါတာကြောင့် သင်နေ့စဉ် စားနေတဲ့ အစားအသောက်တွေထဲမှာ သူတို့ကိုလည်း မေ့ခဲ့လို့မရပါဘူး။

(၂) ဆေးလိပ် ဖြတ်ပါ

ဆေးလိပ် သောက်လို့ ရလာတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ဆိုတာ ကြားဖူးပါသလား။ ဆေးလိပ်ကြောင့် အမြင်အာရုံကြော ထိခိုက်သွားပြီး macular degeneration ဆိုတဲ့ အမြင်အာရုံ ချို့တဲ့တဲ့ ရောဂါ ရနိုင်သလို ဆေးလိပ်သောက်သူတွေက အတွင်းတိမ် ဖြစ်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။ ဒါကြောင့် ကောင်းကျိုး တစ်ခုမှ မပေးတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ပါ။

(၃) နေကာမျက်မှန် တပ်ပါ

နေကာမျက်မှန် တပ်တိုင်း ပဲများတာ မဟုတ်ရပါဘူး။ မျက်စိကို နေရောင်ခြည် တိုက်ရိုက် ထိတွေ့နေရတဲ့ အလုပ်ခွင်တွေမှာ နေရသူတွေ၊ ဘာကြောင့်ပဲဖြစ်ဖြစ် နေပူထဲ ထွက်ရတဲ့အခါ နေကာမျက်မှန်တပ်သင့်ပါတယ်။

ဥပမာ ယာဉ်မောင်း တစ်ယောက်ဟာ ကားထဲ ရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်တွေကို မလွှဲမရှောင်သာ ထိတွေ့ရမှာမို့ နေကာမျက်မှန် နဲ့ ကာကွယ်သင့်ပါတယ်။

နေရောင် ထဲမှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေအတွက် သာမက မျက်လုံး ကိုပါ ဒုက္ခပေးနိုင်တဲ့အတွက် အမြင်အာရုံကို ပျက်စီးစေတဲ့အထိ ကြောက်စရာကောင်းပါတယ်။

ဒီခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ ဆိုရင် အပြင်သွားတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် ဝတ်ဆင်သွားတာ အကောင်းဆုံးပါ။ မျက်ကပ်မှန် တပ်ထားရင်တောင် အပြင်ကနေ နေကာ မျက်မှန်ထပ်တပ် သွားဖို့ အကြံပေးပါရစေ။

(၄) အန္တရာယ်ရှိတဲ့ အလုပ်ခွင်ထဲ ရောက်နေရင် မျက်စိ အကာအကွယ် ဝတ်ထားပါ

ဂဟေ ဆော်တဲ့ အလုပ်၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေ့နေရတဲ့ အလုပ်၊ မျက်လုံး ထဲ အမှုန်အမွှားတွေ ဝင်နိုင်တဲ့ အလုပ်တွေ လုပ်နေရတဲ့သူတွေဆို ကြိုပြီး သတိရှိရှိနဲ့ မျက်လုံး အကာအကွယ် တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။

(၅) ကွန်ပျူုတာ၊ ဖုန်း တို့ကို အကြာကြီး မကြည့်ပါနဲ့

နည်းပညာ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ကွန်ပျူတာ၊ စမတ်ဖုန်း၊ တက်ဘလက် တို့လို ဒစ်ဂျစ်တယ်ပစ္စည်း တွေနဲ့ ကင်းဖို့ ဆိုတာ မလွယ်ကူလောက်ပါဘူး။ ဒါပေမယ့် ကွန်ပျူတာ အကြည့်များပြီး မျက်လုံးစပ်လာတာ၊ မျက်လုံးအောင့်လာတွေက သင့်မျက်လုံးကို ထိခိုက်နေပြီလို့ လက္ခဏာပြနေတာပါ။

ကိုယ့်အလုပ်က မဖြစ်မနေ ကွန်ပျူတာကို အမြဲကြည့်နေရတဲ့ အလုပ်ဆိုရင် မျက်လုံး မထိခိုက်စေဖို့ အတွက် –

  • ဖုန်း၊ ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် ခပ်ဝေးဝေး တစ်နေရာကို ၁၀ မိနစ်လောက် ကြည့်ပေးပါ။
  • ဖုန်း၊ ကွန်ပျူတာကြည့်ရင် မျက်လုံးကို မထိခိုက်စေမယ့် မျက်မှန်တို့ ကွန်ပျူတာ မျက်နှာပြင်က အလင်းရောင်ကို ကာပေးတဲ့ အကာအကွယ် တစ်ခုခု ဖြစ်ဖြစ် သုံးပါ။
  • မျက်တောင် ခတ်ပေးဖို့လည်း မမေ့ပါနဲ့။
  • မျက်လုံး ညောင်းလာရင် မိနစ် ၂၀ လောက် မှိတ်ထားပေးပါ။

(၆) မျက်စိ ကျန်းမာရေး ပုံမှန် စစ်ဆေးပါ

ကိုယ့် မျက်လုံး ပါဝါ ဘယ်လောက်ရှိသလဲ၊ အခြေအနေ ဘယ်လိုရှိသလဲ၊ မျက်စိ အားနည်းနေသလား၊ မျက်မှန်တပ်ဖို့ လိုသလား၊ မျက်မှန်လဲဖို့ လိုသလား စတာတွေကို ဆရာဝန် ဆီမှာ ပုံမှန် စစ်ဆေးဖို့ သင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ အမြင်အာရုံ ထိခိုက်နေပြီလား၊ မျက်လုံးနဲ့ ပတ်သက်တဲ့ တခြား ရောဂါတွေရော ရှိသေးလား ဆိုတာကို စောစော သိရှိနိုင်မယ်၊ လိုအပ်ရင် အချိန်မီ ကုသနိုင်မယ်၊ နောက်ဆက်တွဲပြဿနာတွေ ကာကွယ်ပြီးသားဖြစ်စေမယ်လေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement