brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာကို တော်တော်များများ ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာက အဖြစ်များလား!

လည်ချောင်းနာတာက တစ်နှစ်ကို ၄-၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည်ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။ 

လည်ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ!

လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး အခြေအနေ ဆိုပေမယ့် လည်ချောင်းနာတာက ခဏခဏ ဖြစ်မယ် လည်ချောင်းနာတာနဲ့အတူ အခုလို လက္ခဏာတွေ ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

  • လည်ချောင်းနာတာနဲ့အတူ ခဏခဏ ဖျားမယ် (အဖျားက ၁၀၁ ဒီဂရီနဲ့ အထက် ဖြစ်မယ်)
  • ကုသမှု ခံယူပေမယ့် မသက်သာဘူးဖြစ်မယ်
  • အိပ်မရအောင်ကို လည်ချောင်းနာမယ်
  • အနီရောင် အဖုအပိမ့်တွေ ထွက်လာမယ်
  • လည်ချောင်းနာတာနဲ့အတူ ခံတွင်းက အနံ့ဆိုးတွေ ထွက်လာမယ်
  • လည်ချောင်းနာတာနဲ့ အတူ နားထဲက နာမယ်၊ မေးရိုးတွေ နာတာမျိုး ဖြစ်လာမယ်
  • အမြဲလိုလို အသံဝင်နေမယ်
  • မျက်နှာနဲ့ လည်ချောင်းမှာ ဖောရောင်တာမျိုး ဖြစ်မယ်
  • အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာမျိုး ဖြစ်မယ်ဆိုရင် ကုသမှု ခံယူဖို့ လိုပါမယ်။

ဘာတွေ ဖြစ်လာနိုင်လို့လဲ! 

လည်ချောင်းနာတာက ခဏခဏ ဖြစ်နေမယ်။ အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ လည်ချောင်းကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်သလို အချို့ အချို့သော ရောဂါတွေရဲ့ အစပျိုးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

ပုံမှန်အားဖြင့် လည်ချောင်းကင်ဆာကို သွားဆရာဝန်တွေ ဒါမှမဟုတ် ဆရာဝန်တွေက အခြားသော ကျန်းမာရေး အခြေအနေ တစ်ခုခုကို ကုသရင်းနဲ့မှ သိကြတာများပါတယ်။ လည်ချောင်းနာတာနဲ့အတူ ချောင်းဆိုးတာ၊ ဒါမှမဟုတ် အစားမျိုချရခက်တာ၊ ပါးစပ်ထဲမှာ အနာဖြစ်တာ၊ လည်ချောင်း နဲ့ ဇက်တဝိုက်မှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်တာက လည်ချောင်းနာတာက ကင်ဆာ ဒါမှမမဟုတ် ချက်ချင်း ကုသမှု ခံယူဖို့ လိုနေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုကို ခံစားနေရပြီဆိုတာကို ဖော်ပြနေတာပါ။ 

လည်ချောင်းကင်ဆာ အမျိုးအစားကတော့ အမျိုးအစားအားဖြင့် ၃ မျိုး ရှိပါတယ်။ 

  • အသံအိုးကင်ဆာ (Laryngeal cancer ) ဆိုတာက အသံအိုးနဲ့ အသံအိုး အထက်ပိုင်း တဝိုက်နဲ့ အောက်ပိုင်းတဝိုက်မှာ ဖြစ်တဲ့ ကင်ဆာပါ။
  • လည်ချောင်း ကင်ဆာ (Pharyngeal cancers) ဆိုတာက နှာခေါင်း နဲ့ လည်ချောင်း အနောက်ဖက် ပါးစပ် နောက်ဖက်နား လည်ချောင်း အောက်ဖက်ပိုင်းမှာ ဖြစ်တာမျိုးပါ။ အသံအိုး အထက်ပိုင်းနားလေးမှာပါ။
  • ခံတွင်းကင်ဆာ ဆိုတာက နှုတ်ခမ်း၊ ပါးစောင်၊ သွားဖုံး၊ လျှာ နဲ့ အာခေါင်မာ၊ အာခေါင်တို့မှာ ဖြစ်တဲ့ ကင်ဆာတွေပါ။

ဒီကင်ဆာတွေ အပြင်

  • အဆုတ်ကင်ဆာ
  • အစာရေမျို ကင်ဆာ
  • သိုင်းရွိုက်ကင်ဆာ
  • ခံတွင်း ကင်ဆာ
  • တံထွေး ဂလင်း ကင်ဆာ
  • သွေးကင်ဆာ စတာတွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ 

လည်ချောင်းတဝိုက်နဲ့ သွားနဲ့ ခံတွင်းမှာ ဖြစ်တဲ့ ကင်ဆာတွေက အစပျိုး လက္ခဏာတွေ အနေနဲ့ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အသံဝင်တာ၊ အစာမျိုချရခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် ခဏခဏ နာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာရဲ့ အစပျိုး လက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး ကုသစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ 

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/03/2024 ဖြစ်ပါသည်။