နှာခေါင်းစမ်း ကိရိယာ (Rhinoscope)
နှာခေါင်းစမ်းကိရိယာလေးကတော့ ခပ်ပျော့ပျော့ပိုက်လေး ဖြစ်ပြီးတော့ ထိပ်မှာ ကင်မရာလေး ပါပါတယ်။ ဒါကြောင့် နှာခေါင်းထဲက အခြေအနေကို screenပေါ်မှာ ရှင်းရှင်းလင်းလင်း ကြည့်လို့ရပါတယ်။ နှာခေါင်းတင်မကပါဘူး။ လည်ချောင်းထဲထိ ကြည့်လို့ရပါတယ်။ နှာခေါင်းက နားလောက် အပေါက်မကျယ်တဲ့အတွက် ပိုက်ထည့်တဲ့အခါ ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာခံနိုင်ရည် ရှိအောင် ထုံဆေးလေး ဖြန်းပေးပါတယ်။ ပိုးသတ်ထားတဲ့ ကိရိယာကိုပဲ သုံးပါတယ်။
ဘယ်လိုအခါမှာ သုံးသလဲဆိုတော့
–နှာခေါင်းထဲမှာ တစ်ခုခုပိတ်နေတာ
–ထိပ်ကပ်နာ
–နှာခေါင်းသွေးလျှံတာ
–အနံ့ပျောက်တာ
-ဉီးခေါင်းနဲ့ လည်ပင်းကင်ဆာတွေ စတဲ့ရောဂါတွေမှာ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေဖို့အတွက် သုံးပါတယ်။ တစ်ခါစမ်းရင် ၂မိနစ်သာသာလောက်ပဲ ကြာတဲ့အတွက် လူနာအများစုက ခံနိုင်ရည်ရှိပါတယ်။
လည်ချောင်းကြည့် ကိရိယာ (Laryngoscope)
လည်ချောင်းထဲနဲ့ အနောက်က အသံအိုးတွေ၊ အသံကြိုးတွေကြည့်ဖို့ သုံးပါတယ်။ လည်ပင်းထဲကို မှန်ပြောင်းလေးထည့်ရတာမို့လို့ ဒီတိုင်းကြည့်ရင် ကြောက်စရာလို့ ထင်ရပေမယ့် ဒီနည်းလမ်းက နာကျင်မှု မရှိပါဘူး။
လည်ချောင်းကြည့် ကိရိယာကို
- အဆက်မပြတ်ချောင်းဆိုးနေတယ်၊ လည်ပင်းနာနေတယ်၊ သွေးထွက်တယ်၊ အသံအက်တက်တက်ဖြစ်နေတယ်၊ ခံတွင်းနံ့မကောင်းဘူး စတဲ့ အခြေအနေတွေမှာ ဘာကြောင့်လဲ သိရဖို့
- လည်ချောင်းထဲမှာ နာနေတဲ့၊ ရောင်နေတဲ့ အကြောင်းရင်းကို သိရဖို့
- လည်ပင်းထဲမှာ တစ်ခုခု တစ်နေတဲ့အခါ အကြောင်းရင်းရှာဖို့
- မတော်တဆ ပြင်ပပစ္စည်းတွေကို မျိုချမိတဲ့အခါ ဖယ်ထုတ်ဖို့
- လည်ပင်းနဲ့ အသံကြိုးက တစ်ရှူးတွေကို ကြည့်ဖို့၊ အသားစယူဖို့
- အစာမျိုရခက်တဲ့ ပြဿနာကို ရှာဖို့
- အသံအိုးပြဿနာတွေကို စစ်ဆေးဖို့ သုံးနိုင်ပါတယ်။
ရိုးရိုး ကြည့်ရုံကြည့်တာပဲဆိုရင် ၅မိနစ်၊ ၁၀မိနစ်လောက်ပဲ ကြာပါတယ်။ ဒါပေမယ့် နင်နေတဲ့ ပစ္စည်းဖယ်ဖို့တို့၊ အသားစယူဖို့အတွက်ဆိုရင်တော့ ဒီထက်ကြာနိုင်ပါတယ်။ လူနာ ခံနိုင်ရည်ရှိအောင် ထုံဆေးသုံးရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။