backup og meta

အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ

    ဒူးခေါင်း၊ တင်ပါးဆုံရိုးနဲ့ ခြေမျက်စိတို့မှာ တကျွတ်ကျွတ်မြည်လာတာက အသက်ကြီးလာတာနဲ့အမျှ ကြုံတွေ့လာရမယ့် အဆစ်ရောင်နာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။ အသက် ၄၀ ကျော်သူတွေမှာ အဆစ်ရောင်ဝေဒနာတွေ ဖြစ်လာတာက အသက်အရွယ်ကြီးရင့်မှုနဲ့ ဆက်နွှယ်နေသလို သဘာဝအလျောက် ယိုယွင်းလာမှုဖြစ်စဉ်မှာ အရိုးကျန်းမာရေးလည်းပါဝင်လာပါတယ်။

    အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ

    အသက်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေ ပုံမှန်ခံစားလာရပါတယ်။ ဇရာကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လျော့ပါးသက်သာစေဖို့တော့ကြိုးစားကြည့်နိုင်ပါတယ်။ လူကြီးတွေမှာ တဖြည်းဖြည်း ပိုဆိုးရွားလာတဲ့ အဆစ်အမြစ်နာကျင်မှုဟာ အဆစ်ရောင်နာ osteoarthritis လက္ခဏာဖြစ်နေနိင်ပါတယ်။ ဒီတော့ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ ကို အတူတူ ဆက်လေ့လာရအောင်လား …….

    သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာများ

  • Osteoarthritis–အရိုးအဆစ်မှာရှိတဲ့ အကာအကွယ်အရိုးနု ပျက်စီးသွားတဲ့အခါ လက်၊ ဒူးခေါင်းနဲ့ တင်ပါးတို့မှာ နာကျင်ကိုက်ခဲစေတဲ့ဝေဒနာဖြစ်ပါတယ်။
  • အကြောတင်ခြင်း၊ အဆစ်လွဲခြင်း
  • ခါးအောက်ပိုင်းနာကျင်ခြင်း
  • အဆစ်ရောင်နာမဟုတ်တဲ့ အဆစ်အမြစ်နာကျင်မှု
  • ဇက်နာခြင်း
  • ဒူးနာခြင်း
  • အရိုးနုပျက်စီးခြင်း – ကျောရိုးမကြီးရဲ့ပုံမှန်တည်ဆောက်ပုံအချိုးအစားနဲ့လုပ်ဆောင်ချက်တဖြည်းဖြည်း ပျက်ယွင်းလာနိုင်ပါတယ်။
  • အရိုးအတက်ထွက်ခြင်း – လည်ဂုတ်၊ ပခုံး၊ ဒူးခေါင်းတို့မှာ ဖြစ်လာတတ်ပြီး အရွတ်၊အကြောနဲ့ အာရုံကြောတွေကို ဖိမိစေပါတယ်။
  • အသက် ၅၀ ကျော်အရွယ် လူကြီးပိုင်းဝင်လာချိန် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ အောက်ပါအချက်တွေလည်းပါဝင်ပါတယ်-

    Osteoarthritis – အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ်တွေ ကြားက အမြဲ ပွတ်တိုက်လှုပ်ရှားနေရတဲ့ အရိုးနုက မာကျောလာပြီး ကျုံ့ဆန့်နိုင်စွမ်းမရှိတော့ဘဲ ထိခိုက်ပျက်စီးဖို့ လွယ်လာပါတယ်။ အရိုးနုတွေ ပျက်စီးသွားတာနဲ့ အရွတ်နဲ့အကြောတွေ လျော့ရဲသွားပြီး နာကျင်မှုကို ခံစားရပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်း အားလုံးနီးပါးမှာ ဖြစ်လာတတ်ပြီး လက်ချောင်း၊ တင်ပါး၊ ဒူးခေါင်းနဲ့ ကျောရိုးမကြီးတို့မှာ အများဆုံး ဖြစ်တတ်ပါတယ်။

    လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid Arthritis) – ခန္ဓါကိုယ်အဆစ်အမြစ်တွေ ရောင်ရမ်းတာပဲ ဖြစ်ပေမယ့် ဘယ်ညာအစိတ်အပိုင်းအားလုံးတညီတည်း အချိုးညီညီနာကျင်ကိုက်ခဲမှုခံစားရတတ်တာကြောင့် တခြားအဆစ်ရောင်နာတွေနဲ့မတူတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့လက္ခဏာတွေကတော့ဆင်တူပါတယ်။

    အရွတ်ကြောနာ (Fibromyalgia) – ခန္ဓါကိုယ်အနှံ့က နေရာပေါင်းများစွာမှာ နာကျင်မှုနဲ့ အထိမခံနိုင်ကျိန်းစပ်မှု တွေဖြစ်လာပြီး အိပ်စက်ခြင်းပြဿနာတွေနဲ့ ပင်ပန်းနွမ်းလျမှုဖြစ်စေတဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။

    စိတ်ကျဝေဒနာ – စိတ်ကျဝေဒနာခံစားနေရတဲ့လက္ခဏာဟာ ဝမ်းနည်းစိတ်တစ်ခုတည်းမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာမှာပါ အကြောင်းရင်းမည်မည်ရရမရှိဘဲ နာကျင်တာတွေ၊ကိုက်ခဲတာတွေဖြစ်လာတတ်ပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ ဗိုက်အောင့်ခြင်း။

    အဝလွန်ခြင်းခန္ဓါကိုယ်အောက်ပိုင်းကအဆစ်အမြစ်တွေကို ဖိအားပိုများစေနိုင်တဲ့ ကိုယ်အလေးချိန်တိုးလာခြင်း က osteoarthritis ဖြစ်နိုင်ခြေပိုများစေပါတယ်။ အထူးသဖြင့် လူတစ်ကိုယ်လုံးရဲ့အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းတွေက ထိခိုက်နိုင်ဖို့ ပိုအန္တရာယ်များပါတယ်။

    ထိခိုက်ထားတာ၊ အသုံးများလွန်းတာ – အားကစားသမားတွေနဲ့ ကြိမ်ဖန်များစွာခန္ဓါကိုယ်လှုပ်ရှားနေရတဲ့အလုပ် လုပ်ကိုင်သူတွေမှာ ထိခိုက်ဒဏ်ဖြစ်တာနဲ့ အဆစ်တွေမှာဖိအားများစေတာကြောင့် osteoarthritis ဖြစ်နိုင်ခြေမြင့်မားပါတယ်။ တစ်ရှူးပျော့မှာဒဏ်ဖြစ်တာက osteoarthritis ဖြစ်စေနိုင်သလို အရိုးကျိုးအက်ခြင်းနဲ့ ခွဲစိတ်ကုသမှုခံယူရဖူးတဲ့အဆစ်တွေမှာပိုဖြစ်တတ်ပါတယ်။

    ကြွက်သားအားနည်းခြင်း – ဒူးနားတဝိုက်က ကြွက်သားတွေအားနည်းတာက osteoarthritis နဲ့ဆက်နွှယ်နေပြီး အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်ပါတယ်။

    ကုသနည်း

    အရိုးအဆစ်နာခြင်းအတွက် အရှင်းပျောက်ကင်းစေမယ့်ကုသနည်းမရှိပေမယ့် ဆေးဝါးသောက်သုံးတာကနေ ခွဲစိတ်ကုသမှုအထိ ကုသနည်းတွေရှိသလို ကိုယ်တိုင်ကြိုးစားကြည့်နိုင်တဲ့ဆောင်ရန်ရှောင်ရန်တွေကလည်း ကောင်းကျိုးရရှိနိုင်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ဖို့ – ကိုယ်က ဝ နေသူဖြစ်ရင် အရင်ဆုံး အဆီပိုတွေချပစ်ဖို့ လိုပါတယ်။

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းစလုပ်ဖို့ – နောက်တစ်ချက်က ကိုယ်နဲ့သင့်လျော်မယ့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုကို အရိုးအဆစ်ဆရာဝန်နဲ့ တိုင်ပင်လုပ်ဆောင်ပါ။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်းနဲ့ တခြား အားသိပ်မသုံးရတဲ့လေ့ကျင့်ခန်းတွေ၊ အရိုးအဆစ်တွေအပေါ်ဖိအားမများစေတဲ့လေ့ကျင့်ခန်းတွေကလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

    ဖိနပ်နဲ့ကုသ – ကွင်းထိုးဖိနပ်၊ ဖိနပ်ကောင်းကောင်း၊နဲ့ လမ်းလျှောက်တုတ် တို့ကလည်း ဒူးနာ၊ တင်ပါးရိုးနာ၊ ခြေဖဝါးနာ တွေအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။

    ဆေးဝါး – Aspirin၊ Ibuprofen နဲ့ Paracetamol တို့က ထိရောက်တဲ့အကိုက်အခဲပျောက်ဆေးတွေဖြစ်ပါတယ်။ အရောင်ကျဆေးတွေလိုမျိုး တခြားဆေးတွေကိုလည်း ဆရာဝန်က ညွှန်ကြားလာနိုင်ပါတယ်။

    အရိုးအဆစ်နာရောဂါက နွေးနွေးထွေးထွေး အနေအထားမှာ ပိုသက်သာတတ်တာကြောင့် အအေးသိပ်မခံဖို့ သတိထားသင့်ပါတယ်။ ရေနွေးပုလင်းကပ်တာ၊ ရေနွေးဝတ် ဒါမှမဟုတ် ရေနွေးအိတ်ကပ်ပေးတာက နာကျင်မှုနဲ့ တောင့်တင်းမှုကိုသက်သာစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement