backup og meta

အူအတက်ရောင်တာဆိုရင် မပေါ့နဲ့၊ သတိထား

အူအတက်ရောင်တာဆိုရင် မပေါ့နဲ့၊ သတိထား

အသက်ငယ်ငယ်လေးနဲ့ ဗိုက်အောင့်လို့ ဆေးရုံရောက်လာတယ်၊ အကြောင်းရင်းလည်း သေချာမသိဘဲ ရုတ်တရက်ထဖြစ်တယ်၊ မခံမရပ်နိုင်အောင့် ဗိုက်အောင့်တယ်၊ ချက်ရဲ့ ဘေးပတ်ပတ်လည်ကနေ အောင့်နေတယ်ဆိုရင်တော့ အူအတက်ရောင်တာ သေချာသလောက် ဖြစ်နေပါပြီ။ ဒီပြဿနာက အသက်အရွယ်၊ ကျား၊ မ မရွေး ဖြစ်တတ်တဲ့ ပြဿနာမို့ အရေးရယ် အကြောင်းရယ်ဆို ပျာယာခတ်မနေဘဲ ဘယ်လိုလုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

  • ဝမ်းဗိုက်ရဲ့ အပေါ်ဘက်နား၊ ညာဘက်အောက်နား ဒါမှမဟုတ် ချက်ရဲ့ ဘေးပတ်ပတ်လည်မှာ မခံမရပ်နိုင်အောင် နာကျင်တာ
  • အစာစားချင်စိတ် မရှိတာ
  • မစာမကြေသလို ဖြစ်နေတာ
  • မူးဝေတာ
  • အော့အန်တာ
  • ဝမ်းလျှောတာ
  • ဝမ်းချုပ်တာ
  • ဗိုက်က ဖောရောင်နေတာ
  • လေမလည်နိုင်တာ
  • အဖျားလေး နည်းနည်းရှိတာ စတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။

ဖြစ်ကာစမှာတော့ လူနာက ရိုးရိုးဗိုက်နာတာလောက်ပဲ ခံစားရမှာပါ။ အချိန်ကြာလာတာနဲ့အမျှ နာတဲ့ဒဏ်က ပိုပြင်းထန်လာမယ်။ အစပိုင်းမှာ ဗိုက်အပေါ်ပိုင်းနဲ့ ချက်ရဲ့ ပတ်ပတ်လည်မှာ နာကျင်နေပြီး နောက်ပိုင်း ညာဘက်အောက်ခြမ်းကို နာတဲ့နေရာရွေ့လာမယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းအများကြီးသွားမယ်။ မူးပြီးအန်မယ်။ အခြေအနေဆိုးလာတဲ့အချိန် ဘာမှလှုပ်လို့မရတော့အောင် ဖြစ်ပြီး ဗိုက်က အောင့်လာမှာပါ။

ဘာကြောင့် အူအတက်ရောင်တာလဲ။

အူအတက်ရောင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်ရတာကတော့ အူအတက်က တစ်ခုခုနဲ့ ပိတ်မိနေတာကြောင့် ဘက်တီးရီးယားပိုးတွေ တွယ်ပြီး ရောင်လာတာပါ။

  • ဝမ်းအမာတွေ စုနေတာ
  • အူမှာ တုတ်ကောင်၊ သန်ကောင်တွေ များနေတာ
  • ပြန်ရည်ကြောမှာရှိတဲ့ တစ်သျှူးအစတွေ ကြီးလာတာ
  • အူမှာ အကျိတ်ဖြစ်နေတာ
  • တစ်ခုခုနဲ့ ထိခိုက်မိတာကြောင့် အူအတက်ပိတ်ပြီး ရောင်လာတာဖြစ်ပါတယ်။

အူအတက်မှာ သွားပြီးပိတ်တာနဲ့ ဘက်တီးရီးယားပိုးတွေက အထဲမှာ ပွားလာပြီးတော့ ရောင်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တည်တာ၊ ဗိုက်ထဲမှာတစ်ခုခု ဖိပြီးခံနေတာမျိုးခံစားရနိုင်ပါတယ်။

အူအတက်ရောင်နေပြီလို့ သံသယရှိပြီဆိုရင် ဘာလုပ်ကြမလဲ။

၁။ လူနာအနေနဲ့ မခံမရပ်နိုင်အောင် နာနေတယ်၊ ဗိုက်နာတာလည်း ၂နာရီ ၃နာရီလောက်ရှိပြီး ဘာဆေးသောက်သောက် မပျောက်ဘူးဆိုရင် ဗိုက်ကိုအရင်ဆုံးစမ်းကြည့်ပါ။

၂။ ဝမ်းဗိုက်အပေါ်နား၊ ချက်ရဲ့ ပတ်ပတ်လည်မှာ အနည်းငယ်ဖောရောင်နေတာမျိုးတွေ့ရပြီဆိုရင် ဆေးရုံကို အမြန်ဆုံးပို့ပါ။

၃။ အူအတက်ဆိုတာ ဆေးသောက်ရုံနဲ့ ပျောက်တာမဟုတ်တဲ့အတွက် ခွဲစိတ်ဖို့လိုပါတယ်။

၄။ အရင်ဆုံး အရေးပေါ်ခန်းရောက်တဲ့အခါ ဆရာဝန်အနေနဲ့ အခြေအနေကို သုံးသပ်ပြီး အူအတက်ရောင်တာသေချာပြီဆိုရင် အရင်ဆုံး အနာသက်သာစေမယ့် ဆေးတစ်မျိုးမျိုး ထိုးပေးပါလိမ့်မယ်။ ပြီးသွားရင် အချိန်ခဏစောင့်ပြီးမှ ခွဲစိတ်မှာဖြစ်ပါတယ်။

၅။ အသေးစားခွဲစိတ်မှုဖြစ်တာကြောင့် ခါးရိုးထုံဆေးကိုပဲ ပေးပြီး ခွဲစိတ်ဖို့ ပိုများပါတယ်။

၆။ မခွဲခင်မှာ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ သောက်နေတဲ့ ဆေးတွေ အကုန် ကျန်းမာရေးစောင့်ရှောက်သူတွေကို ပြောပြထားဖို့ လိုပါတယ်။

ဘယ်လောက်ကြာရင် ခွဲစိတ်ထားတဲ့အနာကျက်မှာလဲ။

ခွဲပြီး ၃ရက်မှ တစ်ပတ်အတွင်းတော့ ဆေးရုံမှာပဲ သေချာအနားယူဖို့ လိုပါတယ်။ ဒီအတောအတွင်းမှာ အမာစာလည်း လုံးဝစားလို့မရသလို အရည်ကိုပဲ နည်းနည်းစီ သောက်သွားရမှာဖြစ်ပါတယ်။ ထသွားထလာအတွက် လူနာရှင်တစ်ယောက် အနားမှာစောင့်ကြည့်နေဖို့ လိုပါတယ်။

ဆေးရုံကဆင်းပြီးတဲ့အခါ အလေးအပင်မတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ လုံးဝနားထားဖို့လိုသလို အပြင်ကို သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် ချုပ်ရိုးပြေပြီး ပိုးဝင်သွားနိုင်တာကြောင့်ဖြစ်ပါတယ်။ လုံးဝနေလို့ထိုင်လို့ ကောင်းသွားပြီဆိုရင် ဆေးခန်းကို အရင်သွားပြပြီးမှ ဆရာဝန်ခွင့်ပြုချက်နဲ့ အလုပ်ပြန်ဆင်းလို့ရပါပြီ။

ချုပ်ထားတဲ့အနာက တစ်လကနေ နှစ်လအတွင်း ပြန်ကျက်ပြီး အပြင်းအထန်အားကစားလုပ်တာကို အနည်းဆုံး နှစ်လလောက် နားထားဖို့လိုပါတယ်။ ခွဲစိတ်ပြီး ၆လလောက်ကြာပြီဆိုရင်တော့ အနာလုံးဝကျက်ပြီလို့ ဆိုနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/appendicitis(July 30, 2019)

 

ယခုပုံစံ

11/05/2020

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement