backup og meta

သင် ချီးပေါလော ဖြစ်နေတာ ဒါတွေကြောင့်ပါ

ချီးပေါလော ဆိုလို့ ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ဦး။ ခုပြောချင်တဲ့ ချီးပေါလောဆိုတာ သင့်ကို အသုံးမကျဘူး။ ငပေါကြီးလို့ ပြောချင်တာ မဟုတ်ပါဘူး။ သင့်ရဲ့ ဝမ်းက ရေမှာ ပေါလောမျှောနေတာကို ပြောတာပါ။ ဝမ်းက ရေပေါ်မှာ ပေါ်နေမှတော့ ဒါချီးပေါလောပဲပေါ့။

သင် ချီးပေါလော ဖြစ်နေတာ ဒါတွေကြောင့်ပါ

ဝမ်းက ရေပေါ်မှာ ပေါ်သင့်လား၊ မြုပ်သင့်လား

ပုံမှန်ဆိုရင် ဝမ်းက ရေထက် လေးတာကြောင့် ရေမှာ မြုပ်နေသင့်ပါတယ်။ အိမ်သာရဲ့ အောက်ခြေမှာ ထိုင်မနေရင်တောင် ရေအောက်မှာတော့ ရှိနေရမှာပါ။ ဝမ်းက ရေမှာ ပေါ်နေပြီဆိုရင်တော့ သင့်ဝမ်းမှာ တစ်ခုခုဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ဝမ်းထဲမှာ အဆီ၊ ဂတ်စ်နဲ့ အမျှင်ဓာတ်များတဲ့အခါ ဖြစ်တတ်ပါတယ်။

တစ်ခါတလေမှာ ရောဂါတစ်ခုခုကြောင့် ဝမ်းက ပေါလောပေါ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ချီးပေါလော ဖြစ်စေတဲ့ အကြောင်းရင်းများ

ဝမ်းက ရေပေါ်မှာ ပေါ်နေတိုင်း စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ့်ရဲ့ စားသောက်မှု ပုံစံကြောင့် ပေါလောပေါ်နေတာ ဖြစ်နိုင်ပါတယ်။

အန္တရာယ်မရှိတဲ့ အကြောင်းရင်းတွေကတော့

  • အမျှင်ဓာတ်တွေ အစားများတာ

အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို အစားများတဲ့အခါ ဘက်တီးရီးယားတွေက ပိုပြီး ချေဖျက်ရတဲ့အတွက် ဂတ်စ်တွေထွက်ပြီး ဝမ်းက ပေါ့နေတတ်ပါတယ်။

  • အူထဲမှာ ဂတ်စ်တွေ များနေတာ

အမျှင်ဓာတ်တွေကြောင့် ဂတ်စ်တွေ ထွက်လာနိုင်သလို ဗိုက်ထဲကို လေမျိုချတာ များရင်လည်း လေပွပြီး ဝမ်းထဲမှာပါ ဂတ်စ်တွေ ပါလာတတ်ပါတယ်။

လက်တို့စ်ဆိုတာ နို့သကြားကို ပြောတာပါ။ နို့သကြား မချေဖျက်နိုင်တဲ့ သူတွေက နို့ သောက်မိရင်လည်း ဝမ်းက ပေါလောပေါ်နေတတ်ပါတယ်။

ဒါတွေက စိုးရိမ်စရာ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အစားအစာကို ပြန်ပြီး ဂရုစိုက်လိုက်ရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။

ရောဂါနဲ့ သက်ဆိုင်တဲ့ အကြောင်းရင်းတွေကတော့

  • အူစုပ်ယူမှု မကောင်းတာ

အူက အာဟာရတွေကို သေချာမစုပ်ယူနိုင်တဲ့အခါမှာလည်း ဝမ်းထဲကို ပါလာပြီး ဝမ်းက ရေပေါ်မှာ ပေါ်နေတတ်ပါတယ်။ ဥပမာ

-ခရုန်းရောဂါလို့ခေါ်တဲ့ နာတာရှည် အူမကြီးရောင်ရမ်းတဲ့ရောဂါ

-အကြောင်းအမျိုးမျိုးကြောင့် အူကို ဖြတ်ထားရတဲ့အခါ

Celiac diseaseလို့ခေါ်တဲ့ ဂလူတန်ကို မချေဖျက်နိုင်တဲ့ ရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

  • အစာခြေလမ်းကြောင်း ပိုးဝင်တာ

ပုံမှန်အားဖြင့်လည်း အစာခြေလမ်းကြောင်းကို ဗိုင်းရပ်စ်တွေ မကြာခဏ ကူးစက်တတ်ပြီး အများစုက အလိုလို ပျောက်သွားတတ်ပါတယ်။ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေကြောင့်ဆိုရင်တော့ သေချာဆေးကုဖို့ လိုပါတယ်။ ဒီပိုးတွေက အူနံရံကို ဖျက်ဆီးတာကြောင့် အူကနေ အာဟာရစုပ်ယူမှု ကျသွားပြီး ဝမ်းက ပေါလောပေါ်တတ်ပါတယ်။

  • အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ ရောဂါ

Irritable bowel syndrome (IBS)လို့ ခေါ်တဲ့ ရောဂါမှာလည်း အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာကြောင့် ဝမ်းက မျှောနေတတ်ပါတယ်။

  • သည်းခြေရည် နည်းနေတာ

သည်းခြေရည်က အဆီတွေကို ချေဖျက်ဖို့ အရေးပါပါတယ်။ အသည်းနဲ့ သည်းခြေစနစ် မကောင်းတဲ့အခါ (ဥပမာ သည်းခြေပြွန် ကျောက်တည်တာ) သည်းခြေရည် ထွက်ရှိမှု နည်းတာကြောင့် အဆီတွေ ဝမ်းထဲမှာ ပါလာပြီး ဝမ်းက ပေါ်နေတတ်ပါတယ်။

  • ပန်ကရိယရောင်တာ

ပန်ကရိယရောင်တဲ့အခါ အစာခြေအင်ဇိုင်းတွေ ကောင်းကောင်း မထုတ်နိုင်တာကြောင့် ဝမ်းက ပေါလောပေါ်တတ်ပါတယ်။ ပန်ကရိယရောင်ရတဲ့ အဓိက အကြောင်းရင်းထဲမှာ သည်းခြေကျောက်ပိတ်တာလည်း ပါပါတယ်။ ဒါကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

ရှားရှားပါးပါး ပန်ကရိယကင်ဆာကြောင့်လည်း ဖြစ်တတ်ပါတယ်။

  • လည်ပင်းကြီးရောဂါ

Graves’ diseaseလို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါမှာ အစာခြေစနစ်ကို ထိခိုက်တာကြောင့် ဝမ်းက ပေါ်နေတတ်ပါတယ်။

အစာခြေစနစ်နဲ့ အဆုတ်ကို ထိခိုက်စေတဲ့ ရှားပါးရောဂါပါ။ ဒီရောဂါကြောင့် ပန်ကရိယက အစာခြေအင်ဇိုင်းတွေ မထွက်တာကြောင့် ဝမ်းက ပေါလောပေါ်နေတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ

ချီးပေါလော ဖြစ်တိုင်း စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ အရင်ဆုံးတော့ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ပြောင်းလဲကြည့်ပါ။

  • အမျှင်ဓာတ်နဲ့ လေပွစေမဲ့ အစားအစာတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ခဏရှောင်ကြည့်ပါ။
  • တစ်ထိုင်တည်း အများကြီး မစားဘဲ နည်းနည်းစီ စားကြည့်ပါ။
  • အမျှင်ဓာတ်တွေ အများကြီး စားမိတဲ့နေ့၊ အစားတွေ စားမိတဲ့နေ့ဆိုရင် အစာကြေအင်ဇိုင်းဆေးတွေ သောက်ထားပါ။

ဒီလိုမျိုးနဲ့ ၂ပတ်လောက် စောင့်ကြည့်ပါ။ ၂ပတ်လောက် နေလို့မှ မသက်သာရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

နောက်ပြီး ရောဂါကြောင့်လည်း ဖြစ်နိုင်တော့ ဝမ်းပေါ်တာနဲ့အတူ

  • ဗိုက်အောင့်တာ
  • ပျို့အန်တာ
  • ဖျားတာ
  • ပိန်သွားတာ
  • ခေါင်းမူးတာ
  • ဝမ်းအရောင်ဖျော့တာ
  • ဆီးအရောင်ရင့်တာတွေ ရှိနေရင်လည်း ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

အိမ်သာသွားတိုင်း ဝမ်းကို ကြည့်ပါ

အိမ်သာသွားပြီးတိုင်း မိမိဝမ်းကို စစ်ဆေးပါ။ ဝမ်းအရောင်၊ အပျော့အမာ၊ ရေပေါ်ပေါ်နေလား၊ ဝမ်းပုံစံ စတာတွေက ကိုယ့်ကျန်းမာရေးအကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Steatorrhea https://my.clevelandclinic.org/health/symptoms/24049-steatorrhea-fatty-stool#:~:text=What%20is%20steatorrhea%3F,They%20might%20float. Accessed date Aug 11, 2023

Malabsorption https://my.clevelandclinic.org/health/diseases/22722-malabsorption Accessed date Aug 11, 2023

Pancreatitis https://www.hopkinsmedicine.org/health/conditions-and-diseases/pancreatitis#:~:text=points%20about%20pancreatitis-,Pancreatitis%20is%20the%20redness%20and%20swelling%20(inflammation)%20of%20the%20pancreas,pancreas%20and%20let%20it%20heal. Accessed date Aug 11, 2023

Bowel infection https://www.healthdirect.gov.au/bowel-infections#:~:text=An%20infection%20of%20the%20bowel,or%20gastroenteritis%20or%20(gastro).&text=You%20can%20also%20get%20gastroenteritis,%2C%20taps%2C%20toys%20or%20nappies. Accessed date Aug 11, 2023

Celiac disease https://www.niddk.nih.gov/health-information/digestive-diseases/celiac-disease Accessed date Aug 11, 2023

ယခုပုံစံ

07/11/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ