အူအတက် ဆိုတာက အူမကြီးရဲ့ ညာဘက်ခြမ်းမှာ ကပ်တွယ်နေတဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ များသောအားဖြင့်ကတော့ အူအတက်မှာ ဘာပြဿနာမှ မရှိတတ်ပါဘူး။ ဒါပေမယ့် အူအတက်မှာ အညစ်အကြေးတွေ ပိတ်ဆို့တာ ဒါမှမဟုတ် ပိုးဝင်တာတွေ ဖြစ်နိုင်သလို ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရောင်ရမ်းတာကို အူအတက်ရောင်တယ်လို့ ခေါ်ပါတယ်။ အူအတက် ရောင်တဲ့အခါ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးကုသမှုကို မရလိုက်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။
လူတစ်ယောက်မှာ အခြားအစိတ်အပိုင်းတွေဆိုရင် အစုံလိုက် မရှိရင်အောင် တစ်ခုတော့ ရှိမှ အဆင်ပြေမှာ ဆိုပေမယ့် အူအတက် ကတော့ မရှိလည်း အဆင်ပြေပါတယ်။ ဒီတော့ မေးစရာ ရှိနိုင်တာက အူအတက်ဆိုတာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းလား လို့ပေါ့။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ သေချာ ဖတ်ကြည့်လိုက်ရအောင်နော်။
အူအတက်ဆိုတာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းလား
အူအတက်ဆိုတာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းလား ဆိုတော့ အရင့်အရင် ကာလတွေတုန်းကတော့ အူအတက် ဆိုတာက အူအတက်ရောင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်စေတာကလွဲလို့ ကျန်တာ ဘာမှ အသုံးမဝင်ဘူးလို့ ယူဆလက်ခံထားကြတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းတော့ အူအတက်က ကျန်းမာရေးကို ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို သိနိုင်ဖို့ ဆရာဝန်တွေက လေ့လာခဲ့ကြပါတယ်။
မကြာသေးခင်က လေ့လာခဲ့တဲ့ သုတေသန ရလဒ်အရ အူအတက်က ခန္ဓာကိုယ်အတွက် အကျိုးပြု ဘက်တီးရီးယားတွေ ပေါက်ဖွားရာ နေရာအဖြစ် လုပ်ဆောင်ပေးတာဖြစ်ပြီး အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းအကျိုးပြု ဘက်တီးရီးယား အရေအတွက်ကို တိုးမြှင့်ပေးပြီး ဝမ်းပျက်ဝမ်းလျှောတာ၊ အော့အန်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ကင်းဝေးစေဖို့ ထောက်ကူပေးပါတယ်။ ပြင်းထန်တဲ့ အစာခြေစနစ် ပိုးဝင်ကူးစက်တာတွေ မဖြစ်စေဖို့ တားဆီးပေးပါတယ်။
ဒါ့အပြင် အူအတက်မှာ lymphoid tissue လို့ခေါ်တဲ့ တစ်ရှူးများစွာ ပါဝင် ဖွဲ့စည်းထားတာပါ။ ဒီတစ်ရှူးတွေက ကိုယ်ခံအား စနစ်ကို အားဖြည့်ပေးပြီး ပြင်ပကနေ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ပေးတဲ့ lymphocytesလို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် အူအတက်က အစာခြေစနစ် ကျန်းမာစေဖို့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပေါက်ဖွား ရှင်သန်စေသလို ကိုယ်ခံအားဆဲလ်တွေကိုလည်း ရောဂါပိုးတွေကို တိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးရင်း ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။
အူအတက်က သူ့ဘာသာနေရင် ခန္ဓာကိုယ်ကို အကျိုးပြုနေတာဖြစ်ပြီး အညစ်အကြေးတွေ မာခဲပြီး ပိတ်ဆို့သွားချိန်မျိုး၊ lymphoid tissueတွေ ရောင်သွားချိန်မျိုးဆိုရင်တော့ အူအတက်မှာ ပိတ်ဆို့မှု ဖြစ်ပြီး အူအတက်ရောင်တာ၊ ဗိုက်အောင့်တာ လိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတာပါ။
ဒါကြောင့် ပြောချင်တာက အူအတက်ဆိုတာက ခန္ဓာကိုယ်အတွက် အပို အစိတ်အပိုင်း မဟုတ်သလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေတာမျိုး မရှိပါဘူး။ ခန္ဓာကိုယ် ကျန်းမာစေဖို့တောင် လုပ်ဆောင်ပေးနေတာပါ။
အူအတက်လေး ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ
အူအတက်ကလည်း အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အူအတက်မှာ အစာဟောင်းတွေ ပိတ်ဆို့တာက အူအတက်ရောင်တာကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အူအတက်ရောင်တာမျိုး မဖြစ်ဘဲ ကျန်းမာတဲ့ အူအတက်လေးကို ပိုင်ဆိုင်ထားနိုင်ဖို့ဆိုရင်တော့
- အသီးအရွက် များများစားပါ
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားတာက အစာခြေစနစ်ထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုမျိုး ဝမ်းမှန်တာက အူအတက်မှာ အညစ်အကြေးတွေ မာကျောပြီး ခဲတာ ပိတ်ဆို့တာမျိုးတွေ မဖြစ်စေတာကြောင့် အူအတက်ရောင်တာမျိုး မဖြစ်အောင် ကာကွယ်ရာ ရောက်မှာပါ။
- ရေသောက်ပါ
အူလမ်းကြောင်း ကျန်းမာစေတဲ့ အပြုအမူ တစ်ရပ်က ရေသောက်တာပါ။ ရေသောက်တာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး အူပိတ်တာမျိုး၊ ဝမ်းချုပ်တာမျိုး ကင်စေပြီး အူအတက်ကိုလည်း ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်မှာပါ။
- လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပြီး အူလမ်းကြောင်း တလျှောက်မှာ အညစ်အကြေးတွေ ကျန်နေတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ဝမ်းမှန်စေပြီး အူအတက်လေး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
စကားလက်ဆောင်
[embed-health-tool-bmr]