အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း(IBS) ဆိုတာ အဖြစ်များတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်ပါတယ်။ သူ့လက္ခဏာတွေက များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာတာ၊ ဗိုက်အောင့်တာ၊ လေပွတာ၊ ဝမ်းလျှောတာ၊ ဝမ်းကိုက်သလို မကြာခဏ အိမ်သာသွားရတာ၊ ဝမ်းချုပ်တာတို့ ဖြစ်တတ်တယ်။
သူ့ရဲ့ လက္ခဏာတွေက
များသောအားဖြင့် ဗိုက်နာ ခြင်းနှင့် နောက်ဖေးသွားတဲ့ အလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာ တာက များသောအားဖြင့် စားပြီးချိန်မှာ ပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးရင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့ –
- ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း
- လေပွခြင်း၊ ဖောခြင်း
- ဝမ်းမနိုင်ခြင်း
- ဝမ်းကျန်နေသလိုခံစားရခြင်း
- ဝမ်းသွားရင် ချွဲပါခြင်း
IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူတွေရဲ့လုပ်ဆောင်ချက် မူမမှန်ဖြစ်ပြီး အစာခြေခြင်းမှာပြဿနာရှိတယ်လို့ယူဆကြပါတယ်။ အူလမ်းကြောင်းမှာ အစာတွေရွေ့လျားမှု နှေးတာ၊ မြန်တာကြောင့် ဝမ်းချုပ်တာလည်းဖြစ်နိုင်သလို၊ ဝမ်းသွားတာလည်းဖြစ်နိုင်ပါတယ်။
IBS လက္ခဏာတွေသက်သာစေဖို့ –
- ပုံမှန်ပမာဏပဲစားပါ၊ ဖြေးဖြေးစားပါ။
- အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့။
- အရည် အထူးသဖြင့် ရေ၊ လက်ဖက်ရည်ကြမ်း တစ်နေ့ကို အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။
- ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။
- အယ်လ်ကိုဟော၊ ဂက်စ်ပါတဲ့ သောက်စရာတွေ လျှော့ပါ။
- အစာကြေဖို့ မလွယ်တဲ့ ကစီဓာတ်များတဲ့စားစရာတွေ လျှော့စားပါ။
- လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ။
- သကြားလုံး၊ သောက်စရာတွေ ၊ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူတွေအတွက်ထုတ်တဲ့ sugar-free မုန့်တွေမှာပါတတ်တဲ့ သကြားအတု sorbitol ကို ရှောင်ပါ။
- လေပွတတ်တယ်ဆိုရင် အုတ်ဂျုံဖြင့်ပြုလုပ်ထားတာတွေ စားကြည့်ပါ။
- အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။
အူတွေလှုပ်ရှားပြီးချိန်၊ ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်တယ်။ နာတာရှည်ဖြစ်တတ်တယ်ဆိုပေမယ့် သေချာထိန်းသိမ်းနေထိုင်တတ်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။
[embed-health-tool-bmr]