အသည်းဟာ ပတ်ဝန်းကျင်မှ မိမိခန္ဓာကိုယ်ထဲသို့ ရှူသွင်းသောလေ၊ စားသောက်သော အစာ၊ ကိုယ်တွင်းဇီဝရုပ်ပြောင်းလဲမှုမှ ထွက်ပေါ်လာသော အစရှိတဲ့ မမြင်နိုင်သော အဆိပ်အတောက်ပေါင်းများကို ချေဖျက်ပေးသည့် အရေးကြီးခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး အသည်းရဲ့ အဆိပ်အတောက်ချေဖျက်မှုကို အားပေးတဲ့ ဆေးဖက်ဝင်အပင် ၆မျိုးရှိပါတယ်။ အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။
အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ
အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ ကတော့
(၁) ဆူးပင်
ဆူးပင်ဟာ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ကျော်လောက်ကတည်းက အသည်းရဲ့အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးနိုင်တဲ့ ဆေးဖက်ဝင်ပင်အဖြစ် သိရှိခဲ့ကြပါတယ်။
အရက်သေစာလို အဆိပ်အတောက်များကို အသည်းမှ ဖယ်ရှားပေးနိုင်ရုံမက အသည်းရဲ့ ဆဲလ် ပြန်လည်တည်ဆောက်ခြင်းကိုပါ အားပေးပါတယ်။ ခုခံအားကိုလည်း အားကောင်းစေတဲ့အတွက် ရောဂါပိုးများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဒုဓလီပေါင်းပင်
တခါတရံ မြက်ခင်းပြင်တွေမှာ အလေ့ကျ ပေါက်လေ့ရှိတဲ့ အဝါရောင်ပန်းပွင့်နဲ့ ပေါင်းပင်လေးတွေဟာ ဒုဓလီပေါင်းပင်လေးတွေပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အဆီချေဖျက်တဲ့ လုပ်ငန်းစဉ်ကို ကူညီပေးရုံသာမက အမိုင်နိုအက်ဆစ် ထုတ်ပေးခြင်း၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ အသည်းရောင်ရောဂါကို သက်သာစေခြင်း အစရှိတဲ့ လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင် ပေးပါတယ်။
ဩစတြေးလျနိုင်ငံရဲ့ ဆေးဖက်ဝင်အပင် ဂျာနယ်တစ်ခုမှာ ဆိုရင် ဒုဓလီပင်ဟာ အစာမကြေသူတွေ၊ အသည်းရောင်အသားဝါရောဂါ ရှိသူတွေမှာပါ အကျိုးအာနိသင် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒုဓလီအရွက်ကို ဖြစ်စေ၊ ဖျော်ရည် ဖျော်သောက်ပြီး ဖြစ်စေ၊ လက်ဖက်ခြောက် ခတ်သောက်ပြီးဖြစ်စေ ကျန်းမာရေး အထောက်အကူပြု သောက်သုံးနိုင်ပါတယ်။
(၃) လက်ဖက်ရည်ကြမ်း
လက်ရှိ ကမ္ဘာပေါ်မှာ ကျန်းမာစေတဲ့ အစားအသောက်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ လက်ဖက်ရည်ကြမ်းဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတို့ကို ကာကွယ်နိုင်တဲ့အပြင် သူ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို ကောင်းမွန်စေပါတယ်။ အသည်းအဆီဖုံးခြင်းကို ထိရောက်စွာ ကုသနိုင်စွမ်း ရှိပါတယ်။ အပြင်မှာ အလွယ်တကူ ဝယ်ယူရနိုင်တဲ့ အသင့်သောက် လက်ဖက်ရည်ကြမ်းတွေထက် အိမ်မှာ ကိုယ်တိုင်နှပ်သောက်တဲ့လက်ဖက်ရည်ကြမ်းဟာ ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။
(၄) ကြက်သွန်ဖြူ
ဟင်းချက်ရာမှာပါလေ့ရှိပြီး လွယ်လင့်တကူ မီးဖိုချောင်မှာရရှိနိုင်တဲ့ ကြက်သွန်ဖြူဟာ ဆာဖာ၊ ဆီလီနီယမ်နဲ့ အခြားကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပါဝင်ခြင်းကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ ခုခံအားကောင်းမွန်စေပြီး ရာသီတုပ်ကွေးများကို ပါ ကောင်းမွန်စေခြင်းတို့အပြင် အသည်းရဲ့အဆိပ်အတောက်များကိုပါ သန့်ရှင်းဖယ်ရှားပေးပါတယ်။
(၅) နနွင်း
အိန္ဒိယအားအစာတွေမှာ အမြဲလိုလိုပါတတ်တဲ့ အဝါရောင်နနွင်းမှုန့်ကလည်း ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အိမ်တွင်းကုထုံးဖြစ်တဲ့အပြင် အသည်းရဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နေရာမှာလည်း နာမည်ကြီးဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။
ဒါတင်မကပဲ အသည်းရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုပါ အားပေးပြီး သည်းခြေရည်နဲ့ သည်းခြေအိတ်ကိုပါ အားကောင်းစေပါတယ်။
(၆) ပူဒီနာ
ခံတွင်းအနံ့ သင်းစေတယ်လို့ လူသိများတဲ့ ပူဒီနာရွက်ဟာ သည်းခြေရည် စီးဆင်းမှုကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို အားပေးတဲ့အတွက် အစာမကြေဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတဲ့အတွက် သည်းခြေအိတ် နဲ့ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းများကို လျော့ကျစေပါတယ်။
ဆေးဖက်ဝင်အပင်များဟာ အသည်းအတွက် အကျိုးရှိသည် ဆိုပေမယ့် နည်းမှန်လမ်းမှန် အကျိုးရှိရှိ အသုံးပြုတတ်ဖို့တော့ လိုပါတယ်။ ဒါကြောင့် မသုံးစွဲမီ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှုများကို ပြုလုပ်သင့်ပါတယ်။
[embed-health-tool-bmr]