သီချင်းတွေ အော်ဆိုရင် ဘေးကလူတွေ ဘယ်လို စနောက်ကြလဲ။ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်းထွက်မယ်နော်လို့ ပြောလေ့ရှိကြတယ်ဟုတ်။
ဒါပေမယ့် တကယ်တမ်း လိပ်ခေါင်းဖြစ်လာမလာ သေချာသိရဲ့လား။ ဘယ်လို လက္ခဏာမျိုးဆို လိပ်ခေါင်းဖြစ်နိုင်လဲ ၊ ဖြစ်လာရင် ဘာကို သတိထားရမလဲ ၊ မဖြစ်အောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲဆိုတာ သိထားသင့်တယ်နော် ။
လိပ်ခေါင်းဖြစ်တဲ့ လက္ခဏာတွေက –
- ဝမ်းသွားရင် မနာကျင်ဘဲသွေးထွက်တာ ၊
- စအိုတဝိုက်မှာ ယားတာ ၊ စပ်တာ ၊
- နာတာ ၊ နေရခက်တာ ၊
- စအိုတဝိုက် ရောင်ရမ်းလာတာ
- စအိုဝမှာ စူလာပြီး အထိမခံနိုင်တာ ( သွေးခဲပိတ်တဲ့ လိပ်ခေါင်းရောဂါဖြစ်နေနိုင်ပါတယ် )
လိပ်ခေါင်းပိုင်ရှင်တွေ သိထားသင့်တဲ့ အမျိုးအစားများ
- အတွင်းလိပ်ခေါင်း
စအို အတွင်းပိုင်းမှာ ဖြစ်တဲ့ လိပ်ခေါင်းရောဂါ အမျိုးအစားဖြစ်လို့ ပုံမှန် အားဖြင့် မမြင်ရ ၊ လက္ခဏာ သိပ်မခံစားရပါဘူး ။ နေရခက်တာ ၊ နာကျင်တာတွေ ဖြစ်ခဲပါတယ် ။ ဒါပေမယ့် ဝမ်းသွားတဲ့အခါ လိပ်ခေါင်းပိုင်ရှင်တွေ လိပ်ခေါင်း မျက်နှာပြင်ကို ပွန်းစေ ၊ ထိစေတာကြောင့် သွေးထွက် နိုင်ပါတယ်။
တစ်ခါ တလေကျ ဝမ်းသွားဖို့ အားစိုက်ရလွန်းတဲ့အခါ အတွင်းလိပ်ခေါင်းကို စအိုဝဆီ တွန်းပို့သလိုဖြစ်စေနိုင်ပါတယ် ။ လိပ်ခေါင်းထွက်လာတယ် ၊ ပိုဆိုးလာရင် လိပ်ခေါင်းပြန်မဝင်တော့တဲ့ ဒီအခြေအနေကို protruding သို့မဟုတ် prolapsed hemorrhoid လို့ခေါ်ပါတယ် ။ အဲဒီအခါကျ နာကျင်မှုနဲ့ ကျိန်းစပ်ခြင်းကို ခံစားရစေပါတယ် ။
- အပြင်လိပ်ခေါင်း
စအိုတဝိုက်က အရေပြားအောက်မှာရှိနေတာပါ။ အပြင်လိပ်ခေါင်းကြောင့် ယားယံတာ၊ သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
- သွေးခဲပိတ်လိပ်ခေါင်း
ဒီအမျိုးအစားမှာ တစ်ခါတလေသွေးတွေစုနေပြီး သွေးခဲဖြစ်ပေါ်စေတာကြောင့် လိပ်ခေါင်းပိုင်ရှင်တွေ ပြင်းထန်တဲ့နာကျင်မှု၊ ရောင်ရမ်းခြင်းကိုခံစားရပြီး စအိုဝမှာ ခပ်မာမာအဖုတစ်ခုဖြစ်စေနိုင်ပါတယ်။
လိပ်ခေါင်းဝေဒနာအတွက် ဘာတွေသိထားရမလဲ
- အမျှင်ဓာတ်ပိုစားပါ။
အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားတဲ့အပြင် လိုအပ်ရင်ဖြည့်စွက်အားဆေးတွေပါ သောက်သုံးလို့ရပါတယ်။ အမျှင်ဓာတ်ရဖို့က အုတ်ဂျုံ၊ ဂျုံကြမ်း၊ ဘယ်ရီသီးတွေ၊ သစ်တော်သီး၊ ဖရဲသီး၊ လိမ္မော်သီးတွေရယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ အာလူးလို ဟင်းသီးဟင်းရွက်တွေရယ်၊ အစေ့အဆန်တွေရယ် စားလို့ရပါတယ်။
- ရေများများသောက်ပါ။
ဝမ်းမှန်စေဖို့ ရေကပဲ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့ပြင် ဆီးသီးဖျော်ရည်(ဆိုးဆေးဖျော်ရည်မဟုတ်)၊ သင်္ဘောသီး စတဲ့သဘာဝအသီးအနှံတွေကိုလည်း အားကိုးနိုင်ပါတယ်။
- အလေးအပင်မ ရင် သတိထားပါ။
အလေးအပင်မရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။
- အောင့်မထားပါနဲ့။
အန္တရာယ်ကို မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေ အောင့်ထားရင် ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန် အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကို အားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင် အောင့်မထားပါနဲ့။
- ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။
ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ် ။
[embed-health-tool-bmr]