သည်းခြေအိတ် ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ကတော့ သည်းခြေရည်တွေကို သိုလှောင်ပေးဖို့နဲ့ ထုတ်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ အဆိုပါ သည်းခြေရည်များကို အသည်းကနေ ထုတ်လုပ်ပေးပြီး အဆီဓာတ်ကို ချေဖျက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။
ကိုလက်စထရောနဲ့ ဘီလီရူဘင်ဆိုတဲ့ အသည်းရဲ့ရောင်ခြယ်ဓာတ်တွေ များပြားလာရင် သည်းခြေအိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာပါတယ်။ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကတော့
– သည်းခြေကျောက်များကြောင့် ရုတ်တရက် (သို့မဟုတ်) နာတာရှည်ရောင်ရမ်းခြင်း
– သည်းခြေပြွန်ကျောက်တည်ခြင်း စတာတွေ ဖြစ်ပါတယ်။
အဆိုပါအခြေအနေတွေကြုံလာရတဲ့အခါ အတော်လေး ခံရခက်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရပါတယ်။ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားဖို့် လိုပါတယ်။
လူတယောက်ဟာ သည်းခြေအိတ်မရှိဘဲနဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။ သည်းခြေအိတ်မရှိရင် အသည်းကနေ ထွက်လာတဲ့ သည်းခြေရည်များဟာ အူထဲကို တိုက်ရိုက်ရောက်ရှိသွားပြီး အစာချေရာမှာ ကူညီနိုင်ပါသေးတယ်။ ဒါပေမယ့် သည်းခြေအိတ်မရှိခြင်းကြောင့် ဘေးထွက်ဆိုးကျိုးအချို့တော့ ကြုံနိုင်ပါတယ်။
သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံနိုင်သော ဘေးထွက်ဆိုးကျိုးများ
ခွဲစိတ်ကုသမှုမှန်သမျှမှာ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲပြဿနာတွေ ကြုံနိုင်ပါတယ်။ ခွဲစိတ်ထားသည့်နေရာမှ သွေးထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ဒါတွေဟာ ခွဲစိတ်ပြီး သိပ်မကြာခင်ကြုံနိုင်တာတွေပါ။
သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်း ကြုံနိုင်တဲ့ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဆီဓာတ်ကို ချေဖျက်ဖို့ ခက်ခဲခြင်း
သည်းခြေအိတ်မရှိတဲ့နောက်ပိုင်းမှာ အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသားကျအောင် ကိုယ်ခန္ဓာက ကြိုးစားရပါတယ်။ ဒီအတွက် အချိန်လိုပါတယ်။ ခွဲစိတ်ကုသမှုအတောအတွင်းမှာ သုံးစွဲနေတဲ့ ဆေးဝါးတွေကြောင့် အစာမကြေခြင်းလည်း ကြုံနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးဟာ သိပ်ပြီးမကြာနိုင်ပေမယ့် လူနာတချို့ကတော့ အချိန်ကြာကြာကြုံရပါတယ်။ သည်းခြေရည်များ တခြား အင်္ဂါအစိတ်အပိုင်းထဲ ရောက်သွားခြင်း၊ သည်းခြေပြွန်ထဲ သည်းခြေကျောက်ကျန်နေခြင်း စတာမျိုးတွေ ကြုံနိုင်ပါသေးတယ်။
ဝမ်းပျက်ခြင်း၊ လေထခြင်း
အစာမကြေခြင်းကြောင့် ဝမ်းပျက်ခြင်း ဒါမှမဟုတ် လေပွလေထခြင်းတွေ ကြုံနိုင်ပါတယ်။ အဆီဓာတ် ဒါမှမဟုတ် အမျှင်ဓာတ်ကို များများစားမိသွားရင် ဖြစ်တတ်ပါတယ်။ အဆီဓာတ်ကို ချေဖျက်ဖို့ အူထဲကို လုံလောက်တဲ့ သည်းခြေရည်တွေ မရောက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်း
သည်းခြေအိတ်ဖယ်ထုတ်ခြင်းဟာ ဝမ်းချုပ်နိုင်ခြေကိုတောင် လျော့ကျစေနိုင်ပေမယ့် မေ့ဆေးပေးခြင်းနဲ့ ခွဲစိတ်ကုသမှုတွေကြောင့် ဝမ်းချုပ်ခြင်းကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ခဏလောက်ပဲ ဖြစ်ပါတယ်။ ရေဓာတ်နည်းရင် ဝမ်းချုပ်တာ ပိုဆိုးပါတယ်။
အူလမ်းကြောင်း ထိခိုက်မိခြင်း
သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားရကနေ အူလမ်းကြောင်းကို ထိခိုက်မှုဖြစ်တာ ရှားပါတယ်။ ခွဲစိတ်မှုပြီးချိန်မှာ ဗိုက်အောင့်နေတတ်တာ ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါပေမယ့် ရက်အနည်းငယ်နေလို့မှာ မသက်သာရင်၊ ပိုပြီးဆိုးလာရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။
ဘယ်လို နေထိုင်သင့်သလဲ
သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် နေထိုင်စားသောက်ပုံအချို့ကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အဓိကအချက်ကတော့ အဆီဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ အစားကို နည်းနည်းချင်းစီနဲ့ ခွဲပြီးစားသုံးရပါမယ်။ တနပ်တည်းနဲ့ ဗိုက်တင်းသွားအောင် မစားသင့်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်အထိ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို နည်းနည်းချင်းစီပြန်စားပြီး အလေ့အကျင့်လုပ်ယူရပါမယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြမလဲ
ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကိစ္စအထွေအထူးမရှိရင် ဆရာဝန်ချိန်းဆိုတဲ့ ရက်တွေမှာ သွားရောက်ပြသရပါမယ်။ အောက်ပါအခြေအနေတွေကြုံရင်တော့ ဆရာဝန်ပြန်မချိန်းထားလည်း ပြန်လည်ပြသင့်ပါတယ်။
– ဗိုက်အောင့်ခြင်း၊ ယခင်ထက်ပိုဆိုးလာခြင်း
– ဆက်တိုက်ပျို့အန်နေခြင်း
– အသားဝါလာခြင်း၊ မျက်စိဝါလာခြင်း
– ခွဲစိတ်ပြီး ၃ရက်ကျော်သော်လည်း လေမလည်သေးခြင်း
– သုံးရက်ထက်ကျော်ပြီး ဝမ်းပျက်နေခြင်း
[embed-health-tool-bmr]