backup og meta

ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် (၅)ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် (၅)ချက်

    ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် လေးတွေကို မျှဝေပေးချင်ပါတယ်။

    ဝမ်းချုပ်ခြင်းအကြောင်း သိကောင်းစရာအချက် (၅)ချက်

    ဝမ်းချုပ်ခြင်း ဆိုသည်မှာ ခန္ဓါကိုယ်တွင်းရှိ အူများ၏ လှုပ်ရှားမှုသည် ရှိသင့်သည်ထက် နည်းပါးနေသောအခါ ကြုံတွေ့ရသော အခြေအနေ တစ်ခုဖြစ်ပါသည်။ လူတိုင်းလူတိုင်းသည် ဝမ်းချုပ်ခြင်းကို အနည်းဆုံးတော့ တစ်ကြိမ် ကြုံဖူးကြသော်လည်း လူတော်တော်များများသည် ဝမ်းချုပ်ခြင်းနှင့်ပတ်သတ်၍ များများစားစား မသိကြပါ။ ဝမ်းချုပ်ခြင်း နှင့်ပတ်သက်သော အခြားသူများ၏ ယုံတမ်းစကားများကို နားထောင်ပြီး သင့်စိတ်တွင် အမြင်ရှင်းသွားစေရန် အောက်ပါအချက် ( ၅) ချက်ကို လေ့လာကြည့်ပါ။

    (၁)နေ့စဉ်နေ့တိုင်းမဖြစ်မနေအူများလှုပ်ရှားမှုရှိရမည်ဟုမဆိုလိုပါ

    သင့်ခန္ဓါကိုယ်တွင်းရှိအူများ၏ လှုပ်ရှားမှုနှင့်ပတ်သတ်သောတိကျသည့်စည်းကမ်းမရှိပါ။ ထို့ပြင်လူတစ်ဦးနှင့် တစ်ဦး၏ အူများသည်လည်း လှုပ်ရှားမှုတူညီခြင်း မရှိပါ။ ဥပမာအားဖြင့် အချို့သူများသည်

    တစ်နေ့လျှင် ၃ကြိမ်ခန့် သန့်စင်ခန်းသို့ ဝင်၍ အလေးစွန့်ရသော်လည်း အများစုကမူ တစ်ပတ်လျှင် ၃ ကြိမ်ခန့်သာ အိမ်သာဝင်၍ အလေးစွန့်ရခြင်းမျိုး ရှိတတ်ပါသည်။ ယေဘုယျအားဖြင့် အများစုမှာတစ်နေ့လျှင် ၁ ကြိမ်ခန့် ဝမ်းသွားတတ်ပါသည်။ အဓိကအရေးကြီးသည်မှာ သင်ကိုယ်တိုင်ကမအီမသာ ( သို့မဟုတ် ) နေမကောင်းတစ်ခုခု မခံစားရပါက သင်၏ အူပိုင်းဆိုင်ရာ လှုပ်ရှားမှုသည် ကောင်းမွန်သည် ဟုဆိုနိုင်ပါသည်။ သို့သော် တစ်ပတ်လျှင် အူ၏ လှုပ်ရှားမှု ၃ ကြိမ်ထက်နည်းလျှင် (သို့မဟုတ်) တစ်ပတ်လျှင် ၃ ကြိမ်ထက်နည်း၍ ဝမ်းသွားလျှင်တော့ ဝမ်းချုပ်နေပြီ ဟုဆိုနိုင်ပါသည်။

    (၂) ဝမ်းချုပ်ခြင်းကသင့်ခန္ဓါကိုယ်အတွင်းတွင် အဆိပ်အတောက်များစုပုံနေပြီဟုမဆိုလိုပါ

    လူအများစုသည် သူတို့၏ခန္ဓါကိုယ်ထဲတွင် အစာဟောင်းများ ၊ ဝမ်းများကြာရှည်စွာတည်ရှိနေပါက အဆိပ်အတောက်များကိုထုတ်လွှတ်လိမ့်မည်ဟုယုံကြည်တတ်ကြသည်။ ထိုအချင်းအရာမှာယုံတမ်းစကား (သို့မဟုတ်) ပုံပြင်သက်သက်သာ ဖြစ်ပါသည်။ ထိုအဆိုကိုလေ့လာသောထောက်ခံမှု ပြုလုပ်ထားခြင်းမျိုးမရှိပါ။ ထို့ကြောင့်အူမကြီးကိုသန့်ရှင်းစေသောနည်းလမ်းများ ဝမ်းနှုတ်ဆေးသုံးခြင်း နှင့် ဝမ်းနှုတ်ဆေးစားခြင်းတို့သည် သင့်ကိုကင်ဆာရောဂါနှင့် အခြားသောအူလမ်းကြောင်းဆိုင်ရာရောဂါများမှ ကာကွယ်မည်ဟုမပြောနိုင်ပါ။

    (၃)စိတ်ဓါတ်ကျခြင်းသည်ဝမ်းချုပ်ခြင်းကိုဖြစ်စေသည်

    သင်၏စိတ်အခြေအနေသည် သင့်ခန္ဓါကိုယ်တွင်းရှိ အူမကြီးများ၏ လှုပ်ရှားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ အကယ်၍ သင်က ဝမ်းချုပ်တတ်သူဆိုလျှင် သင့်တွင် များပြားသော စိတ်ဖိစီးစရာ အခြေအနေများ ရှိနေသည်ဟု ဆိုနိုင်သည်။

    ထို့ကြောင့် ထိုဝမ်းချုပ်ခြင်းပြဿနာကို သက်သာစေရန် ဆေးဝါးများ သောက်သုံးခြင်း (သို့မဟုတ်) အခြားသော စိတ်ဖြေလျှော့ခြင်း နည်းလမ်းများကို ပြုလုပ်သင့် ပါသည်။ အသုံးဝင်သော နည်းတစ်နည်းမှာ အူများ၏ပတ်လည်တွင် အူလှုပ်ရှားမှုကို ဖြစ်စေသော ကြွက်သားများကို ပြေလျော့စေရန် ဝမ်းဗိုက်ရှိ ကြွက်သားများကိုနှိပ်နယ်ပေးခြင်းနည်းလမ်းဖြစ်ပါသည်။

    (၄)အချို့သောဆေးဝါးများသည် ဝမ်းချုပ်ခြင်းကိုဖြစ်စေတတ်သည်

    အချို့သောဆေးဝါးများ ဥပမာ – အနာသက်သာစေသော ဆေးများ ၊ စိတ်ဓါတ်ကျရောဂါကို ကုသသောဆေးများ ၊ သွေးတိုးရောဂါကို ကုသသောဆေးများသည် ဝမ်းချုပ်ခြင်းပြဿနာကို ကြာရှည်စွာ ခံစားရစေတတ်သည်။ သင်သည် ဆေးဝါးတစ်ခုခုကို သုံးစွဲနေစဉ် ဝမ်းချုပ်ခြင်း ခံစားရပါက သင်၏ဆရာဝန်ကို ပြောပြရန် လိုအပ်ပါသည်။ ထိုမှသာ ဝမ်းချုပ်ခြင်းကို ကြီးကြီးမားမား မဖြစ်စေသော အခြားဆေးတစ်မျိုးမျိုးကို သင်၏ဆရာဝန်က ပြောင်းလဲ၍ ညွှန်ကြားမည် ဖြစ်ပါသည်။

    (၅)ရေများများသောက်ခြင်းကဝမ်းချုပ်ခြင်းကိုသက်သာစေသည်

    သင့်ခန္ဓါကိုယ်က ရေဓါတ်ပြည့်ဝနေသောအခါ သင်၏ဝမ်းများ ၊ အစာဟောင်းများသည် နူးညံ့ပြီး သင်၏ အူအတွင်း မှတစ်ဆင့် အပြင်သို့ လွယ်ကူစွာ ထွက်နိုင်သည်။ ရေရိုးရိုးကိုသာ သောက်သုံးရငြီးငွေ့လာပါက သင့်အနေဖြင့် ရေဓါတ် ပြည့်ဝစွာ ရရှိရန် ရေဓါတ်ကြွယ်ဝသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကိုလည်း စားပေးနိုင်သည်။ သို့သော် ရေဓါတ်ကို ခမ်းခြောက်စေသော ကဖင်းနှင့် အရက်များ သောက်သုံးခြင်းကိုတော့ ရှောင်ကြဉ်သင့် ပါသည်။ မနက်အိပ်ရထချိန်တွင် နွားနို့ပူပူ တစ်ခွက်သောက်သုံးခြင်း ကဲ့သို့ပြုလုပ်ခြင်းများကလည်း သင့်ကိုဝမ်းသွားရာတွင် ကူညီပေးနိုင်ပါသည်။

    ရေများများသောက်ခြင်းနှင့် အမျှင်ဓါတ်များများ ပါသောအစားအစာများကို စားသုံးခြင်းက ဝမ်းချုပ်ခြင်းက သက်သာစေပါသည်။ သို့သော်လည်း ဝမ်းချုပ်ခြင်းသည် ကြာရှည်စွာ ဖြစ်ပွားနေပါက သင့်အနေဖြင့် ကုသမှုခံယူရန် ဆရာဝန်နှင့် တိုင်ပင်ပြသသင့်ပါသည်။ သင့်ဘာသာ ဝမ်းနှုတ်ဆေးများ သောက်သုံးခြင်း မပြုလုပ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဝမ်းနှုတ်ဆေးများကို လိုအပ်သည် ထက်ပိုမိုသုံးစွဲပါက ဝမ်းချုပ်ခြင်း အခြေအနေကို ပိုမိုဆိုးရွားစေတတ်သောကြောင့် ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement