brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အိမ်မှာ အစာကြေဆေး အနေနဲ့ ဆောင်ထားသင့်တဲ့ ဆေးဝါးများ

အစာမကြေတာက လူတော်တော်များများမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာပါ။ မဖြစ်ဖူးတဲ့သူကတော့ ခပ်ရှားရှားပေါ့။ နောက်တစ်ခုကတော့ အစာမကြေတာက ကလေးလူကြီးမရွေး ဖြစ်နိုင်တာပါပဲ။ ဒီတော့ ဘယ်အချိန်မှာ ဖြစ်လာမလဲလို့ မှန်းမရတဲ့ ကျန်းမာရေးပြဿနာဆိုလည်း မမှားဘူးပေါ့။ ဒီတော့ အချိန်မရွေးဖြစ်လာနိုင်ခြေရှိနေတဲ့ အစာမကြေမှုကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲ။ အဖြေကတော့ ရှင်းပါတယ်။ ဒါကတော့ အိမ်မှာ အစာကြေဆေး ဆောင်ထားတာပါ။

အိမ်မှာ အစာကြေဆေး အနေနဲ့ ဆောင်ထားသင့်တဲ့ ဆေးဝါးများ

အစာကြေဆေး ဆိုတာ ဘာလဲ

အစာကြေဆေး ဆိုတာက အစာမကြေတာ၊ ရင်ပူတာတွေကို သက်သာစေဖို့ အသုံးပြုကြတဲ့ ဆေးပါ။ အများစုက OTC အမျိုးအစား ဆရာဝန်ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေ ဖြစ်ပါတယ်။ အစာကြေ ရင်ချောင်ဖို့အတွက် အသုံးပြုပေးရတဲ့ ဆေးမျိုးပါ။ အစာကြေဆေးတွေဆိုတာက အမြဲသောက်နေရတာမျိုးတော့ မဟုတ်ပါဘူး။ အစားများသွားချိန်မျိုး၊ အစာမကြေဘူးလို့ ခံစားရနေချိန်မျိုးနဲ့ ရင်ပူနေချိန်တွေမှာ အစာကြေရင်ချောင်စေဖို့နဲ့ လေပွနေတာ၊ အစပ်တွေအစားများတာကြောင့် အစာအိမ်နာနေတာကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။

အစာမကြေဖြစ်ခဲ့ရင် ဘာဆေးတွေ သောက်လို့ ရမလဲ

အစာမကြေတာ၊ ရင်ပူတာတွေဖြစ်လာခဲ့ရင် သောက်စရာအနေနဲ့ ဆောင်ထားသင့်တဲ့ ဆေးတွေက

Antacids (အစာအိမ်အက်စစ်ပြယ်ဆေး)

Antacids က ရင်ပူတာ၊ အစာမကြေတာတွေကို သက်သာစေနိုင်ပါတယ်။ ရင်ပူတာကို ဖြစ်စေနိုင်တဲ့ အစာခြေအက်ဆစ်ကို ဓာတ်ပြယ်စေပါတယ်။ ပုံမှန်အတိုင်း ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ Antacids ဆေးတွေမှာ

  • Aluminium hydroxide
  • Magnesium hydroxide တို့ပါဝင်နေပါတယ်။

Histamine-2 (H2) blockers

H2 blockersကလည်း အစာအိမ်က အက်ဆစ် ထုတ်လုပ်မှုကို လျှော့ချပေးပြီး ရင်ပူတာကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဆေးသောက်ပြီး ၁ နာရီကနေ ၃ နာရီအတွင်းမှာ ဆေးအာနိသင်ကို စရမှာပါ။ ဒီဆေးတွေက အစာခြေအက်ဆစ် ထွက်ရှိမှုကို နာရီပေါင်း အတော်ကြာ ချိန်ညှိပေးမှာပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အစာခြေအက်ဆစ် ထွက်ရှိမှုကို လျှော့ချပေးတဲ့ ဆေးတွေက အခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်တဲ့အချက်ပါ။ ဒါကြောင့် H2 blockersကို မသောက်ခင်မှာ ဆေးညွှန်းကို သေချာလေး ဖတ်ဖို့ လိုပါမယ်။

များသောအားဖြင့် OTC H2-blockers တွေမှာ

  • Cimetidine
  • Famotidine
  • Nizatidine တို့ ပါဝင်ပါတယ်။

Proton pump inhibitors (PPIs)

PPIs တွေကို မကြာခဏ ရင်ပူတာတွေကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ မကြာခဏဆိုတာက တစ်ပတ်ကို ၂ ရက် ဒါမှမဟုတ် ၂ ရက်ထပ်ပိုတာမျိုးပါ။ ရင်ပူတာကို ချက်ချင်းသက်သာစေတာမျိုးတော့ မဟုတ်ပါဘူး။ ဆေးအာနိသင်ကို ပြည့်ပြည့်ဝဝ ရရှိစေဖို့အတွက် ၁ ရက် ကနေ ၄ ရက်လောက်အထိ စောင့်ရနိုင်ပါတယ်။

ဒီဆေးကို အစာခြေရည်ပြန်ဆန်တက်တာလိုမျိုး အစာခြေစနစ် ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့အတွက်လည်း အသုံးပြုကြပါတယ်။ PPIs ကလည်း အစာခြေအက်ဆစ် ထွက်ရှိမှုကို လျှော့ချပေးတဲ့ ဆေးဖြစ်တာကြောင့် အခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်ခြေရှိပါတယ်။ ဒါကြောင့် မသောက်ခင်မှာ ဆေးညွှန်းကို သေချာလေး ဖတ်ဖို့ လိုပါမယ်။ ဆရာဝန်ညွှန်ကြားချက် မရှိဘူးဆိုရင် PPIsကို တစ်ခါသောက်ရင် အကြာဆုံး ၁၄ ရက်နဲ့ တစ်နှစ်ကို ၃ ကြိမ်ပဲ သောက်သင့်ပါတယ်။

PPIs အမျိုးအစားတွေက

  • Lansoprazole
  • Esomeprazole
  • Omeprazole တို့ ဖြစ်ပါတယ်။

လေဆေး 

လေပွတာက အစာအိမ်နာတာ၊ ရင်ပူတာနဲ့ တွဲဖြစ်တတ်ပါတယ်။ ‌ဆေးအမျိုးအစားတွေ အများကြီး ရှိပေမယ့် အသုံးများတာက Simethiconeပဲ ဖြစ်ပါတယ်။ ဆေးသောက်ပြီး နာရီဝက်လောက်နေရင် အာနိသင်ပါပါတယ်။ အစာအိမ်အက်စစ်ပြယ်ဆေးတွေနဲ့ တွဲပြီးသောက်နိုင်ပါတယ်။

အစာကြေဆေးတွေကို ဘေးကင်းစေဖို့ ဘယ်လို သုံးမလဲ

အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို အစာမကြေရင် သောက်ဖို့ဆိုပြီး အိမ်မှာဆောင်ထားတာတော့ ဟုတ်ပါပြီ။ ထိခိုက်မှုမရှိဘဲ ဘေးကင်းအောင် ဘယ်လို သောက်ရမလဲဆိုတာကို မသိဘူးဆိုရင်တော့ အတူတူဖတ်ကြည့်လိုက်ရအောင်နော်။

  • ဆေးမသောက်ခင်မှာ ဆေးညွှန်းကို သေချာ ဖတ်ပါ
  • ဆေးကို ညွှန်ကြားတဲ့ ပမာဏထက် ပိုမသောက်ပါနဲ့
  • ဆေးကို ဆေးပတ်လည်အောင် သောက်ပါ
  • ဆေးကို သတ်မှတ်တဲ့ အချိန်အတိုင်းအတာထက် ပိုမသောက်ပါနဲ့
  • အစာကြေဆေးသောက်တဲ့အခါ တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်တာကို သတိပြုပါ။

ဒီဆေးတွေကို သောက်နေပေမယ့် ရင်ပူတာ အစာမကြေတာတွေက သက်သာသွားတာမျိုး မရှိဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပြုပါရစေ။ များသော အားဖြင့်ကတော့ အစာကြေဆေးတွေက ဆေးသောက်ပြီး သိပ်မကြာခင်မှာ သက်သာသွားတာများပါတယ်။ ဒီဆေးတွေက အစာအိမ်ပြဿနာကြောင့် ရင်ပူတာကို သက်သာစေဖို့ အသုံးပြုတာနိုင်သလိုအစာမကြေတာကို သက်သာစေဖို့လည်း သုံးနိုင်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။