brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဘယ်အချိန်မှာစစ်ဆေးရမလဲ

ဆီးချိုရောဂါစစ်ဆေးခြင်း- Autoantibodies စစ်ဆေးခြင်း အမေးအဖြေများ

ဆီးချိုနဲ့ဆက်စပ်တဲ့ autoantibodies စစ်ဆေးနည်းတွေထဲကအသုံးများတဲ့စစ်ဆေးနည်း ၄မျိုးကတော့ အောက်ပါအတိုင်း ပါဝင်ပါတယ်။

  • Islet Cell Cytoplasmic Autoantibodies စစ်ဆေးနည်း (ICA)
  • Glutamic Acid Decarboxylase Autoantibodies စစ်ဆေးနည်း (GADA)
  • Insulinoma-Associated-2 Autoantibodies စစ်ဆေးနည်း (IA-2A)
  • Insulin Autoantibodies စစ်ဆေးနည်း (IAA)
  • ဆီးချိုရောဂါအားလုံးရဲ့ ၅ရာခိုင်နှုန်းဟာအမျိုးအစား (၁) ဆီးချိုဖြစ်ပြီးအများစုဟာအသက် ၂၀ အောက် အရွယ်တွေမှာတွေ့ရတတ်ပါတယ်။ ဆီးချိုရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးမကြာခဏသွားခြင်း၊ ရေငတ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အနာကျက်နှေးခြင်းစတာတွေဟာအမျိုးအစား (၁) ဆီးချိုရဲ့ ဘီတာဆဲလ်တွေ ၈၀ မှ ၉၀ ရာခိုင်နှုန်းပျက်စီးကာအင်ဆူလင်ကိုဆက်မထုတ်နိုင်တော့တဲ့အခါ ဖြစ်လာပါတယ်။ ကိုယ်ခန္ဓါဟာနေ့စဉ် အင်ဆူလင်ကိုလိုအပ်ပါတယ်။ အဲဒါမှ ဂလူးကို့စ်ဟာ ဆဲလ်တွေထဲဝင်ရောက်ပြီးစွမ်းအင်ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အင်ဆူလင် မလုံလောက်ရင် ဆဲလ်တွေဟာစွမ်းအင်မရတော့ဘဲသွေးထဲမှာသကြားဓါတ်တက်လာပါလိမ့်မယ်။ ရုတ်တရက် သကြားဓါတ်မြင့်တက်ခြင်းဟာအရေးပေါ်ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပြီးကာလတာရှည် သကြားဓါတ်မြင့်တက်မယ်ဆိုရင်တော့ သွေးကြောတွေနဲ့ ကျောက်ကပ်လိုမျိုးကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနိုင်ပါတယ်။

    စစ်ဆေးရန် နမူနာပစ္စည်းဘယ်လိုယူမလဲ

    သွေးနမူနာကိုလက်မောင်းရဲ့ သွေးပြန်ကြောကနေအပ်နဲ့စုပ်ယူပါမယ်။

    နမူနာပစ္စည်းအရည်အသွေးစိတ်ချရအောင် ပြင်ဆင်မှုတွေ လိုသေးလား

    ပြင်ဆင်မှုများမလိုအပ်ပါ။

    ၎င်းစမ်းသပ်ချက်များဟာ ဆီးချိုရောဂါကိုအတည်ပြုနိုင်သလား

    မပြုနိုင်ပါ ။ ဆီးချို အမျိုးအစား (၁) ရောတခြားအမျိုးအစားတွေကိုပါ သွေးတွင်းသကြားဓါတ်နဲ့ A1c စစ်ဆေးတဲ့နည်းများသုံး၍ရောဂါအတည်ပြုခြင်း၊စောင့်ကြည့်ခြင်းတို့လုပ်ရပါတယ်။ အလိုအလျောက်ခုခံပစ္စည်းAutoantibodies စစ်ဆေးမှုဟာဆီးချိုဖြစ်မှန်းသိပြီးသောအခါမှအမျိုးအစား (၁)နဲ့(၂)ကိုခွဲဖို့ သုံးတာပါ။

    Autoantibodies ICA၊ GADA၊ IA-2A တွေဟာ ဘီတာဆဲလ်တွေကိုဖျက်ဆီးသလား

    သူတို့ဟာဘီတာဆဲလ်ပျက်စီးမှုတွေနဲ့ ဆက်စပ်နေပြီးမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုရောဂါဖြစ်ပျက်မှုတွေကိုဖော်ပြနေပါတယ်။ ဒါပေမယ့် သူတို့ကြောင့်ထိခိုက်ပျက်စီးမှု ဖြစ်စေတယ်လို့ မယူဆပါဘူး။

    ဘီတာဆဲလ်ပျက်စီးတာကို ကြိုသိရင် ကာကွယ်နိုင်သလား

    အခုတော့ မရပါဘူး။ သူဟာမကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းစတဲ့ လက္ခဏာတွေပေါ်လာတာနဲ့ ဆီးချိုဖြစ်နေတယ်လို့ညွှန်ပြပေးတာ ဖြစ်ပါတယ်။ ဒီလိုသိခြင်းအားဖြင့်ဆီးချိုရဲ့ ဂလူးကို့စ်ဓါတ်ကိုထိန်းပေးနိုင်ပြီးကျောက်ကပ်နဲ့ မျက်စိပြသနာတွေလိုမျိုးနောက်ဆက်တွဲပြသနာတွေ မဖြစ်အောင်လျှော့ချနိုင်ပါတယ်။

    တခြားသိသင့်တာရှိသေးလား

    GADA နဲ့IA-2A စစ်ဆေးမှုတွေဟာအလိုအလျောက်စက်သုံးစစ်ဆေးခြင်း ဖြစ်တာမို့ ICA စစ်ဆေးမှုထက် ပိုပြီးလွယ်ကူပါတယ်။ ICA ကတော့ လုပ်အားသုံးရပြီးမှတ်တမ်းကို ပြန်ဖတ်ပြမယ့် ကျွမ်းကျင်သူတွေ လိုပါတယ်။

    Islet autoantibodies ကိုမိမိခန္ဓါကိုယ်ကဆဲလ်များကို ပြန်တိုက်တဲ့ကိုယ်ခံအားစနစ်ချို့ယွင်းမှုဟော်မုန်းဆိုင်ရာရောဂါများဖြစ်တဲ့Hashimoto thyroiditis ဒါမှမဟုတ် autoimmune Addison disease ဝေဒနာရှင်တွေမှာပါ တွေ့နိုင်ပါတယ်။

    ဆီးချိုမရှိသူတွေကို Islet autoantibodiesစစ်ဆေးမှုကိုသုတေသနအတွက်ပဲထောက်ခံပါတယ်။ သုတေသနပိုင်းမှာ Islet autoantibodiesစစ်ဆေးခြင်းများဟာ မိသားစုဝင်တွေထဲမှာ အမျီုးအစား (၁) ဆီးချိုရောဂါရှိသူတွေ အလားတူရောဂါဖြစ်လာနိုင်ခြေကိုခန့်မှန်းနိုင်ဖို့ အသုံးပြုပါတယ်။ ဥပမာဆီးချိုမရှိသူရဲ့ သွေးထဲမှာIslet autoantibodies ဟာတွေများများတွေ့နေပြီဆိုရင် နောက်ပိုင်းမှာအမျိုးအစား (၁) ဆီးချိုဖြစ်လာဖို့ အခွင့်အလမ်းများပါတယ်။

    Islet autoantibodiesတစ်ခုဒါမှမဟုတ် ပိုများစွာရှိနေတဲ့ဆီးချိုရောဂါမရှိသူဟာသွေးထဲကိုဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာ နှေးမယ်ဆိုရင်လည်းအမျိုးအစား (၁) ဆီးချိုဖြစ်နိုင်ခြေပိုမြင့်နိုင်ပါတယ်။ ပိုပြီးတိကျအောင်ပြောရရင် ဆွေမျိုးအရင်းထဲမှာဆီးချိုဖြစ်ပြီး ICA ရှိရင် သွေးထဲဂလူးကို့စ်သွင်းချိန်မှာအင်ဆူလင်တုံ့ပြန်တာလည်း နှေးမယ်ဆိုရင်ငါးနှစ်အတွင်းအမျိုးအစား (၁) ဆီးချိုဖြစ်လာနိုင်ခြေဟာ ၅၀ ရာခိုင်နှုန်းထက် ပိုများပါတယ်။

    လတ်တလောမှာအမျိုးအစား (၁) ဆီးချိုရောဂါကိုကာကွယ်ဖို့ ထိရောက်တဲ့ကုထုံးတွေ မရှိသေးလို့ လူအများကိုIslet autoantibodiesဆန်ကာတင်စစ်ဆေးခြင်းဒါမှမဟုတ် အမျိုးအစား (၁)ဆီးချိုရောဂါသည်ရဲ့ ဆွေမျိုးရင်းချာများကိုစစ်ဆေးခြင်းတွေကိုယေဘုယျအားဖြင့် သုတေသနလုပ်ငန်းတွေအတွက်ကလွဲရင် ပြုလုပ်ဖို့မထောက်ခံပါဘူး။

    အင်ဆူလင်ဆေးထိုးပြီးကုသနေရသူများဟာ ပြင်ပကလာတဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ ခုခံပစ္စည်း Autoantibodies ဖြစ်ပေါ်မှု စတင်လာတတ်ပါတယ်။ IAA စစ်ဆေးနည်းဟာ ၎င်း Autoantibodies တွေနဲ့ ကိုယ်တွင်းကထုတ်တဲ့ အင်ဆူလင်ကိုဆန့်ကျင်တဲ့ autoantibodies တွေကိုခွဲခြားမပေးနိုင်ပါဘူး။ ဒါကြောင့် ဒီစစ်ဆေးမှုဟာအင်ဆူလင်ဆေးထိုးပြီးကုသရဖူးရင် အကျူံးမဝင်ပါဘူး။ ဥပမာတစ်စုံတစ်ယောက်ဟာအမျိုးအစား (၂) ဆီးချိုရှိတယ်ယူဆပြီးအင်ဆူလင်ဆေးထိုးကုသထားခဲ့ရင် သူဟာအမျိုးအစား (၁) ဖြစ်သလားမဖြစ်သလားဆုံးဖြတ်ဖို့အတွက် ဒီစစ်ဆေးမှုကိုသုံးလို့မရပါဘူး။

    Dr. Thant Zin
    Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။