brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများ - အစွန်အဖျား သွေးလွှတ်ကြောများထိခိုက်ခြင်း

ဆီးချို၏ နောက်ဆက်တွဲပြဿနာ

ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများ - အစွန်အဖျား သွေးလွှတ်ကြောများထိခိုက်ခြင်း

PAD ဖြစ်စေတဲ့အကြောင်းတွေက ဘာတွေလဲ

PAD ဖြစ်နေသူတွေမှာ သွေးကြောထဲမှာ အဆီတွေ များလာပြီး သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို လျော့နည်းသွားစေပါတယ်။ ဒီလိုကျဉ်းမြောင်းတဲ့ အခြေအနေပေါ်မူတည်ပြီး လမ်းလျှောက်တဲ့အါ ခြေထောက်တွေ နာလာတာ၊ ထုံတာကျင်တာ၊ ငြိမ်နေစဉ်မှာ အေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ပိုပြီးဆိုးတဲ့အခြေအနေကတော့ PAD ရှိနေသူအချို့မှာ လက္ခဏာမပြတတ်တာပါပဲ။ ဒါကြောင့် လက္ခဏာတစုံတရာ ကြိုမမြင်နိုင်ဘဲ နှလုံးထိခိုက်တာမျိုး၊ လေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။

PAD ဖြစ်နေတယ်လို့ သိရပြီးရင် နှလုံးရောဂါနဲ့ လေဖြတ်ဖို့ ဖြစ်နိုင်ခြေ သိသိသာသာ များလာနိုင်ပါတယ်။ အမေရိကန်ဆေးပညာအဖွဲ့ရဲ့ ဂျာနယ်မှာ PAD ဆိုတာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေရဲ့ရှေ့ပြေးပဲလို့ ဖော်ပြထားပါတယ်။

PAD ဖြစ်စေနိုင်သော အချက်များ

ဆီးချိုဟာ PAD ဖြစ်နိုင်ခြေကို သုံးဆခန့် မြင့်တက်စေနိုင်ပါတယ်။ PAD ရှိနေသူများဟာ သူတို့အခြေအနေဟာ သိပ်ပြီးမထူးခြားလို့ သတိမပြုမိတတ်ပါဘူး။ သင်ဟာ အောက်ပါ အခြေအနေတွေထဲက တခုခုကို ကြုံရပြီဆိုရင် သင်ဟာ PAD ဖြစ်နိုင်ခြေများနေပါပြီ။

  • မိသားစု နှလုံးရောဂါ ရာဇဝင်ရှိခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • သွေးတိုးခြင်း
  • ကိုလက်စထရောများခြင်း
  • အဝလွန်ခြင်း
  • အသက် ၄၀ကျော်ခြင်း
  • ယခင်နှလုံးရောဂါဖြစ်ဖူးခြင်း၊ လေဖြတ်ဖူးခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း

သင်ဟာ ဆီးချိုဖြစ်နေပြီဆိုရင် PAD ရောဂါလည်း ဖြစ်နိုင်ခြေရှိပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့သွေးကြောတွေကို အထူးဂရုစိုက်ရင် ဒီပြသနာတွေ မဖြစ်အောင် ကာကွယ်လို့ရပါတယ်။

PAD ရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ

ကံမကောင်းစွာပဲ လူအများမှာ PAD လက္ခဏာတွေ မပြတတ်ပါဘူး။ လက္ခဏာတွေကတော့-

  • လမ်းလျှောက်တဲ့အခါ၊ လှေကားတက်တဲ့အခါ ခြေသလုံးကြွက်သားများ ကြွက်တက်ခြင်း
  • ခြေထောက်အောက်ပိုင်း ထုံခြင်း၊ အေးခြင်း
  • ခြေထောက်များ ဖြူဖျော့ပြာနှမ်းခြင်း
  • ခြေထောက်အမွေးများ ကျွတ်ခြင်း
  • အနာကျက်နှေးခြင်း

    ဆရာဝန်များဟာ PAD ရောဂါကို ဘယ်လို အတည်ပြုသလဲ

    ABI လို့ခေါ်တဲ့ ခြေချင်းဝတ်နဲ့ လက်မောင်းမှာ သွေးပေါင်ချိန်ယှဉ်တိုင်းကြည့်နဲ့နည်းကို သုံးပါတယ်။ တကယ်လို့ ခြေချင်းဝတ်က သွေးပေါင်ချိန်ဟာ လက်မောင်းက သွေးပေါင်ချိန်ထက်နာ်းနေပြီဆိုရင် PAD ဖြစ်နေပြီလို့ သတ်မှတ်ပါတယ်။ အသက် ၅၀အောက် ဆီးချိုရှိသူများမျာ ဖြစ်နိုင်ခြေတွေရှိရင် ဒီနည်းနဲ့ စမ်းသပ်တာ အကျိုးရှိပါတယ်။

    PAD ကို အတည်ပြုနိုင်ဖို့ တခြားနည်းတွေလည်း သုံးနိုင်ပါသေးတယ်။

  • Ultrasound ရိုက်ခြင်း။ အသံလှိုင်းသုံးတဲ့ ဒီစနစ်မှာ သွေးကြောတွေရဲ့ ပုံရိပ်တွေကို မြင်နိုင်ပါတယ်။
  • MRI ရိုက်ခြင်း။ အထူးပုံရိပ်ဖော်တဲ့စနစ်ကို သုံးပြီး သေါးကြောတွေထဲမှာ ပိတ်ဆို့နေတာတွေကို တွေ့မြင်နိုင်ပါတယ်။

ဆီးချိုအတွက် PAD ကို ဘယ်လိုကုမလဲ

PAD ရှိတဲ့သူတွေမှာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေရှိတာမို့ အထူးဂရုစိုက် ကုသဖို့ လိုပါတယ်။ အောက်ပါအချက်တွေကို ကျင့်သုံးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ပါ။ သင့်ကျန်းမာရေးကို ကုသပေးနေသူများက ကူညီနိုင်ပါတယ်။
  • A1C ကို ၇ရာခိုင်နှုန်းအောက် ကျအောင် ကြိုးစားပါ။ A1C စစ်ဆေးခြင်းဟာ သင့်ရဲ့သွေးထဲက ဂလူးကို့စ်မှာ ၂လ၃လအတွင်း ပျမ်းမျှဘယ်လောက်ရှိလဲ တိုင်းတာပေးပါတယ်။
  • သင့်သွေးပေါင်ချိန်ကို ၁၄၀/၈၀ အောက် ရောက်အောင်လုပ်ပါ။
  • LDL ကိုလက်စထရောကို ၁၀၀ ယူနစ်အောက် ရောက်အောင်လုပ်ပါ။
  • သင့်ကိုကုသနေသူများနဲ့ Asprin ကဲ့သို့သော ဆေးများအကြောင်း ဆွေးနွေးပါ။ ဒီဆေးတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။

လေ့လာချက်တွေအရ လမ်းလျှောက်ခြင်းကဲ့သို့ လေ့ကျင့်ခန်းတွေဟာ PAD ရောဂါကို ကာကွယ်ကုသနိုင်ပါတယ်။ ဆေးဝါးများနဲ့လည်း ဝေဒနာတေါကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။

တခါတရံ ခွဲစိတ်ကုသနည်းကို သုံးပါတယ်။

  • Angioplastyနည်း။ ဘောလုံးတပ်ထားတဲ့ ပြွန်ချောင်းလေးကို သွေးကြောထဲထည့်သွင်းပြီး ချဲ့ပေးခြင်းအားဖြင့် ကျဉ်းနေတဲ့ သွေးကြောတွေကို ကျယ်လာစေပါတယ်။ stent လို့ ခေါ်တဲ့ ဝါယာကြိုးပြွန်လေးကို အသုံးပြုပါတယ်။
  • Artery bypass graft နည်း။ ဒီနည်းမှာ သွေးကြောကို ခန္ဓါကိုယ်ရဲ့ တခြားနေရာကယူပြီး ပိတ်နေတဲ့ သွေးကြောကို အစားထိုးကုသတဲ့နည်းကို သုံးပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/11/2021 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။