ဆီးချို ဆိုတာဘာလဲ
ဆီးချို ဆိုတာ သင့်ခန္ဓာကိုယ်မှာ အင်ဆူလင်ဓာတ် မထုတ်နိုင်တော့ခြင်း၊ အင်ဆူလင်အထွက်နည်းခြင်း ဒါမှမဟုတ် အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တော့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ ဇီဝဖြစ်ပျက်မှုရောဂါတစ်ခုကို ဆိုလိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်က ဆဲလ်တိုင်းဟာ သကြား (ဂလူးကို့စ်) ကို စွမ်းအင်အတွက် လိုအပ်ပါတယ်။ အင်ဆူလင်ဟာ သကြားဓာတ်ကို ဖြိုခွဲဖို့နဲ့ ဆဲလ်တွေဆီကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်ပါတယ်။
သင့်မှာ အင်ဆူလင်အလုံအလောက်မရှိရင် သွေးတွင်းသကြားဓာတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီး ဆိုးကျိုးသက်ရောက်ပါတယ်။
အမြင်ဝေဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲက မှန်ဘီလူးထဲကို အရည်တွေ စိမ့်ဝင်လာလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအခါ မှန်ဘီလူးရောင်လာပြီး ပုံစံပြောင်းလာပါတယ်။ မျက်လုံးဟာ ပုံရိပ်တွေကို စူးစိုက်ရခက်လာပြီး မသဲမကွဲမြင်လာရပါတယ်။
အင်ဆူလင်ကုသမှုကို စတင်ခံယူချိန်မှာလည်း အမြင်အာရုံဝါးတတ်ပါတယ်။ အဲ့ဒါဟာ အရည်ဓာတ်တွေ ပြောင်းလဲသွားလို့ဖြစ်ပြီး များသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြန်ကောင်းသွားတတ်ပါတယ်။ လူအတော်များများမှာတော့ သွေးတွင်းသကြားဓာတ် တည်ငြိမ်လာရင် အမြင်လည်း ပြန်ကောင်းလာတတ်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း ဘယ်လိုဖြစ်သလဲ။
ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာများ- အမြင်အာရုံဝေဝါးခြင်း အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ Diabetic Retinopathy ဆိုတဲ့အသုံးအနှုန်းဟာ ဆီးချိုကြောင့် မျက်စိအမြင်လွှာ ပျက်စီးလာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အချို့ပြဿနာတွေမှာ အမြင်လွှာတဝိုက်ရောင်ရမ်းခြင်း (macular edema) နဲ့ မျက်စိအမြင်လွှာ လျင်မြန်စွာ ပျက်စီးလာခြင်း (proliferative retinopathy) စတဲ့အခြေအနေတွေ ပါဝင်ပါတယ်။
Macular edema ကတော့ macula လို့ခေါ်တဲ့ မျက်လုံးအိမ်အလွှာထဲမှာ အရည်တွေစုဝင်လာပြီး ရောင်ရမ်းခြင်းဖြစ်ပါတယ်။ Macula ဟာ အမြင်လွှာရဲ့ အမြင်အာရုံတွေကို ပြတ်သားအောင် စုစည်းပေးတဲ့အပိုင်း ဖြစ်ပါတယ်။ Macular edema ရဲ့ တခြားလက္ခဏာကတော့ အမြင်အာရုံတွေ လှိုင်းထလာခြင်းနဲ့ အရောင်တွေပြောင်းမြင်ခြင်းပဲ ဖြစ်ပါတယ်။
Proliferative retinopathy ကတော့ သွေးကြောတွေပေါက်ပြီး မျက်စိအတွင်းပိုင်းကို စိမ့်ဝင်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အမြင်အာရုံဝေဝါးခြင်းဟာ ဒီလိုဖြစ်လာရတဲ့ လက္ခဏာများထဲမှ တချက် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ အစက်အပြောက်လေးတွေ ပေါလောမျောနေသလို မြင်နေရပြီး ညဖက်တွေမှာ မမြင်နိုင်တာတွေ ဖြစ်လာပါတယ်။
အမြင်အာရုံဝေဝါးခြင်းဟာ ရေတိမ်ရောဂါရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ အဲဒီရောဂါဟာ မျက်လုံးအတွင်းဖိအားများလို့ အမြင်အာရုံကြောထိခိုက်ပြီး ဖြစ်လာရခြင်းပါပဲ။ အမျိုးသားမျက်စိသိပ္ပံရဲ့ အဆိုအရ ဆီးချိုရောဂါရှိရင် ရေတိမ်ဖြစ်လာနိုင်ခြေက တခြားအရွယ်ရောက်ပြီးသူများရဲ့ ၂ဆ ရှိပါတယ်။ ရေတိမ်ရဲ့ အခြားလက္ခဏာတွေကတော့
- မြင်ကွင်းနံဘေးပိုင်း အမြင်ချို့ယွင်းခြင်း (သို့) အမြင်ကျဉ်းမြောင်းခြင်း
- အလင်းရောင်များတဝိုက် ရောင်စဉ်တန်းများ၊ အလင်းကွင်းများ မြင်နေခြင်း
- မျက်လုံးအိမ်နီရဲခြင်း
- မျက်လုံးအိမ်အောင့်ခြင်း
- ပျို့အန်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။