backup og meta

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

    ကိုဗစ်ကာလ အိမ်မှာနေရတာ များတော့ ရှေ့ဆုံးက တိုးတက်လာမယ့်အရာတွေထဲမှာ ဗိုက်ခေါက်လေးလည်း ပါတယ်နော်။ မယုံရင် ထိုင်နေရင်း ရှေ့ကို ခါးလေး နည်းနည်းကိုင်းငုံ့ကြည့်လိုက်ပါဦး။ Stay Home အတွင်း အရင်ထက်တော့ စူထွက်လာတဲ့ ဗိုက်ကလေးကို တွေ့ရလိမ့်မပေါ့။

    သိပ်များ ဝနေလို့လား

    မဟုတ်ရပါဘူး။ ဝတဲ့သူရော၊ ပိန်တဲ့သူရော ဗိုက်အဆီက ရှိလာနိုင်ပါတယ်။ စားစရာတွေ မှာစားမယ်၊ အိမ်မှာ မုန့်တွေ လုပ်စားမယ်၊ အပြင်မသွားရဘူး၊ လှုပ်ရှားမှုနည်းမယ် ဆိုတော့ Stay Home ကာလကြီးက ဗိုက်ကလေး ထွက်လာဖို့ ကွက်တိပဲပေါ့လေ။

    ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ ယူတို့ အားကိုးကြတဲ့ GYM တွေလည်း သွားလို့မရတဲ့အချိန်လေ…

    ဗိုက်၊ ခါးပျောက်မှာ စိုးကြောက်စရာလား

    မစိုးရိမ်ပါနဲ့။ ဒီအချက်လေးတွေ ဂရုစိုက်ရင် ဗိုက်ချပ် ကျန်းမာပြီး ဗိုက်အဆီ ကြောင့်ဖြစ်မယ့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို ရှောင်နိုင်ပါလိမ့်မယ် –

    (၁) လေ့ကျင့်ခန်းလုပ်ပါ။

    လေ့ကျင့်ခန်းတွေကို တနေ့အနည်းဆုံး မိနစ်နှစ်ဆယ်ကနေ နာရီ၀က်လောက် လုပ်ပေးရင် ကိုယ်စားထားတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ Youtube ဗီဒီယိုတွေထဲက workout လေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။

    (၂) အိပ်ရေးဝအောင် အိပ်ပါ

    အိပ်ချိန် နည်းလွန်းရင် သို့မဟုတ် များသွားရင် ဗိုက်အဆီပိုတက်တယ် လို့ဆိုပါတယ်။ အကောင်းဆုံးက တစ်ရက်ကို အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြား ရှိရပါမယ်။

    အိမ်မှာပဲမို့ ညဘက်မအိပ်တာ၊ နေမြင့်မှ အိပ်ရာထတာလို အိပ်ချိန်မမှန်တာမျိုး သတိထားပါ။ စောစောအိပ်ပါ၊ အိပ်ချိန်မတိုင်ခင် အရင်အနားယူဖြေလျှော့ပါ၊ အိပ်ချိန်မှာ ဖုန်းပွတ်မနေနဲ့တော့ပေါ့။

    (၃) စိတ်သောက တွေကို လျှော့ပါ

    ဒီအချိန်မှာ စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ အတွေးတွေ ပိုများတတ်ပါတယ်။ စိတ်ဖိစီးမှု ရှိနေရင် အဆီတွေ၊ အချိုတွေ ပိုစားမိမယ်၊ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောတွေကြောင့် ဗိုက်အဆီတက်မယ်။ စိတ်ကညစ်နေတဲ့အခါ အိပ်လည်းမပျော်၊ လှုပ်ရှားမှုလည်းမလုပ်ဖြစ်၊ အထိုင်များနေမယ်ဆိုတော့ အဆီပိုတက်နိုင်တယ်။

    စိတ်အပန်းပြေမယ့်အရာတွေရှာပါ၊ ဝါသနာပါတာလေးတွေ လုပ်ကြည့်ပါ၊ သီချင်းတွေ နားထောင်ပါ၊ စိတ်ကို ပြေလျော့စေမယ့် နည်းလမ်းတွေ လုပ်ကြည့်ပါ။

    (၄) အမျှင်ဓာတ် ပါတဲ့အစားအစာ ပိုစားပါ

    အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓာတ်များတာတွေ စားပေးလို့ရတယ်။ ပန်းသီးလို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ စားပါ၊ ကြိတ်ပြီး ဖျော်ရည်လုပ်သောက်ပါ (အချိုတော့ထပ်မကဲနဲ့ပေါ့)။

    အမျှင်ဓာတ်က ဗိုက်ပြည့်တင်းတိမ်စေပြီး ဆာလောင်မှုကို ဟန့်တားပေးပါတယ်။ အစာခြေစနစ် အတွက်ကောင်းပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

    (၅) လမ်းလျှောက်ပါ။

    အိမ်ထဲမှာလည်း လမ်းလျှောက်လို့ ရပါတယ်။ လမ်းလျှောက်စက် ရှိဖို့ မလိုပါဘူး။ အိမ်ရှေ့နဲ့ နောက်ဖေး လျှောက်လည်း လမ်းလျှောက်တာပါပဲနော် (မီးဖိုခန်းထဲ မုန့်ပြေးပြေးစားတာတော့ မလုပ်နဲ့ပေါ့)။  တစ်နေ့ကို နာရီ၀က်လောက် လမ်းလျှောက်ပေးရင် အဆီကျ ဗိုက်ချပ်စေတဲ့အပြင် အကြောအခြင် တောင့်တင်းတာတွေပါ သက်သာစေနိုင်ပါတယ်။

    (၆) ကယ်လိုရီတွေ လျှော့စားပါ။

    အတိုချုပ် ပြောရရင် အစားဆင်ခြင်ဖို့ ပါပဲ။ ပျင်းတိုင်း မစားဖို့၊ အိပ်ရေးပျက်လို့ သို့မဟုတ် စိတ်ဖိစီးလို့ ပိုစားတာမိတာမျိုးကို ထိန်းဖို့၊ မဆာဘဲ မစားဖို့၊ အဆီများတာတွေ မစားဖို့၊ အလွန်အကျွံမစားဖို့ အရေးကြီးပါတယ်။

    အစားကို လိုသလောက် ချင့်စားပါ။ ကယ်လိုရီ များမယ့် အစားအစာတွေကို တစ်ခါတည်း စုပြုံမစားချပါနဲ့။ ဒီကာလမှာ အရင်လောက် ကိုယ်လက်လှုပ်ရှားမှု မများတာမို့ အရင်လောက် အစာမကြေနိုင်၊ မလောင်ကျွမ်းနိုင်လို့ပါ။ ဘာမဆို ဉာဏ်နဲ့ ယှဉ်လို့ ထိန်းနိုင်ကြပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement