backup og meta

ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်


Ye Myo Myat မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်

    လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကိုယ့်မျက်နှာကို တစ်နာရီအတွင်း အနည်းဆုံး ၁၆ ကြိမ်ခန့် ထိတွေ့ပွတ်သပ်နေတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါ။ ကိုယ့်မျက်နှာကို ထိတာပဲ၊ ဘာမှ ပြဿနာ ကြီးကြီးမားမား ရှိလာစရာ အကြောင်းမှ မရှိတာလို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တမ်းက နောက်ဆက်တွဲ အန္တရာယ်တွေ အများကြီးရှိပါတယ်။

    ဥပမာ ပြောရမယ်ဆိုရင် လူတွေ ထိတွေ့ကိုင်တွယ်မှု အများဆုံး မျက်နှာပေါ်က အစိတ်အပိုင်းကို ပြောပါဆိုရင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ကိုယ့်ရဲ့ လက်ချောင်းတွေနဲ့ လက်သည်းတွေကြားမှာ အမြဲတမ်း ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတတ်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေကို မဆေးကြောဘဲ မျက်နှာအစိတ်အပိုင်းတွေကို သွားထိရာကနေ ကိုယ်ခန္ဓာထဲ ဝင်လာပြီး ရောဂါပိုးတွေ ကူးစက်ခံရတာတော့ပေါ့။

    အခု တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဆင့်ရှိ ကိုရိုနာ ပြင်းထန် အဆုတ်ရောင်ရောဂါ (COVID-19) သည်လည်း အရာဝတ္ထုတွေပေါ်က ကပ်ငြိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေ လက်နဲ့ ကပ်ပါလာရာမှ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်သွားပြီး ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ ရိုးရိုးထိတာ ဘာမှ ပြဿနာမရှိဘူးလို့ ထင်နေလို့တော့ မရတော့ပါဘူးနော်။

    အဓိက ဒီအချက်တွေကို သိထားပြီး လိုက်နာပေးပါ။

    ၁။ အပြင်က လာတဲ့ ရောဂါပိုးမွှားတွေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ခြင်းရဲ့ တရားခံသည် လက်ကနေ တစ်ဆင့် ဖြစ်ပါတယ်။ လက်က အရာဝတ္ထုပေါင်းစုံ ကိုင်နေရသလို၊ နေရာပေါင်းများစွာ သွားလာနေရတာ၊ လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနေရတာ ဖြစ်တဲ့အတွက် လက်ချောင်း၊ လက်သည်းတွေ ကြားမှာ ရောဂါပိုး ပေါင်းစုံ ကပ်ငြိနေနိုင်ပါတယ်။

    ၂။ ဒါကြောင့် ဘာပဲ ကိုင်ပြီးတိုင်း၊ အပြင်ကနေ ပြန်လာတိုင်း လက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောပေးဖို့ မမေ့ပါနဲ့။ ဒီနည်းလမ်းက ရောဂါပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပါ။

    ၃။ အကယ်လို့ ကိုယ်က အပြင်ရောက်နေတယ်၊ ဒါမှမဟုတ် အစည်းအဝေးခန်းထဲမှာ မို့လို့ အိမ်သာသွားပြီး လက်ဆေးလို့ မရဘူးဆိုရင် အလွယ်တကူ အသုံးပြုလို့ ရတဲ့ လက်သန့်စင်ဆေးရည်တွေ ဆောင်ထားပေးပါ။ ဘူးသေးတာကြောင့် သွားလေရာ သယ်သွားလို့ ရသလို ကိုယ့်ရဲ့ အလုပ်စားပွဲမှာလည်း တင်ထားလို့ ရပါတယ်။

    ၄။ မျက်နှာကို မကိုင်ခင်မှာ လက်ကို အမြဲတမ်း အရင်ဆေးပါ။ ပြီးတော့မှ ကိုင်တွယ် ပွတ်သပ်ပါ။ ဒါမှမဟုတ် တစ်သျှူးတစ်ခုခု သုံးပြီး မျက်နှာကို ပွတ်သပ်တာမျိုး လုပ်လို့ ရပါတယ်။

    ၅။ အပြင်ထွက်ရင် Mask တပ်သွားပါ။ ကိုယ့်မျက်နှာကို လက်နဲ့ မထိမိအောင်၊ Mask ကို ဖွင့်ဟပြီး မကုတ်မိအောင်လည်း ဂရုစိုက်ပါ။

    ၆။ မျက်နှာကို လက်နဲ့ ပွတ်ထိနေတတ်တဲ့ အကျင့် ပျောက်သွားအောင် သွားလေရာမှာ လက်အိတ် စွပ်ထားပေးလို့လည်း ရပါတယ်။ လက်အိတ်စွပ်ထားခြင်းဖြင့် ကိုယ့်မျက်နှာကို ကုတ်လို့ မဖြစ်ဘူး၊ ဒီလက်အိတ်နဲ့ဆို ကုတ်လို့ မလွယ်ဘူးဆိုတဲ့ အတွေးတွေ ဝင်လာနိုင်ပါတယ်။

    တစ်ခါတလေမှာ ကိုယ်မထင်မိလိုက်ဘဲ လုပ်လိုက်တဲ့ အပြုအမူလေး တစ်ခုက ကိုယ့်ဘဝကို ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်စေနိုင်တယ်ဆိုတာ လုံးဝမမေ့လိုက်ပါနဲ့နော်။ ဒီလို အချိန်မျိုးမှာ ကိုယ်အပါအဝင် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ပေးဖို့ အချိန်တန်နေပါပြီ။ အားလုံးပဲ ခုလို ကပ်ဘေးအခြေအနေမှာ တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တွေကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement