backup og meta

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

    (ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်)

    ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီး antibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေက ရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။

    ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်း T cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

    ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။

    အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း antibodies က ကိုဗစ်နောက်တစ်ကြိမ်ထပ်မဖြစ်အောင် အနည်းဆုံး (၆) လလောက်ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီသုတေသနကို ကိုဗစ်ကုသရေးမှာ ပါဝင်လုပ်ကိုင်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဧပြီလကနေ နိုဝင်ဘာလအထိ ရက်သတ္တပတ် (၃၀) ကြာမြင့်ခဲ့ ပါတယ်။

    စမ်းသပ်မှုစတင်ချိန်မှာ ကိုယ်တွင်း antibodies ထွက်နေပြီဖြစ်တဲ့ လူ (၁၂၀၀) ကျော်ထဲက (၃) ယောက်ပဲ ကိုဗစ်ဒုတိယအကြိမ်ကူးစက်မှုခံခဲ့ရတာကိုတွေ့ရပြီး (၃) ယောက်စလုံးမှာလည်းရောဂါအကူးခံရပေမဲ့ ဘာလက္ခဏာမှမပြသတာကိုတွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ရဲ့ ပြောကြားချက်အရဆို ကိုဗစ်ဖြစ်ပွားပြီးချိန်မှာထွက်လာတဲ့ antibodies တွေအစွမ်းကြောင့် ရောဂါကူးစက်ခံရသူအများကို အနည်းဆုံး (၆) လလောက်တော့ ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ သုတေသနအသစ်ဖြစ်တာကြောင့် အသေးစိတ်လေ့လာ မှုတွေကိုတော့စောင့်ကြည့်ဖို့လိုပါသေးတယ်။

    အမေရိကန်နိုင်ငံက အရီဇိုးနားတက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ သုတေသနကလည်း အားရဖို့ကောင်းပါတယ်။ လူပေါင်း (၆၀၀၀) နီးပါးနဲ့ ပြုလုပ်ခဲ့တဲ့ ဒီသုတေသနရလဒ်အရ ကိုဗစ်ရောဂါဟာ နောက်တစ်ကြိမ်ဖြစ်ပွားနိုင်ခြေနည်းပါးပြီး ပထမအကြိမ်ကိုဗစ်ကူးစက်ခံရချိန်က ထွက်လာတဲ့antibodies တွေက  ခန္ဓာကိုယ်ထဲမှာအနည်းဆုံး (၅)လကနေ (၇)လလောက်အထိ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    နောက်ထပ်စိတ်ဝင်စားစရာ အချက်တစ်ခုက ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ခံစားရသူတွေမှာ antibodies ပမာဏပိုများများထွက်ပြီး အချိန်ပိုကြာကြာ ကာကွယ်ပေးနိုင်တာကိုတွေ့ရတဲ့အတွက် ဒီလူတွေမှာဒုတိယအကြိမ်ကူးစက်ခံရရင်တောင်သိပ်ပြင်းထန်မှု မရှိနိုင်တော့ဘူးလို့ဆိုပါတယ်။ ကိုဗစ်ကိုခုခံနိုင်စွမ်းကကိုယ်တွင်း antibodies ပမာဏနဲ့ပဲသက်ဆိုင်ပြီး အသက်အရွယ်၊ ကျား/မ စတဲ့အချက် တွေနဲ့မဆိုင်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

    အိုက်စ်လန်နိုင်ငံမှာလည်း အလားတူသုတေသနပြုလုပ်ခဲ့ပြီး သူတို့ကတော့ ကိုဗစ် antibodies တွေက အနည်းဆုံး (၄) လခံတယ်လို့ဆိုပါတယ်။ ဒီသုတေသနတွေက ကိုဗစ် antibodies တွေနဲ့ပတ်သက်လို့ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ သုတေသနတွေ ဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကလည်း သုတေသနကိုယ်စီ အပြိုင်အဆိုင်လုပ်ဆောင်နေကြဆဲပါ။

    ဘယ်လိုပဲပြောပြော ကိုဗစ်တစ်ကြိမ်ကူးစက်ခံရပြီးရင် အနည်းဆုံး (၆) လလောက်ပြန်မဖြစ်နိုင်ဘူးဆိုတာသိရတာလည်း စိတ်သက်သာရာရစေတဲ့အချက်တစ်ချက်ပါပဲ။ ရောဂါတစ်ခုကို တစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်လုံးဝထပ်မဖြစ်အောင် ကာကွယ်ဖို့ဆိုတာ ကိုယ်ခံအားနဲ့ antibodies ကိုချည်းအားကိုးလို့လည်းမဖြစ်ပါဘူး။ ဒီလိုဆိုရင် နှစ်တိုင်းတုပ်ကွေးကာကွယ်ဆေးထိုးဖို့တောင် မလိုအပ်တော့ပါဘူး။ ဒါကြောင့် ကိုဗစ်ကိုအပြည့်အဝကာကွယ်နိုင်ဖို့ ကိုယ်ခံအားအပြင် အစွမ်းထက်တဲ့ကာကွယ်ဆေးလည်း လိုအပ်ပါတယ်။

    ဒီအချက်တွေအကုန်ပြည့်စုံမှ လူထုကိုယ်ခံအား (Herd immunity) ရရှိသွားမှာဖြစ်ပြီးရောဂါကို ထိန်းချုပ်နိုင်သွားမှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေအနည်းဆုံး ၅၀% ကနေ ၇၀% လောက်အထိ ကာကွယ်ဆေး ထိုးထားနိုင်မှ လူထုကိုယ်ခံအားရရှိသွားနိုင်မှာဖြစ်ပါတယ်။ ဒါတောင်မှ နှာခေါင်းစည်း (mask) တပ်တာ၊ လက်ဆေးတာနဲ့ လူစုလူဝေးရှောင်ရှားတာတွေကို အချိန်တစ်ခုထိ ဆက်ကျင့်သုံးဖို့လိုအပ်နိုင်ပါတယ်။

    လတ်တလောထွက်ပေါ်လာတဲ့ ကိုဗစ်ကာကွယ်ဆေးသတင်းတွေကလည်း အားတက်စရာကောင်းပါတယ်။ ၉၀% ကျော် ထိရောက်မှုရှိတဲ့ဆေးတွေဖြစ်တာကြောင့် လူဦးရေလုံလောက်အောင်သာ ထိုးပေးနိုင်ရင်ရောဂါ ထိန်းချုပ်ရေးကိုအများကြီးအထောက်အပံ့ဖြစ်စေမှာပါ။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးအစွမ်းက အချိန်ဘယ်လောက်ကြာကြာ အထိကာကွယ်မှုပေးနိုင်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။

    Dr. Htoo Tint

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement