home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား

တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်စေသလား

အမျိုးသားများ တက်စတိုစထရုန်းဟော်မုန်း အစားထိုးကုသခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆိုကြပါတယ်။ တက်စတိုစထရုန်းဟာ ကျားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသမီးတွေဆီမှာလည်း တက်စတိုစထရုန်းထုတ်လုပ်တာ ရှိပါတယ်။ ဒါပေမယ့် ပမာဏ နည်းပါးပါတယ်။

တက်စတိုစထရုန်းဟာ အမျိုးသားတွေအတွက် အောက်ပါကိစ္စရပ်တွေမှာ အသုံးဝင်ပါတယ်။

သုက်ပိုးထုတ်လုပ်ပေးခြင်း

ကြွက်သားများနှင့်အရိုး၏ ထုထည်တောင့်တင်းစေခြင်း

– မျက်နှာနှင့် ကိုယ်ခန္ဓာအမွေးအမျှင်များ ပေါက်လာစေခြင်း

လိင်စိတ်လှုံ့ဆော်ပေးခြင်း

– သွေးနီဆဲလ်များထုတ်လုပ်ပေးခြင်း

တက်စတိုစထရုန်းဆေးပေးကုသခြင်းဟာ အဆိုပါဟော်မုန်းနည်းပါးနေတဲ့ အမျိုးသားများအတွက်တော့ လိင်မှုစွမ်းရည်ကို တိုးမြှင့်ပေးပြီး ဘဝရဲ့အရည်အသွေးကို မြှင့်တင်ပေးခြင်းတမျိုးပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ တက်စတိုစထရုန်းဟာ ဆီးကျိတ်ကင်ဆာကို ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ ယူဆလာကြပါတယ်။

တက်စတိုစထရုန်းနဲ့ ဆီးကျိတ်ကင်ဆာကြားက ဆက်နွယ်မှုကို ၁၉၄၀ ဝန်းကျင်လောက်ကတည်းက တွေ့ရှိခဲ့ကြပါတယ်။ တက်စတိုစထရုန်းဟော်မုန်း လျော့နည်းသွားတဲ့အခါ ဆီးကျိတ်ကင်ဆာ ကြီးထွားမှုလျော့နည်းသွားတတ်ကြောင်း တွေ့ခဲ့ကြပါတယ်။ ဒါ့အပြင် တက်စတိုစထရုန်း ဟော်မုန်းပေးပြီး ကုသမှုတွေမှာလည်း ဆီးကျိတ်ကင်ဆာ ကြီးလာတတ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာတော့ တက်စတိုစထရုန်းနည်းပါးသူတွေမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်လာတတ်ကြောင်း တွေ့ရှိလာရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆိုရင် တက်စတိုစထရုန်း ပမာဏနဲ့ ဆီးကျိတ်ကင်ဆာအကြား ဆက်စပ်မှုမရှိကြောင်း သိရပါတယ်။ ဆီးကျိတ်ကင်ဆာကို ဖြစ်နိုင်ခြေ မမြင့်စေသလို ဖြစ်ပြီးသားလူနာတွေမှာလည်း ပိုမိုဆိုးရွားစေခြင်း မရှိဘူးလို့ သိရှိရပါတယ်။

၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ တက်စတိုစထရုန်း အစားထိုးကုသခြင်းဟာ PSA ပမာဏကို မြင့်တက်စေခြင်း မရှိဘူးလို့ ဆိုပါတယ်။ PAS ဆိုတာကတော့ ဆီးကျိတ်ကင်ဆာရှိသူတွေရဲ့ သွေးထဲမှာတွေ့ရတတ်တဲ့ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။

တက်စတိုစထရုန်းအစားထိုးကုထုံးဟာ ဆီးကျိတ်ကင်ဆာ ပြဿနာရှိသူတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိမရှိဆိုတာ အငြင်းပွားနေဆဲ ကိစ္စရပ်ဖြစ်ပါတယ်။ ဒီအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနများစွာ ပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ သုတေသီတချို့ကတော့ တက်စတိုစထရုန်းကုထုံးဟာ တက်စတိုစထရုန်းနည်းပါးနေပြီး ဆီးကျိတ်ကင်ဆာ ကုသမှုကို အောင်မြင်ပြီးဆုံးခဲ့တဲ့ လူတွေအတွက် ဘေးကင်းစိတ်ချရမှု ရှိပါတယ်။ နောက်ထပ်မံဖြစ်ပွားနိုင်ခြေလည်း မရှိပါဘူး။

ဘယ်အရာတွေက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်စေသလဲ

ဆီးကျိတ်ကင်ဆာအပေါ် တက်စတိုစထရုန်းရဲ့ သက်ရောက်မှုကို အငြင်းပွားဖွယ်ရာ ရှိနေသေးပေမယ့်အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကတော့

အသက်အရွယ်။ အသက်ကြီးလေ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလေဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ၆၆ နှစ်ဖြစ်ပြီး အများစုကို ၆၅ နဲ့ ၇၄ နှစ်အရွယ်အတွင်းမှာ တွေ့ရတတ်ပါတယ်။

မိသားစုရာဇဝင်။ ဆီးကျိတ်ကင်ဆာဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မိသားစုတွင်း ဖြစ်ပွားဖူးသူရှိရင် ဖြစ်နိုင်ခြေနှစ်ဆရှိပါတယ်။ မျိုးရိုးဗီဇနဲ့ နေထိုင်မှုပုံစံတွေကို သက်ရောက်မှု ရှိပါတယ်။

လူမျိုး။ အဖရိက-အမေရိက အမျိုးသားတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမြင့်ပါတယ်။

အစားအသောက် အဆီများများ၊ ကာဘိုဟိုက်ဒရိတ်များများ စားတတ်သူတွေမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။ အဆင့်ဆင့်ပြုပြင်လွန်းတဲ့ အစားအသောက်တွေကို စားသောက်သူတွေမှာလည်း ဖြစ်နိုင်ခြေ မြင့်ပါတယ်။

နိဂုံး

တက်စတိုစထရုန်းပမာဏနဲ့ ဆီးကျိတ်ကင်ဆာကြားက ဆက်နွယ်မှုကို ခိုင်မာစွာ ဆက်စပ်ပြနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်စေတဲ့အကြောင်းအရာတွေကို သတိပြုပြီး တက်စတိုစထရုန်းသုံးစွဲရာမှာ သတိပြုဖို့ လိုပါတယ်။ နားလည်တတ်ကျွမ်းသူ ဆရာဝန်များနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 15/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။